News

POST TYPE

RELAX

ပုဂံမြို့သစ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မီးလောင်
17-Feb-2019

မန္တလေး၊ ဖေဖော်ဝါရီ ၁၇

ပုဂံမြို့သစ် မင်းနန်သူကျေးရွာ လေးမျက်နှာဘုန်းကြီးကျောင်းတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပုဂံမြို့ အရံမီးသတ်တပ်ဖွဲ့ ထောက်ပံ့ရေးကော်မတီထံမှ သိရသည်။

“ပုဂံလေးမျက်နှာဘုရား အနောက်ဘက်တံတိုင်းနဲ့ကပ်လျက် ဘုန်းကြီးကျောင်းက တံတိုင်းကပ်လျက် အဆောင်ပါသွားတယ်။ နဂိုကလည်း ရေနံချေးတွေ သုတ်ထားတော့ လောင်ကောင်းတာပေါ့။ ရှေးဟောင်းကျောင်းမဟုတ်ဘူး။ အဆောင်သစ်ပါ”ဟု ပုဂံမြို့ အရံမီးသတ်တပ်ဖွဲ့ ထောက်ပံ့ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်နုက ပြောကြားသည်။

လျှပ်စစ်ဝါယာရှော့မှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညောင်ဦးနှင့် ပုဂံနယ်မြေတို့မှ မီးသတ်ယာဉ်များဖြင့် ငြိမ်းသတ်ခဲ့ရကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်က မီးလောင်ခဲ့ရာ မွန်းလွဲ တစ်နာရီခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ကြောင်း ပုဂံမြို့ အရံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

လေးမျက်နှာ ဘုန်းတော်ကြီးကျောင်းသည် ၂၀၀၁ ခုနှစ်ကတည်းက တည်ဆောက်ထားသည့် အလျားပေ ၅၀၊ အနံ ၄၈ ပေ၊ အမြင့် ၂၆ ပေခန့်ရှိ အုတ်ညှပ်နှစ်ထပ်ကျောင်းဖြစ်ပြီး သံဃာတော်တစ်ပါးသာ ကျောင်းထိုင်ကြောင်း၊ မီးလောင်မှုကြောင့် လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာမရသကဲ့သို့ ရှေးဟောင်း အဆောက်အအုံများလည်း မထိခိုက်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

M-05