News

POST TYPE

RELAX

ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ်လုပ်ရောင်းဝယ်မှု လျော့နည်းရေး အမြန်ဆုံးဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း
01-Jun-2019
ရန်ကုန်၊ ဇွန် ၁

ပြည်သူလူထုအတွင်း ကောင်းကျိုးမရှိဘဲ ဆိုးကျိုးအန္တရာယ်များပြားသည့် ဆေးလိပ်၊ ဆေးရွက်ကြီး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများ လျော့နည်းပပျောက်စေရေးအတွက် သက်ဆိုင်ရာဌာနများအနေနှင့် သင့်လျော်သည့် မဟာဗျူဟာများ အမြန်ဆုံးချမှတ်ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ဆေးလိပ်၊ ဆေးရွက်ကြီးတွင် ပါဝင်သည့် ဓာတုပစ္စည်းများသည် ဆိုးကျိုးများပြီး ယင်းပစ္စည်းများကြောင့် ခန္ဓာကိုယ်တွင် ဇီဝကမ္မဖြစ်စဉ်၊ ဇီဝဓာတုဖြစ်စဉ်နှင့် ဆဲလ်အတွင်းပိုင်းဖြစ်စဉ်များကို ထိခိုက်စေပြီး ရောဂါများစွာဖြစ်ပွားနိုင်ကြောင်း၊ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များတွင် ဆေးလိပ်သောက်ခြင်း၊ သူတစ်ပါးသောက် သုံးသောဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူရှိုက်ရခြင်းကြောင့် ကိုယ်ဝန်ပျက်ခြင်း၊ လမစေ့မီ မွေးဖွားခြင်း၊ မကျန်းမာသော၊ ကိုယ်အလေးချိန်မပြည့်သော ကလေးမွေးဖွားခြင်းများအပြင် ယင်းမွေးဖွားလာသည့် ကလေးများသည် အသက်အန္တရာယ်ရှိနိုင်သည်။

အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ကျောင်းသား ၂၁ ဒသမ ၁ ရာခိုင်နှုန်းနှင့် ကျောင်းသူ ၂ ဒသမ ၄ ရာခိုင်နှုန်းသည် လတ်တလော ဆေးလိပ်သောက်သုံးနေပြီး ကျောင်းသား/ကျောင်းသူ ၄၇ ရာခိုင်နှုန်းသည် အိမ်၌လည်းကောင်း၊ အများပြည်သူဆိုင်ရာ နေရာများတွင်လည်းကောင်း တခြားဆေးလိပ်သောက်သုံး၏ ဆေးလိပ်ငွေ့များကို ရှူရှိုက်နေရကြောင်း Global Youth Tobacco Survey (2016) အရ သိရသည်။

ထို့ပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်လုပ်ရောင်းချမှု အခြေအနေ၊ သုံးစွဲမှုအခြေအနေ၊ ပြည်သူများ၏ဆေးလိပ်နှင့် ဆေးရွက်ကြီးဆိုင်ရာ အသိအမြင်များနှင့်ပတ်သက်၍ အသုံးချသုတေသနများပြုလုပ်၍ ထိရောက်မှုအရှိဆုံး မဟာဗျူဟာလုပ်ငန်းစဉ်များကို မွမ်းမံရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက နေပြည်တော်၌ကျင်းပသည့် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် အဆုတ်ရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါများ အပါအဝင် ရောဂါအမျိုးမျိုးဖြစ်ပွားနိုင်ပြီး ဘဝနေထိုင်မှု အရည်အသွေး ကျဆင်းခြင်း၊ ရောဂါဖြစ်ပွား သူ၏မိသားစုတွင် စိတ်ပူပင်သောကဖြစ်ခြင်း၊ လူမှုစီးပွားရေးဘဝများ ထိခိုက်ဆုံးရှုံးခြင်းများဖြစ်နိုင်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

J-12