News

POST TYPE

RELAX

အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး(ဂျီပီ)နှင့်တွေ့ဆုံခြင်း
27-Jul-2016
ကူးစက်မှုမြန်သည့် တုပ်ကွေးရောဂါသည် ယခုရက်ပိုင်းအတွင်း ပိုမို အဖြစ် များလာသောကြောင့် တုပ်ကွေးရောဂါနှင့် ပတ်သက်သည့် ကြိုတင် ကာကွယ်မှုများကို သိရှိစေရန်အတွက် မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ အထွေထွေ ရောဂါကု ဆရာဝန်များအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြင့်ဦး(ဂျီပီ)နှင့် The Voice က တွေ့ဆုံမေးမြန်း ထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီ်း ပြောပြပေးပါဦး။

Dr.MO : တုပ်ကွေးက Influenza ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပေါ့။ ဒီဗိုင်းရပ်စ်က A, B, C ဆိုပြီး သုံးခု ရှိတယ်။ ပြင်းထန်တာက တစ်ခုနဲ့ တစ်ခု မတူဘူး။ ဒီဗိုင်းရပ်စ် သုံးခုကြောင့် ကူးစက်ပြီး ရလာတာ ဖြစ်တယ်။ တုပ်ကွေးရောဂါ ခံစားနေရသူရဲ့ နှာချေ၊ ချောင်းဆိုးရာကနေ အမှုန် အမွှားလေးတွေက သူ့ရဲ့ ၁ဝ ပေပတ်လည်မှာ လွင့်နေတယ်။ အဲဒါကတစ်ဆင့် ရှူရှိုက်မိရင် ရောဂါကူးစက်သွားပြီ။ အသက်ရှူ လမ်းကြောင်းက ကူးတယ်။ လူ့ကိုယ်ခန္ဓာထဲ ဝင်ဖို့အတွက်ကို နှာခေါင်း၊ ပါးစပ် စတဲ့အပေါ် အသက်ရှူ လမ်းကြောင်းကနေ လည်ပင်းနဲ့လေပြွန်တွေအထိကို ကူးစက်သွားတာပေါ့။

Voice : တုပ်ကွေးရောဂါက ဘယ်လို ကူးစက်နိုင်ပါသလဲ။

Dr.MO : လူငယ်၊ လူကြီး၊ ကလေး လသားလေးတွေကအစ အသက် ၈ဝ၊ ၉ဝ လည်း ဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ပိုးဟာ လေထဲမှာ ရှိနေတယ်။ အထူးသဖြင့် ကိုယ်နဲ့ နီးစပ်တဲ့သူ တစ်ယောက်မှာ တုပ်ကွေးဗိုင်းရပ်စ် ပိုး ရှိနေရင် သူနဲ့ လက်ပွန်းတတီး နေလို့ နှာစေး၊ ချောင်းဆိုးက ကူးတယ်လို့ ဆိုပေမယ့် ထိတွေ့ ကိုင်တွယ်ရာကနေလည်း ကူးတယ်။ ဒါကြောင့် ဘယ်အရာကိုပဲ ကိုင်တွယ်ထား လက်ကို စင်ကြယ်အောင် ဆေးပြီးမှသာလျှင် မျက်နှာ၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်ပါပေါ့။ 

Voice : တုပ်ကွေးရောဂါ လက္ခဏာလေးတွေကို ပြောပြပေးပါဦး။

Dr.MO : တုပ်ကွေးဖြစ်ပြီဆိုရင် ကိုယ်လက် ကိုက်ခဲတာကနေ စတယ်။ နောက်တော့ ဖျားတယ်။ ခေါင်းကိုက်တာတွေ၊ ကြွက်သားနာတာတွေ၊ မျက်လုံးနဲ့ မျက်ရိုး ကိုက်တာတွေ၊ တံတွေးမျိုတဲ့အခါ လည်ပင်းနာခြင်းတွေ၊ လည်ပင်းရှ၊ နာတာတွေ၊ ချောင်းဆိုးတာတွေအပြင် အစားအသောက် ပျက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ဖြစ်ပြီဆိုရင် တစ်ရက်၊ နှစ်ရက် ဖျားတယ်။ ဒီတုပ်ကွေးကို ရာသီတုပ်ကွေး(Seasonal Flu)လို့ ခေါ်တယ်။

Voice : တုပ်ကွေးရောဂါ ဖြစ်ရင် ဘယ်လို လူတွေမှာ ပိုပြီး ခံစားရနိုင်ပါသလဲ။ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုရောဂါတွေ ခံစားရနိုင်ပါသလဲ။

Dr.MO : တုပ်ကွေးကြောင့် လူ အသေအပျောက် မရှိခဲ့ဘူး။ ဆေးရုံတင်ရတာလည်း အင်မတန် ရှားတယ်။ ဘယ်လိုလူတွေမှာ ဆေးရုံတင်ရသလဲ ဆိုရင် နဂိုရှိရင်းစွဲ ရောဂါရှိနေတဲ့သူ တစ်ယောက်က တုပ်ကွေး မိလိုက်ရင် ဥပမာ- ဆီးချို၊ နှလုံး၊ သွေးတိုး၊ အိတ်ချ် အိုင်ဗီ ရောဂါရှိတဲ့သူတွေနဲ့ တခြား နာတာရှည် ရောဂါ ခံစားနေရပြီး အသက်ကြီးတဲ့သူတွေ တုပ်ကွေးမိရင် ခံစားရမယ်။ ကလေးငယ်တွေ အန္တရာယ် ရှိတယ်။ သွေးလွန်တုပ်ကွေးလားလို့ သံသယတွေ ရှိနိုင်တယ်။ ဒါတွေက အန္တရာယ်ရှိတဲ့ အုပ်စုတွေပေါ့။ ကျောက်ကပ် ဆေးတွေ သောက်နေရတဲ့ သူတွေကို ဦးစားပေးပြီးတော့ ကာကွယ်ရေး အစီအစဉ်တွေ လုပ်ရတယ်။ တုပ်ကွေးကို မကုဘဲထားရင်တော့ ဒုတိယအကြိမ် ဖြစ်နိုင်သလို နောက်ဆက်တွဲအနေနဲ့ ဗိုင်းရပ်စ်ကနေ ကြာတော့ ဗက်တီးရီးယားပိုး ဝင်လာပြီး အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ နှာခေါင်းပိတ်ပြီး ကျန်ခဲ့တာတွေ၊ လည်ပင်းနာတာတွေ၊ နားပြည်ယိုတာတွေ၊ အဆုတ် အအေးမိပြီး နမိုးနီးယား ဖြစ်တာတွေ ရှိတယ်။ အဲဒီလူတွေကို တုပ်ကွေး မမိအောင်တော့ ဦးစားပေးရမှာပေါ့။ သူတို့မှာ လက္ခဏာတွေက ပိုပြီး ပြင်းထန်တယ်။

Voice : တုပ်ကွေးရောဂါအတွက် ကာကွယ်ဆေး တွေရှိတယ်လို့ သိရပါတယ်။ ကာကွယ်ဆေး ထိုးမယ် ဆိုရင်ရော ရောဂါအတွက် ထိရောက်မှု ရှိနိုင်ပါသလား။

Dr.MO : တုပ်ကွေး ကာကွယ်ဆေးက နိုင်ငံခြားမှာ ထိရောက်တယ်။ မြန်မာပြည်မှာ သိပ်မထိရောက်ဘူး။ အမေရိကန်လိုနိုင်ငံမှာ မဖြစ်ခင်ကတည်းက ထိုးပေးတယ်။ ခံနိုင်ရည် ရှိတယ်။ ဖြစ်ရင်တောင်မှ မကိုက်ခဲဘူး။ အဲဒီ တုပ်ကွေး ကာကွယ်ဆေးက ဒီနှစ်မှာ ဖြစ်တဲ့ဗိုင်းရပ်စ်ကို ယူမွေးပြီးတော့ ယဉ်ပါးအောင် လုပ်ပြီး လူ့ခန္ဓာကိုယ်ထဲမှာ ထိုးပေးတာ။ ဒါကြောင့် မနှစ်က ဖြစ်တဲ့ဗိုင်းရပ်စ်က ဒီနှစ်ဖြစ်တဲ့ ဗိုင်းရပ်စ်နဲ့ တူချင်မှလည်း တူမှာ။ သူတို့ နိုင်ငံတွေမှာ အသစ်တွေ ထုတ်တာ။ မနှစ်က ကာကွယ်ဆေးကို ဒီနှစ်မှာ လာထိုးရင် ထိရောက်ချင်မှ ထိရောက်မှာ။ ဆေးတွေကို မြန်မာပြည် သွင်းလာတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့တုပ်ကွေးက ဘယ်ဟာမှန်း မသိဘူး။ ဒီဗိုင်းရပ်စ်အတွက် ထုတ်ထားတာ မဟုတ်တဲ့အတွက်ကြောင့် ဒီမှာ ထိုးရင် ၆ဝ ရာခိုင်နှုန်း ထိရောက်တယ်။ ရာခိုင်နှုန်းအပြည့်တော့ မထိရောက်ဘူး။

Voice : တုပ်ကွေးရောဂါ မဖြစ်အောင် ဘယ်လို ကြိုတင် ကာကွယ်မှုတွေ ပြုလုပ်သင့်ပါသလဲ။

Dr.MO : တုပ်ကွေး မဖြစ်ခင် ကာကွယ်ရမယ့် နည်းလမ်းက မိမိလက်ကို မကြာခဏ ဆေးပါ။ နှာခေါင်းစည်းကို သုံးပါ။ လူစုလူဝေးများ ရှိတဲ့နေရာကို မသွားဘဲနဲ့ အစာ ဝလင်အောင် စားပြီး ကိုယ်ခံစွမ်းအား မြင့်အောင် နေထိုင်သင့်တယ်။ ရေဓာတ် မခန်းခြောက်အောင် ရေ ဝဝလင်လင် သောက်ရမယ်။ အိပ်စက် နားနေရမယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးဟာ သုံးမျိုး ရှိတဲ့အတွက် ပြန်ဖြစ်နိုင်တယ်။

Voice : ဆရာအနေနဲ့ တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး ဘာများ ထပ်မံ ဖြည့်စွက် ပြောချင်ပါသလဲ။

Dr.MO : တုပ်ကွေးဖြစ်လို့ ဆေးခန်းကို လာတဲ့အခါ တော်တော်များများက မြန်မြန်ပျောက်ချင်လို့ ဆေးထိုး ပေးဖို့ တောင်းဆိုတယ်။ တုပ်ကွေးက ဆေးထိုးရင်ပဲဖြစ်ဖြစ်၊ ဆေးသောက်ရင်ပဲဖြစ်ဖြစ် အတူတူပါပဲ။ အဲဒီအတွက် မလိုအပ်ဘဲနဲ့ ဆေးထိုး မခံပါနဲ့။ နောက်ပြီး ဆရာ မှာချင်တာက အစာ ဝဝလင်လင် စားပါ။ ရေ နှစ် ပုလင်း ရအောင် သောက်ပါ။ အနားယူပါ။ အကိုက်အခဲ ပျောက်ဆေးကို ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ပါ။ ကိုယ့်ဘာသာ စပ်ဆေးတွေ ဝယ်ပြီး မသောက်ပါနဲ့။ စပ်ဆေးတွေမှာ အန္တရာယ်ရှိတာတွေ ပါတယ်။ အစာအိမ်နဲ့ အရိုးတွေကို စားသွားနိုင်တယ်။ ကျောက်ကပ်ကို ပျက်စီးနိုင်ပါတယ်။ တုပ်ကွေးဖြစ်ပြီးရင် ချောင်းဆိုး ကျန်ခဲ့တာကို စိတ်မပူဘဲ ရေ များများ သောက်ပြီး ကိုယ် လက်လှုပ်ရှားမှု ပိုလုပ်လိုက်ပါ။ နှစ်ပတ်လောက်အထိတော့ ချောင်းဆိုးနိုင်ပါတယ်။ လေပြွန်က ရောင်ပြီး နာလန်ထတဲ့အတွက်ကြောင့် လေကောင်းလေသန့် ကောင်းကောင်း ရှူဖို့ လိုအပ်ပါတယ်။ ရေဓာတ် မခန်းခြောက်ရင် ချောင်းဆိုးတာ သက်သာ သွားပါလိမ့်မယ်။ ဆရာဝန်ကို တိုင်ပင်ပြီး ဆေးကို ထိထိရောက်ရောက် သောက်ရင် နှစ်ရက်၊ သုံးရက်ထက် မပိုဘဲ ပျောက်ကင်းနိုင်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ



  • VIA