News

POST TYPE

RELAX

ဒေါက်တာသက်ဇော်နှင့် တွေ့ဆုံခြင်း
22-May-2019

စိတ်ကစဥ့်ကလျားရောဂါ

စိတ်ကစဥ့်ကလျားရောဂါသည် လူ ၁၀၀၀ တွင် ၅ ယောက်မှ ၇ ယောက်ခန့် ဖြစ်ပွားနိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး ယင်းရောဂါသည် စိတ်ကျရောဂါနဲ့ ဆက်စပ်ဖြစ်ပွားနိုင်သည်။ ပြီးခဲ့သည့်နှစ်အတွင်း ယင်းရောဂါကြောင့် ဆေးရုံသို့ တက်ရောက်ကုသသူ ၂၀၀၀ ကျော်ရှိသည့်အတွက် စိတ်ကျန်းမာရေးဆေးရုံကြီးမှ ကထိက ဒေါက်တာသက်ဇော်နှင့် The Voice Daily က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : စိတ်ကစဥ့်ကလျားရောဂါ ဘာကြောင့်ဖြစ်တာလဲဆရာ။
Dr.TZ : စိတ်ကစဥ့်ကလျားရောဂါဆိုတာ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်တယ်။ အဖေတစ်ယောက်မှာ စိတ်ကစဥ့်ကလျားရောဂါရှိရင် သားသမီးမှာဖြစ်ဖို့က ၁၇ ရာခိုင်နှုန်းလောက်ဖြစ်တယ်။ မိဘနှစ်ပါးလုံးမှာဆိုရင်တော့ သားသမီးများဖြစ်ဖို့ ၄၆ ရာခိုင်နှုန်းလောက်ရှိတယ်။ အမြွာဆိုရင်လည်း အချင်းတစ်ခုတည်း မွေးတဲ့ အမြွာတစ်ယောက်ဖြစ်ရင် နောက်တစ်ယောက် ဖြစ်နိုင်ခြေက ၅၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆောင်ရင် ပြင်းထန်တဲ့တုပ်ကွေးပိုးလို ဗိုင်းရပ်စ်တွေ ကူးစက်ခံရမယ်ဆိုရင် တခြားကလေးတွေထက် ဒီကလေးတွေက ၂ ဆကနေ ၅ ဆအထိ ဖြစ်နိုင်တယ်။ နောက်ပြီး မွေးတဲ့အချိန် မွေးရခက်တဲ့ကလေးတွေ မွေးတာကြာတော့ အောက်ဆီဂျင်ရတာ နည်းပြီး စိတ်ဖောက်ပြန်တဲ့လက္ခဏာရှိနိုင်တယ်။ ဒီ့အပြင် ကိုယ်ဝန်ဆောင်ချိန်မိခင်က မူးယစ်ဆေးတွေ/ အရက်သောက်တာတွေကြောင့်လည်း ဖြစ်နိုင်ခြေရှိပါတယ်။

Voice : စိတ်ကစဥ့်ကလျားရောဂါရဲ့ လက္ခဏာတွေကရော။
Dr.TZ : သူ့ရဲ့လက္ခဏာစုမှာ စိတ်ဖောက်ပြန်တဲ့ လက္ခဏာစုတွေပါမယ်။ သူ့ရဲ့အတွေးအခေါ်/အပြုအမူတွေကလည်း ပုံမှန်မဟုတ်ဘူး။ နိစ္စဓူဝလုပ်ကိုင်တဲ့အလုပ်တွေ၊ လူမှုရေးပိုင်းဆိုင်ရာတွေ အကုန်ပုံမှန်မဟုတ်ဘဲ ပျက်ယွင်းလာရင် စိတ်ကစဥ့်ကလျားရောဂါဖြစ်တယ်။ သူ့ရဲ့ရောဂါစုတွေနဲ့ သီးခြား အချိန်ကာလ သတ်မှတ်ချက်တော့ ပါတာပေါ့။

Voice : ဟုတ်ကဲ့။ သီးခြားလက္ခဏာစုတွေဆိုတာက ဘယ်လိုမျိုးတွေလဲဆရာ။
Dr.TZ : Hallutilation လို့ဆိုတဲ့ လှုံ့ဆော်မှုမဲ့ မြင်ရ၊ ကြားရတယ်ဆိုပြီး ခံစားရတာ၊ ဘယ်သူမှ သူ့ကိုပြောဆိုမှုမရှိဘဲ ကြားနေရတာ၊ တကယ်ကြားနေရတာ။ ဘာမှမရှိဘဲ မျက်စိထဲ မြင်နေရတယ်။ ဘယ်သူကမှ လာလှုံ့ဆော်မှုမရှိဘဲ ထိတွေ့ကိုင်တွယ်တာ ခံစားနေရတယ်။ မှားယွင်းတဲ့ ယုံကြည်မှုလွန်ကဲတာပေါ့။ တချို့ကလည်း သံသယစိတ်ကြီးတာ များတယ်။ တချို့ကျတော့ အပြုအမူ ပုံမှန်မဟုတ်ဘဲ ထူးဆန်းနေတာ၊ နားမလည်တဲ့ အပြုအမူလုပ်နေတာမျိုးတွေ ရှိတယ်။ တချို့က စကားပြောတာတွေက ဘာတွေပြောနေမှန်း မသိဘူး၊ အဆက်အစပ်မရှိပြောနေတာ၊ တချို့ကျပြန်တော့လည်း ဘာမှမပြောဘဲနဲ့ ငြိမ်ငြိမ်ကြီးနဲ့ ခံစားချက်တွေ သိပ်မရှိသလိုဖြစ်တယ်။ စကားလည်း ပြန်မပြောဘူး။ ဘာကိုမှ ပျော်ပျော်ရွှင်ရွှင် မရှိတော့ဘူး။ အခုပြောတဲ့လက္ခဏာတွေထဲက အနည်းဆုံး ၂ ခုလောက်က အချိန်ကာလလည်း ၆ လလောက် ဖြစ်နေပြီး အလုပ်လည်း မလုပ်နိုင်တော့ဘူးဆိုရင် စိတ်ကစဥ့်ကလျားရောဂါဖြစ်မလား စဉ်းစားရမယ့်အချက်ပဲ။

Voice : ဒီရောဂါက ကုသလို့ရနိုင်သလား။
Dr.TZ : ကုလို့ရတယ်။ ဖြစ်နိုင်တာက မျိုးရိုးဗီဇကြောင့်၊ ရုပ်ပိုင်းဆိုင်ရာကြောင့်ဖြစ်နိုင်တယ်။ တစ်ယောက်ချင်းစီမှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေး၊ တွေးခေါ်ပုံ၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုစတာတွေ ပေါင်းပြီးတော့ ဖြစ်တယ်။ ကုတဲ့အခါမှာ ရုပ်ပိုင်းဆိုင်ရာအရ ဆေးတွေပေးကုတယ်။ အတွေးအခေါ်တွေ မှားနေတယ်ဆိုရင် စိတ်ကုထုံး (Psycho Therapy) တွေနဲ့ ကုတာရှိတယ်။ နောက်ပြီး လူမှုရေးပိုင်းမှာ စိတ်ဖိစီးတာဖြစ်လာရင် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ၊ ဘယ်လိုပြုမူနေထိုင်မလဲ၊ ပြဿနာဖြစ်ရင် ဘယ်လိုဖြေရှင်းမလဲဆိုတာမျိုး သင်ပေးတာရှိတယ်။ ရောဂါအနုအရင့်ပေါ်မူတည်ပြီး ကုလို့ရတယ်။ ကုပြီး တချို့က တော်တော်နဲ့ ပြန်မဖြစ်ဘူး။ နောက် ကုရခက်တဲ့သူတွေလည်းရှိတယ်။

Voice : စိတ်ကစဥ့်ကလျားရောဂါက စိတ်ကျရောဂါနဲ့ ဆက်စပ်နေတာလား။
Dr.TZ : စိတ်ကစဥ့်ကလျားရောဂါက စိတ်ကျတာနဲ့ တွဲပါပြီးသား။ ဒီရောဂါအကြောင်းသိပြီး တချို့ကလည်း စိတ်ကျရောဂါတွေ ဖြစ်တတ်တာရှိတယ်။ စိတ်ကစဥ့်ကလျားရောဂါရဲ့ လေးပုံတစ်ပုံလောက်က စိတ်ကျရောဂါလက္ခဏာတွေ ရှိတယ်။ ဒါက ပေးတဲ့ဆေးတွေရဲ့ ဆိုးကျိုးကြောင့်ဖြစ်တာရှိတယ်။ ကိုယ်တိုင် ရောဂါအကြောင်း သိသွားပြီးတော့ ရောဂါကုရ ခက်တယ်ဆိုတာ သိတဲ့အချိန်မှာ ဖြစ်တာရှိတယ်။

Voice : ဆရာ့အနေနဲ့ ဖြည့်စွက်စကားလေး ပြောပေးပါဦး။ 
Dr.TZ : ဒါက မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို အခုနောက်ပိုင်း စိတ်ဖိစီးမှု အရမ်းများတာကြောင့် ဖြစ်နိုင်တယ်။ အဲဒီအချိန် မူးယစ်ဆေးတွေ။ အရက်တွေ သုံးတာကြောင့်လည်း ဖြစ်နိုင်ခြေပိုများလာတာပေါ့။ ဘယ်လိုလက္ခဏာပဲရှိရှိ စောစောစီးစီး ကုသမှုခံရင် ပျောက်ကင်းသွားတာမဟုတ်တောင် သာမန်လူတစ်ယောက်ဖြစ်အောင် ပြန်လုပ်နိုင်တဲ့ရောဂါထဲပါတယ်။ စောစောသိရင် ဒီလိုဖြစ်တာကို ရှက်ပြီး မကုသတာတွေ၊ မပြတာမျိုးတွေ မလုပ်ပါနဲ့လို့ ပြောချင်ပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ