News

POST TYPE

RELAX

ကျော်သူရဲ့ ဘဝမှတ်တမ်းရုပ်ရှင် Walking A Fine Line အမေရိကန်နိုင်ငံရှိ မြို့ကြီးအချို့မှာ ပြသမယ်
27-Jul-2016
ရန်ကုန်၊ ဇူလိုင်၂၆

နာရေးကူညီမှုအသင်း ( ရန်ကုန်)ရဲ့ ဥက္ကဋ္ဌဖြစ်သူ သရုပ်ဆောင် ဦးကျော်သူရဲ့ ဘဝမှတ်တမ်း ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Walking A Fine Line ကို စက်တင်ဘာလအတွင်း အမေရိကန် နိုင်ငံရှိ၊ မြို့ကြီးအချို့မှာ ပြသသွားဖို့ရှိကြောင်း ၎င်းက The Voice ကို ပြောကြားပါတယ်။

''ဒီကားကို ဆီယက်တယ်လ်နဲ့ ဆန်ဖရစ် စစ္စကိုမှာ ပြဖို့ အမေရိကန်အဖွဲ့ တစ်ဖွဲ့က စီစဉ်တာပါ။ တစ်လက်စတည်း L.A မှာ လုပ်မယ့် မြန်မာရုပ်ရှင်ပွဲတော်မှာပါ ပြဖို့ စီစဉ်ဖြစ်သွားတာပါ။ တခြား မြို့တွေမှာ ပြဖို့ကတော့ အဲ့ဒီမှာရှိတဲ့ မြန်မာတွေကနေ စီစဉ်တာပါ။ အမေရိကမှာ ခုနစ်မြို့၊ ရှစ်မြို့လောက်တော့ ပြဖြစ်မယ် ထင်ပါတယ်''လို့ ယင်းမှတ်တမ်း ရုပ်ရှင်ဇာတ်ကားကို အမေရိကန်နိုင်ငံရှိ မြို့ကြီးအချို့မှာ ပြသမယ့် အကြောင်းနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ယင်းမှတ်တမ်း ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ ဆီယက်တယ်လ်မြို့၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ ဆန်ဖရန် စစ္စကိုမြို့တို့မှာ ပြသ သွားမယ့်အပြင် စက်တင်ဘာလ ၁ဝ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပမယ့် မြန်မာရုပ်ရှင်ပွဲတော်မှာလည်း ပြသသွားမယ်လို့ သိရှိထားပြီး တခြားမြို့တွေမှာ ပြသမယ့် ရက်တွေကိုတော့ အတိအကျ မသိရှိရသေးကြောင်း ကျော်သူက ပြောကြားပါတယ်။

''ဒီမှတ်တမ်း ရုပ်ရှင်မှာက ရုပ်ရှင်မင်းသား ဘဝကနေ ပရဟိတသမား ဘဝကို ကျွန်တော် ဘယ်လို ရောက်ခဲ့တယ် ဆိုတာကို ရိုက်ပြထားတာပေါ့။ ဒီဇာတ်ကားကိုလွန်ခဲ့တဲ့ ငါးနှစ်ကျော်၊ စစ်အစိုးရ လက်ထက်ကတည်းက ရိုက်ခဲ့ရတာပေါ့။ လွတ်လွတ်လပ်လပ်နဲ့ ရိုက်ရတာ မဟုတ်ဘူး။ အခက်အခဲတွေ မျိုးစုံကြားထဲကနေ ရိုက်ခဲ့ရတာပါ''လို့ ၎င်းက ဆိုပါတယ်။

အဆိုပါ မှတ်တမ်း ရုပ်ရှင်ဇာတ်ကားကိုတော့ အမေရိကန်နိုင်ငံရှိ The World Movement for Democracy အဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ရိုက်ကူးခဲ့တာဖြစ်ပြီး အမေရိကန်၊ ဆွီဒင်နဲ့ ဂျပန်နိုင်ငံတို့မှာ ပြသခဲ့ပြီးတဲ့အပြင် မြန်မာနိုင်ငံမှာတော့ ဇွန်လအတွင်းက ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ပြသခဲ့ပါတယ်။


  • VIA