News

POST TYPE

RELAX

စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင် ရဲကားများ တိုက်ခိုက်ခံရ
28-Feb-2019

စစ်တွေ၊ ဖေဖော်ဝါရီ ၂၈

ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာအနီး ရန်ကုန် - စစ်တွေ ကာလမ်းမပေါ်၌ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသောကား စီး တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှသိရသည်။

“မိုင်းပေါက်သံ နှစ်ခေါက်ကြားလိုက်တယ်ပြီးတော့ ပစ်သံတွေ ဆက်တိုက်ကြားရတာပဲ။ ကျွန်တော်တို့လည်းကြောက်ပြီး အခြားရွာတွေကို ထွက်ပြေးရတယ် တစ်ရွာလုံးလိုပဲ”ဟု ပန်းနီလာကျေးရွာသားတစ်ဦးက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရရာ ပန်းနီးကျေးရွာအနီးတွင် ရဲကားနှစ်စီးနှင့် ကျေးရွာအလွန်းမှာ ရဲ(ပွိုင့်)ကားတစ်စီး၊ အိမ်စီးဆလွန်ကားတို့တွင် ကားမှန်များ၌ ကျည်ဆံရာများ မြင်တွေ့ရကြောင့် ပွိုင့်ကားဆိုလျှင် မီးရှို့ခံထားရသည့်အလားသဏ္ဍဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါကားများသည် ကျောက်တော်ဘက်မှ စစ်တွေသို့အလာတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိသော်လည်း ထုတ်ပြန်၍မရသေးကြောင်း ရခိုင်ပြည်နယ်ရဲတပ်မှူး ရဲမှူးကြီးကြည်လင်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိလိုလျှင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လာရန်ခေါ်ဆိုသဖြင့် The Voice Daily မှသွားရောက်ခဲ့ရာ အလုပ်မအားသေးကြောင်း ပြောဆို၍ မသိရှိခဲ့ရပေ။

ပန်းနီလာကျေးရွာသားများသည် တိုက်ပွဲဖြစ်ပွားသည့်အချိန်၌ ကြောက်လန့်စိုးရိမ်ကာ ဘေးလွတ်ရာကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသော်လည်း ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အချို့ ပြန်လည်ရောက်ရှိနေကြပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

သက်ဆိုင်ရာက ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခြင်းများ မရှိသေးသော်လည်း ရသေ့တောင်မြို့နယ် မင်းဖူးကျေးရွာ၊ သမီးလှကျေးရွာတို့၌ ဖြစ်ပွားခဲ့သလို ပန်းနီလာကျေးရွာမှာလည်း ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

အလားတူ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာအနီး စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင် ဖေဖော်ဝါရီ ၇ ရက်နေ့ကလည်း တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသည်။

R-22