News

POST TYPE

RELAX

La mer à l'aube
21-Nov-2016

ရုပ်ရှင်ခံစားမှု

ပင်လယ်ပြင်က လှိုင်းတံပိုးလေးတွေ လှုပ်ရှားနေပုံကို မြင်နေရသည်မှာ တရွေ့ရွေ့ မောင်းနှင်လာသည့် ဘတ်စ်ကားအိုကြီး တစ်စီးနှင့် ဆင်တူသည်။ ဖြေးညင်းစွာဖြင့် ကမ်းရှိရာဆီ တွန့်ခေါက်လွန့်လူးလျက် ပြေးလာကြသည်။ ကမ်းခြေရောက်ပြန်သည့်အခါ ကွဲပြိုသွားသော်လည်း နောက်ထပ် လှိုင်းကလေးတွေကတော့ အားကြိုးမာန်တက် ရောက်ရှိလာဆဲပင်။ ပင်လယ်သည် ခက်ထန်လွန်းသည် ဆိုသည့် စကားကို မကြားဘူးသေးသည့် ကလေးငယ်တစ်ယောက် အသွင်လိုမျိုး အပြစ်ကင်းနေလေသည်။

ကမ်းခြေဘက်မှာမူ ပင်လယ်နှင့် ဆန့်ကျင်စွာ လူသားတွေ၏ ဒေါသလောဘ အငွေ့အသက်များ ပြည့်နှက်နေသော သွေးနီရောင် မုန်တိုင်းတစ်ခု တိုက်ခတ်တော့မည့် အသွင်ကို ဆောင်နေလေပြီ။

ပင်လယ်ကြီးကမူ စောစောကကာလထက်တောင် ပို၍ ဆိတ်ငိမ်လာသည်ဟု ထင်ရသည်။ လူသားများ၏ ထွက်သက်ဝင်သက် ရိုက်ခတ်သံများကို နားစွင့်နေမလို့လား။ သနားကရုဏာသက်မလို့လား။ ယင်းသို့မဟုတ်လျှင် ကြိတ်၍ ရယ်မောနေမလို့လား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိနိုင်ပေလိမ့်မည်။

အချိန်ကာလကား ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန် ဂျာမန်နာဇီတပ်များ ဥရောပတစ်ဝိုက်တွင် အသာစီးရနေသည့် ကာလ ဖြစ်လေသည်။ ပြင်သစ်နိုင်ငံကို ဂျာမန်တို့ အနိုင်ရ စီးမိုးထားသည့်အချိန်။ ဂျာမန်အစိုးရ အရာရှိများသည် ပြင်သစ်နိုင်ငံက အရာရှိများ ဝန်ကြီးများနှင့် တွဲဖက်၍ နိုင်ငံကို အုပ်ချုပ်လျက်ရှိသည်။

နိုင်ငံအနှံ့အပြားရှိ ကွန်မြူနစ်ပါတီဝင်တွေ အခြားတက္ကသိုလ် ကျောင်းသားတွေ အလုပ်သမား ပညာရှင်များ အားလုံးကလည်း ကျရာနေရာကနေ တော်လှန်ကြဆန္ဒပြကြသည်။

ထို့ကြောင့် ဂျာမန်အစိုးရက တော်လှန်သူ နိုင်ငံရေးသမား ကျောင်းသားများကို ဖမ်းဆီးထောင်ချထားလေသည်။ အဲဒီအဖမ်းခံရသူများထဲတွင် ဆယ့်ရှစ်နှစ်ပင် မပြည့်သေးသော ကျောင်းသားကလေး Môquet လည်း ပါဝင်သည်။ သူနှင့်သူငယ်ချင်းClaude Lalet တို့က ဆန္ဒပြ ကျောင်းသားများထဲတွင် ပါဝင်မိသဖြင့် အဖမ်းခံနေရခြင်း ဖြစ်သည်။ ကျောင်းသားကလေး Môquet က သူလိုဖမ်းဆီးခံနေရသူ အကျဉ်းခန်းမှာ ရှိနေသည့် ကောင်မလေး တစ်ယောက်ကိုလည်း စိတ်ဝင်စား ပိုးပန်းနေလျက်ရှိ၏။ Claude Lalet ကမူ လွတ်ရက်နီးနေပြီ။ ဇနီးချောကလေးကလည်း သူ့ထွက်မည့်ရက်ကို စောင့်မျှော်နေရှာသည်။ လွတ်ရက်စေ့လျှင် လာကြိုမည်ဟု သတင်းပါးထား၏။

ပြင်သစ်နိုင်ငံ အတွင်းက ကွန်မြူနစ် တော်လှန်ရေးသမားများသည် ဂျာမန်အရာရှိ တစ်ယောက်ကို လမ်းမအလယ်တွင် ပစ်ခတ်လုပ်ကြံခဲ့ကြသည်။ ယင်းကိစ္စမှာ ဘာလင်က ခေါင်းဆောင် ဟစ်တလာထံ ပေါက်ရောက်သွားသည်။ ခေါင်းဆောင်ကြီး ဟစ်တလာ အကြီးအကျယ်ပင် ဒေါသဖြစ်သွားလေသည်။ ဂျာမန်အရာရှိများအား လုပ်ကြံသတ်ဖြတ်သူတွေကို သူပဲရစ် မလာခင်အတွင်း ဖမ်းဆီးရမည်။ မဖမ်းဆီးနိုင်ပါက တန်ပြန်စံပြအနေဖြင့် အကျဉ်းစခန်းမှာရှိသည့် နိုင်ငံရေးအကျဉ်းသား 150 ကို သတ်ဖြတ်ရမည်ဟု ပြင်သစ်က ဂျာမန်အရာရှိများဆီ သတင်းပါးလိုက်၏။

ဂျာမန်အစိုးရ အရာရှိများသည် ထိုကိစ္စအား သဘောမကျပါ။ သူတို့၏ ကနဦး ရည်ရွယ်ချက်သည် ပြင်သစ်ပြည်သူများ၏ ယုံကြည်မှုကို ရယူလိုသူများ ဖြစ်သည်။ အခုလိုသာ လုပ်ပြလိုက်လျှင် နိုင်ငံတွင်း ပိုမိုအုံကြွလာတော့မည်။ သို့ရာတွင်မူ အမိန့်ကို လွန်ဆန်နိုင်ခွင့် မရှိပါ။

ကွပ်မျက်မည့် အကျဉ်းသားစာရင်းကို ပြုစုသောအခါ Môquet တို့ပါ ပါဝင်သွားလေသည်။

သူတို့ ဘာဖြစ်လာမလဲ ဆိုတာကိုတော့ ရုပ်ရှင်ကားကိုသာ ရှာဖွေကြည့်ရှုပါဟု တိုက်တွန်းလိုပါသည်။

ယခုရုပ်ရှင်ကားသည် ပြင်သစ်တွင် ဒုတိယကမ္ဘာစစ် ကာလအတွင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဟု ပြောဆိုထားသည်။ La mer à l'aube ဆိုသည့် အဓိပ္ပါယ်မှာ ဆိတ်ငြိမ်သော ပင်လယ်ဟု အဓိပ္ပါယ်ရသည်။

ကျွန်တော်တို့အားလုံး သေခြင်းတရားကို မည်ကဲ့သို့ ခံယူထားကြပါသနည်း။ မတော်တစ်ဆ ထိခိုက်မှု တစ်ခုကြောင့် ဖြစ်စေ။ တစ်စုံတစ်ယောက်၏ ညှင်းပန်းနှိပ်စက်မှုကြောင့် ဖြစ်စေ။ သက်တမ်းရင့်လို့ အိုနာသေခြင်းမျိုးပဲ ဖြစ်စေ။ လူသားတွေ သေကြေနေကြတာကို မြင်တွေ့နေကြရသည်သာ ဖြစ်ပါသည်။ မည်သို့ပင် ဖြစ်စေကာမူ သေခြင်းတရားသည် ကျွန်တော်တို့ထံပါးကို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ သန်စွမ်းကောင်းမွန်နေချိန်တွင် လျင်လျင်မြန်မြန် ရောက်လာမှာ မဟုတ်ဘူးဟူ၍သာ ခံယူထားတတ်ကြသည်။ မေ့ပျောက်ထားကြသည်။ လူသားများတွင် ကိုယ်စီကိုယ်ငှ သတိတရားရှိသည်။ ခန္ဓာကိုယ် ထိခိုက်မှု ဖြစ်လျှင်လည်း ဆေးဝါးများဖြင့် အချိန်မီ ကုသနိုင်ပါက သေဆုံးသွားမည့် အန္တရာယ်ကနေ လွတ်မြောက်သွားနိုင်သည်။ ဥစ္စာကံစောင့် အသက်ဉာဏ်စောင့်ဟု ယုံကြည်ထားသဖြင့် တော်တန်ရုံ အန္တရာယ်ကြုံရုံမျှနှင့် သေဆုံးမှု မရှိနိုင်ဟု ယူဆထားကြသည်။

သေခြင်းတရားသည် မိမိကိုယ်ခန္ဓာ တစ်ခုလုံး ပျက်စီးရပ်တန့်စေတာ ဖြစ်၍ အသည်းခိုက်အောင် နာကျင်ရမှာ သေချာသည်။ ကြိုတင်သိရှိထားခြင်း မရှိပဲ ဘွားခနဲ သေသွားတာမျိုး ဆိုလျှင်တော့ အဲလောက် ခံစားနေရမှာမဟုတ်။ မိမိသန်စွမ်း ကျန်းမာနေလျက်နှင့် မိမိအသက်ပင် ပြန်ပေးရလောက်အောင် ပြင်းထန်သည့် ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန်ထားပါပဲနှင့် လာမည့် အပိုင်းအခြားအတွင်း ပစ်ခတ်သတ်ဖြတ်တော့မည်ဟု ခိုင်လုံစွာ ကြားသိရပြီဆိုလျှင် ကျွန်တော်တို့ တည်ငြိမ်စွာ နေထိုင်နိုင်ပါ့မလား။ ယခုရုပ်ရှင်ထဲက ကျောင်းသားလေးဆိုလျှင် သူ့လွတ်ရက်စေ့ပြီ ဖြစ်သည်။ ကွပ်မျက်တော့မည့်နေမှာ လွတ်မြောက်ပြီဖြစ်၏။ သူ့မိန်းမ ချောချောကလေးကလည်း လာပြီး ကြိုနေ၏။

အမှန်တကယ်ဆို အဲဒီကောင်လေးတွေသည် လူငယ်စိတ်တစ်ခုထဲနှင့် နိုင်ငံရေးနယ်ပယ်တွင် ပါဝင်ခဲ့ခြင်းသာ ဖြစ်၏။ အခြားနိုင်ငံရေးသမားတွေလို သေချင်သေဆိုသည့် ယုံကြည်ချက် ပြင်းထန်မှုလည်း မရှိကြပါ။

ယခုရုပ်ရှင်ထဲတွင် သေခြင်းတရား အဓိပ္ပါယ်ကို သဘာဝအကျဆုံး တင်ပြသွားပါသည်။ နောက် အာဏာရှင်စနစ်၏ ဆိုးရွားစုတ်ပဲ့မှု။ ကျွန်တော်တို့အားလုံးသည် စနစ်ဆိုး ယန္တရားတစ်ခုအောက်တွင် ကျရောက်သွားသောအခါ အပြစ်မဲ့ အကာကွယ်မဲ့သူများသာ အချောင်သေဆုံးရပုံ ကြားညပ်သွားပုံကို ယခုရုပ်ရှင်ထဲတွင် ရှင်းလင်းစွာ မြင်လိုက်ကြရ၏။ ထိုအခါ ဘုရားတွေလည်း ကယ်တင်လို့ မရတော့ပါ။ ရုပ်ရှင်ထဲတွင် သရဏဂုံ တင်ပေးရမည့် ဓမ္မဆရာပင် မတ်တပ်ရပ်ကြည့်နေရလေသည်။

အချိန်မတန်ပဲ သတ်ဖြတ်ညှင်းပန်းခံရခြင်းကို ကျွန်တော်တို့ ဘယ်လိုရှုမြင်မည်နည်။ ဘယ်လိုအဖြေရှာမည်နည်း။

သေတဲ့သူကတော့ သေသွားကြရတာပါပဲ။ သေခြင်းတရားအတွက် ဘယ်သူ့ကို ပုံချတိုင်တည်ရမှာလဲ။ ဖန်ဆင်းရှင်ကိုလား။ မိမိရဲ့ အားနည်းသော လူဖြစ်ခွင့်ကိုလား။ ဆိုးရွားသော ကံအကြောင်းတရားကိုပဲလား။

ကျွန်တော်တို့ နည်းလမ်းအမျိုးမျိုး တစ်ခုမဟုတ် တစ်ခုဖြင့် သေကြအသက်ပျောက်ဦးမှာ သေချာသည်။

အသက်ကလေး ညင်ညင်သာ ထွက်မှာလား။ နှလုံးခုန်သံကလေး သက်တောင့်သက်သာ ရပ်သွားမှာလား။ မချိမဆန့် ရုန်းကန်ခံစားပြီး ခန္ဓာကိုယ်တစ်ခုလုံး၏ နာကျင်မှုကို ခံစားရပြီးနောက် အသက်ပျောက်ရမှာလား ဆိုတာတော့ ကိုယ်တိုင်သေခါကြမှ သိပါမည်။

ညီလင်းအိမ်

ABOUT AUTHOR

(ညီလင်းအိမ်)