News

POST TYPE

RELAX

ဆရာတက္ကသိုလ် ဘုန်းနိုင်၏ သား ဦးဘုန်းတင့်ကျော်နှင့် တွေ့ဆုံခြင်း
27-Jul-2016
တက္ကသိုလ်ဘုန်းနိုင်၏ စာဖတ်ပရိသတ်များအတွက် လူသိနည်းသော ဆရာတက္ကသိုလ်ဘုန်းနိုင်၏ အကြောင်းအရာများကို ပြန်လည်စုစည်းကာ အတ္ထုပ္ပတ္တိစာအုပ် ထုတ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ တက္ကသိုလ် ပါမောက္ခတစ်ဦးအဖြစ် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နှင့် တောင်ကြီး တက္ကသိုလ်များတွင် ဆောင်ရွက်ခဲ့ဖူးသည့် ဦးခင်မောင်တင့် ခေါ် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်သည် ၂ဝဝ၂ ခုနှစ် မေလက ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက် ၇၂ နှစ်ရှိပြီဖြစ်သည်။ တက္ကသိုလ် ဘုန်းနိုင်၏ အတ္ထုပ္ပတ္တိ စာအုပ်ထုတ်ရန် ပြုစုနေ သည့် သားဖြစ်သူ ဦးဘုန်းတင့်ကျော်နှင့် တွေ့ဆုံ၍ မေးမြန်းထားသည်များကို ဖော်ပြလိုက်ရသည်။ ဦးဘုန်းတင့်ကျော်သည်သမိုင်းနှင့် ရှေးဟောင်း သုတေသန ဆိုင်ရာများကို ပြုစုရေးသားနေသည့် စာရေးဆရာ တစ်ဦးလည်း ဖြစ်သည်။

Voice : ပထမဦးဆုံး အနေနဲ့ ဆရာရဲ့ထုတ်ဝေခွင့် ပိတ်ခံထားခဲ့တဲ့ စာအုပ်တွေ ပြန်ထုတ်ဖို့ရှိလား။ ဘယ် နှစ်အုပ်လောက်ကော ပြန်ထုတ်ဖြစ်ခဲ့လဲ။

UPTK :
မထုတ်ခဲ့တဲ့ စာအုပ်တွေကိုတော့ ၂ဝ၁၁ နောက်ပိုင်းမှာ ပြန်ထုတ်ခွင့် ရခဲ့ပါတယ်။ ထုတ်ခွင့် မပြုခဲ့တဲ့ စာအုပ်တွေတော့ လောလောဆယ် မရှိတော့ဘူးပေါ့။ ဟိုတုန်းကတော့ အပိတ်ခံခဲ့ရတယ်။ ညီမလေးရယ် စိုးရိမ်မိ တယ် စာအုပ်ဆိုရင် သုံးကြိမ် ထုတ်ပြီးတော့ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်း တက်ကတည်းက ဒီဝတ္ထုကို ပိတ်ထားလိုက် တာ ၂ဝ၁၁ မှ ပြန်ထုတ်ဝေခွင့် ရတယ်။ ၆၂ ကနေ နှစ် ငါးဆယ်လောက် ပိတ်ထားခဲ့တာပေါ့။ ဘာလို့ ပိတ်ခဲ့လဲ ဆိုတော့ ညီမလေးရယ် စိုးရိမ်မိတယ်မှာ အဓိက နှစ်ချက် ပါတယ်။ တစ်ချက်က ကွန်မြူနစ် အမြင်တွေ။ ကွန်မြူနစ်တွေ ကလည်း မုန်းတယ်။ ကွန်မြူနစ်အသိုင်းအဝိုင်းက ဖုန်းဆက်ပြီး ခြိမ်းခြောက်ကြတယ်။ နောက်တစ်ခုက ဗိုလ်ချုပ်ကြီး နေဝင်း မကြိုက်တာ ဘာပါလဲဆိုတော့ သူကတော့ ကွန်မြူနစ်အမြင်ကိုတော့ ကြိုက်တယ်။ ဒါပေမဲ့ ဖေဖေက ၁၉၄၇ အခြေခံ ဥပဒေကို ထောက်ခံပြီး ရေးထားတယ်။ ပါတီစုံ ဒီမိုကရေစီ အုပ်ချုပ်ရေးကို ထောက် ခံလို့ မကြိုက်ခဲ့ဘူး။ သူတက်ကတည်းက ပိတ်လိုက်တာ ၂ဝ၁၁ ထိပဲ။ နောက်ထပ် ကမ္ဘာကုန် ကျယ်သရွေ့ဝယ်ကို လည်း သူတို့ တော်တော် ပိတ်ခဲ့တယ်။ ကမ္ဘာကုန်ကတော့ ဖေဖေ မဆုံးခင် ၂ဝဝဝ၊ ၂ဝဝ၁ လောက်မှာ ပြန်ထုတ်ဝေ ခွင့် ရခဲ့တယ်။ နောက်ငြိမ်းချမ်းရေးတွေ ပြန်လုပ်နေတဲ့ ကာလမှာကျတော့ ဖေဖေရဲ့ စစ် ဝတ္ထုတွေမှာ သူပုန် ဆိုတဲ့ အသုံးအနှုန်းပါလို့ မကြိုက်ကြပြန်ဘူး။

Voice : ဆရာကြီးက ကိုယ်တွေ့ စစ်ဝတ္ထုတွေလည်း ရေးခဲ့တယ်နော်။ ကျောင်းသား တပ်မတော်မှာ ဝင်တိုက် ခဲ့တာ သူ့စာအုပ်ထဲတွေမှာ တွေ့ရတယ်။

UPTK :
သူ့ကိုယ်တွေ့ စစ်ဝတ္ထုတိုတွေ အများကြီး ရေးသားခဲ့ပါတယ်။ ပြည်တွင်းစစ် နောက်ခံ ဝတ္ထုတွေကို ၁၉၅ဝ၊ ၅၁ လောက်က ဖေဖေကိုယ်တိုင် ဝင်တိုက်ပြီးတော့၊ အဲဒီတုန်းက ရောင်စုံသူပုန် သောင်းကျန်းသူတွေပေါ့။ ရဲဘော်နီ၊ ရဲဘော်ဖြူတွေ၊ အလံဖြူ အလံနီ ဗကပတွေကော၊ KNDO တွေကော၊ အနောက်ဘက်မှာ ဆိုရင်လည်း မူဂျာ ဟစ်ဒင်တွေကော၊ အများကြီးပေါ့။ အဲဒီတုန်းက အစိုးရဘက်က တိုက်ဖို့အတွက် တက္ကသိုလ် ကျောင်းသား တပ်ရင်း ဆိုတာရှိခဲ့တယ်။ အဲဒီမှာ ဖေဖေတို့ ပါခဲ့တယ်။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေ တပ်ထဲ ဝင်ကြတယ်။ အင်းစိန် ထိ KNU တွေက သိမ်းထားပြီ။ တပ်တွေကလည်း မလောက်ဘူး။ တိုင်းပြည် အရေးကြုံနေပြီ အားလုံးက သူပုန်တွေ လက်ထဲမှာ ရောက်နေပြီပေါ့။ အရမ်း အရေးကြီးလာပြီ ဆိုပြီးတော့မှ ကျောင်းသားတွေ ဝင်တိုက်ခဲ့ကြတယ်။ နောက်ဆုံး KNU က တောင်ငူထိ ဆုတ်သွားပြီး စောဘဦးကြီးတို့ ကျသွားပြီ ဆိုတော့မှ ဖေဖေက တက္ကသိုလ် လာပြန်တက်ခဲ့တယ်။ အဲဒီတုန်းက တိုက်ပွဲ အတွေ့အကြုံတွေကို ဝတ္ထုတိုပေါင်းချုပ် အထူကြီး တစ်အုပ် ထွက်ခဲ့တယ်။ မဆလခေတ်က ထွက်ခဲ့တာပေါ့။ နဝတ ခေတ် ပြန်ထုတ်တော့ သူပုန် အသုံးအနှုန်း ပြောင်းမှ ထုတ်ခွင့်ပေးမယ်ဆိုပြီး ပြောတော့ ဖေဖေက လက်မခံခဲ့ဘူး။ သူတို့ ခေတ်ကဟာမှ မဟုတ်တာ။ အဲလို ပြောင်းလိုက်ရင် ပေါ့သွားမယ် ဆိုပြီး မထုတ်ဖြစ်ခဲ့ဘူး။

Voice : ဆရာကြီး ရေးခဲ့တဲ့ဝ တ္ထုရှည်၊ ဝတ္ထုတို ပေါင်း ဘယ်လောက်ထိရှိလဲ။

UPTK :
လုံးချင်းဝတ္ထုရှည် (Novel)အနေနဲ့ကတော့ အုပ် ၃ဝ လောက်ရှိတယ်။ ဝတ္ထုတို ပေါင်းချုပ်တွေကတော့ ခုနှစ်အုပ်လောက်ကနေ ကိုးအုပ် လောက်တော့ရှိတယ်။ အခုမှ ပြန်ထုတ် ဖို့ ပြန်စီစဉ်နေတဲ့ စစ်ဝတ္ထုတိုတွေ မပါသေးဘူးပေါ့။ ဆောင်းပါးပေါင်းချုပ်ကတော့ လေးအုပ် ငါးအုပ်လောက်ရှိတယ်။ သူ့ ကဗျာ ပေါင်းချုပ်လည်း ထုတ်ဖို့ စီစဉ်ထားတာ ရှိတယ်။ တက္ကသိုလ် ကျောင်းသားဘဝက ဗလာစာအုပ်တွေမှာ ရေးခဲ့တဲ့ ကဗျာတွေလည်း ရှိတယ်။ အဲဒါတွေတော့ လူမသိသေးဘူးပေါ့။ စာပေလောက သူက ကဗျာနဲ့ စတင် ဝင်ရောက်ခဲ့တာ။ ပို့စကတ် ကဗျာတွေလည်း အများကြီး ရေးခဲ့တာ ရှိတာပေါ့။ ဒါတွေကတော့ ထုတ်မယ်ဆိုပြီးတော့ စက္ကူ အညိုအိတ်ကြီး တစ်လုံးနဲ့ သိမ်းထားတာကို အခန်း ရှင်းပြီး မသိဘဲ လွှင့်ပစ်လိုက်တာ ပို့စကတ် ကဗျာ ၁ဝဝ ကျော် ၂ဝဝ လောက် ပျောက်သွားတယ်။

Voice : ဆရာကြီးကို နဝတ အစိုးရလက်ထက်မှာ ဖိအားပေးပြီး အငြိမ်းစား မယူမနေရ ဆိုပြီး သတ်မှတ်ပေးလိုက်တာလို့ သိရတယ်။ ဘာလို့လဲဆိုတာ ရှင်းပြပေးပါလား။

UPTK :
ရန်ကုန်မှာ ရှစ်လေးလုံး အရေးအခင်း ဖြစ်တုန်းက ဖေဖေက မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်ပေါ့။ မော်လမြိုင်ကျောင်းသားတွေကို နားလည်အောင် ပြောပြီး ထိန်းထား တယ်။ ကျောင်းသားတွေက မကျေနပ်ပေမယ့် ဆန္ဒပြပွဲ မဖြစ်ဘူး။ နောက်တော့ ရန်ကုန်တက္ကသိုလ်ကို မေလဆန်းမှာ ပါမောက္ခချုပ်အဖြစ် ပို့လိုက်တယ်။ အဲဒီတုန်းက ကျောင်းကတော့ ပိတ်ထားတယ်။ ဒါပေမဲ့ ဟိုက်စကူး ကျောင်းသားတွေကော တက္ကသိုလ် ကျောင်းသားတွေကောက ရန်ကုန်တက္ကသိုလ်ထဲ လာပြီး ကျောင်းသားသမဂ္ဂတွေ ဖွင့်ကြတယ်။ ဆရာများသမဂ္ဂကလည်း ဖွဲ့ပြီးပြီပေါ့။ အဲဒါကိုလာပြီး ကျောင်းသား သမဂ္ဂခေါင်းဆောင်တွေက လာပြီးတော့ အကူအညီ တောင်းတာပေါ့။ ဆရာကြီးတို့ရယ် ကျွန်တော်တို့ ပါတီစုံ ဒီမိုကရေစီ ဆိုပြီး အော်သာ အော်နေ ကြတယ်။ ဒါပေမဲ့ တကယ်တမ်း ဘယ်လို ကျင့်သုံးလဲ၊ ဘယ်လို အုပ်ချုပ်သလဲ၊ ဘာတွေ ကွာခြားသလဲ သူတို့ မသိဘူးတဲ့။ အဲဒီတော့ ဒီမိုကရေစီအကြောင်း ကျွန်တော်တို့ကို သင်ပေးပါ ဆိုပြီး ကျောင်းသားတွေက အကူအညီ လာတောင်းတယ်။ ဆရာတွေကလည်း သင်ပေးသင့်တယ် သင်ပေးမယ်ဆိုပြီး တက္ကသိုလ် ဓမ္မာရုံမှာ တစ်နေ့ကို နှစ်ကြိမ် သင်တန်း ပေးတယ်။ မနက်ပိုင်း ကို မြန်မာစာက ဆရာကြီး ဦးစံတင်က တာဝန်ယူပြီးတော့ သင်တန်းပေးတယ်။ နေ့လယ်ပိုင်းကို ဖေဖေက တာဝန်ယူတယ်။ ဆရာကြီး ဦးစံတင်နဲ့ ဖေဖေက ဒိုင်ခံသင်တာ။ စစ်အာဏာ မသိမ်းမချင်း ကို ရန်ကုန်တက္ကသိုလ် ဓမ္မာရုံကြီးမှာ ကျောင်းသားတွေ အပြည့်ပဲ။ ဒီမိုကရေစီက ဘယ်လိုဟာလဲ။ ဘယ်လို ကျင့်သုံးသလဲ။ ဘာတွေ ကောင်းသလဲ။သင်ပေးတယ်။ နောက်တော့ စက်တင်ဘာမှာ နဝတ တက်တယ်။ စစ်အာဏာ သိမ်းတယ်ပေါ့။ စစ်အာဏာ သိမ်းပြီး တက္ကသိုလ်လောကမှာ Force to Retire အပေးခံရတာ မြန်မာဆရာကြီး ဦးစံတင်နဲ့ ဖေဖေနဲ့။ ဘာလို့လဲ ဆိုတော့ ကျောင်းသားတွေကို ဒီမိုကရေစီ သင်ပေးလို့။ သူတို့က လာသေးတယ်။ အရေးအခင်း ကာလမှာ ဒီလိုတွေ ပါဝင်ခဲ့တာ မှားယွင်းကြောင်း အသနားခံစာ ရေးရင် စဉ်းစားမယ်လို့ စာပို့တယ်။ ဒါပေမဲ့ ဖေဖေတို့က ပြတ်သားတယ်။ ဘာစာမှ မတင်ခဲ့ဘူး။ ငါတို့ ယုံကြည်လို့ လုပ်ခဲ့တာ။ ဒီမိုကရေစီစနစ် ထွန်းကားမှ ဖြစ်မယ်ဆိုတာ ယုံကြည်လို့လုပ်ခဲ့တာ ဘာအသနားခံစာမှ မတင်ခဲ့ဘူး။ ပြီးတော့ ဘာလို့ပြုတ်လဲ ဆိုတာမှာ ဦးနေဝင်းအုပ်စု တော်တော်နာတဲ့ ကဗျာရှိတယ်။ ဒီမိုကရေစီ လေးချိုးကြီးပေါ့။ အဲဒီ ကဗျာကြီး ရေးပြီး ဆရာများ သမဂ္ဂပေးလိုက်တာ ကျောင်းသားတွေကယူပြီး မိတ္တူတွေ ဆွဲပြီး ရန်ကုန်တစ်မြို့လုံး ကပ်လိုက်တာ။ အဲဒီကဗျာကိုလည်း ဦးနေဝင်းနဲ့ မဆလအုပ်စုက တော်တော် စိတ်ဆိုးတာ။

Voice : မြန်မာပြည်ပညာရေး အခြေအနေနဲ့ပတ်သတ်ပြီး ဆရာကြီးရဲ့အမြင်က ဘယ်လို ရှိခဲ့ပါလဲ။

UPTK :
ဦးက ဖေဖေ့ကို မေးဖူးတယ်။ မြန်မာပြည် ပညာရေးကို ဦးနေဝင်း အစိုးရက စနစ်တကျ ဖျက်ဆီးခဲ့ပုံရတယ် ထင်တယ်လို့ မေးဖူးတယ်။ အဲဒီတုန်းကတော့ ဖေဖေက အစိုးရ ဝန်ထမ်း ဖြစ်နေတဲ့အတွက် ဝန်ထမ်းစည်းမျဉ်းအရ ဘာမှ မပြောနိုင်ဘူးလို့ ပြန်ပြောခဲ့တယ်။ အဲဒါကို ဦးက မှတ်ထားတယ်။ နောက်တော့ သူအလုပ်ကလည်း ထွက် အစိုးရကလည်း ပြောင်းတော့ သူ့ကို အဲဒီမေးခွန်းကို ထပ်မေးတော့ သူက ဟုတ်တယ် သားမေးတာတွေ မှန်တယ်။ သူက စနစ်တကျနဲ့ကို ဖျက်ဆီးခဲ့တာလို့ ပြန်ဖြေခဲ့တယ်။ ဘယ်မှာမှ မရှိဘူး အမှတ် အများဆုံး ဆေးကျောင်းသွား အမှတ် အနည်းဆုံးသူတွေမှ ဝိဇ္ဇာ ပို့တာ ဘယ်နိုင်ငံမှာမှ မရှိတာ လုပ်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ ဝိဇ္ဇာ ကျောင်းသားက နိုင်ငံ လွတ်လပ်ရေး ရအောင် ယူပေးသွားတာ။ ဖေဖေက ပြောတာ က အောင်ဆန်းမျိုးဆက်၊ ဦးနုမျိုးဆက် ဝိဇ္ဇာမျိုးဆက်တွေကို ဖြတ်ချလိုက်တာ။ ဝိဇ္ဇာမျိုးဆက်တွေက နိုင်ငံရေး သိတယ်။ သမိုင်း သိတယ်။ ဥပဒေ သိတယ်။ ဒီမျိုးဆက်ကို တမင် ဖြတ်ချဖြစ်လိုက်တာ။

Voice : ဒါပေမဲ့ ဆရာကြီးကို စစ်အစိုးရနဲ့ နီးစပ်တယ်ဆိုပြီး ပြောကြတာမျိုး ရှိခဲ့တယ်။

UPTK :
တက္ကသိုလ်ဘုန်းနိုင်ကို မဆလ တက်တော့ မဆလ လူ၊ နဝတ တက်တော့လည်း နဝတ လူ ဆိုပြီးတော့ ကွန်မြူနစ် အသိုင်းအဝိုင်းက မြို့ပေါ်မှာအထိ အပုပ်ချခဲ့တယ်။ တကယ်က မဆလ ခေတ်ကော နဝတ ခေတ်ကောမှာ ပညာရေးဝန်ကြီးနဲ့ ဖေဖေတို့နဲ့ လုံးဝ မတည့်ခဲ့ဘူး။ တော်လှန်ရေး ကောင်စီခေတ်၊ မဆလ ခေတ်တွေမှာ ဝန်ကြီးအဆင့်က ဖြုတ်ခွင့်မရှိ လို့သာ။ ခဏခဏ ရန်တွေဖြစ်နေတာ။ နဝတလက် ထက်မှာလည်း အနားပေးခံခဲ့ရတာပဲ။ တစ်ခါတည်း ပြောပြရရင် နဝတ ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဖေဖေ့ဆီ ကြားထဲက စာရေးဆရာ မိတ်ဆွေတွေကို ချိတ်ဆက် လာပြီးတော့ ၁၉၉၂ ခုနှစ်မှာ ဆက်သွယ်ခဲ့တယ်။ အတိုင်ပင်ခံလုပ်ဖို့။ သူတို့ အတိုင်ပင်ခံလုပ်ဖို့ လက်ခံ လိုက်တာနဲ့ တိုက်ခန်း အသစ် တန်းရမယ်။ ပြီးရင် ဆီဒင်ကား တစ်စီး၊ ဓာတ်ဆီ နိုင်ငံတော်စရိတ်နဲ့ ထုတ်ပေးမယ်။ ပေါ်ဆန်းမွှေးဆန် တစ်တင်းခွဲ၊ မြေပဲဆီပုံးတွေ လကုန်တာနဲ့ ထုတ်ပေးမယ်။ လစာအပြင် အခြား စရိတ်တွေလည်း ထုတ်ပေးဦးမယ်။ ဖေဖေ့ ကို မြရိပ်ညိုဟိုတယ်မှာ သုံးကြိမ်တိုင် ဖိတ်ပြီးတော့ ဆွေးနွေးတယ်။ အတိုင်ပင်ခံ လုပ်ဖို့။ ပညာရေးနဲ့ နိုင်ငံရေးတွေမှာ။ ပညာရေးစနစ်ကို ပြန်ပြင်ဆင်မလို့ပါ ဆိုပြီးတော့ ဆွေးနွေးတယ်။ အဲဒီတုန်းက ပညာရေး ဆောင်းပါးတွေ ဖေဖေက ရေးနေတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်က စောင့်ဖတ်ပြီးတော့ ဦးနှောက်ဖောက်စားဖို့ အသုံးချဖို့ဆိုတာကို ဖေဖေကလည်း ရိပ်မိတယ်။ ဖေဖေက လည်း မယုံတော့ တကယ် ပြင်မယ်ဆိုရင် ပညာရေး နားလည်တဲ့ ဆရာကြီးတွေကိုပဲ တာဝန်ပေးပါ။ ဘယ်ဗိုလ်ချုပ်တွေမှ ဝင်မစွက်ပါနဲ့ ဘယ်သူမှ ဝင်စွက်ခွင့် မရှိဘူးလို့ သတင်းစာတွေ ကနေ ကြေညာချက် ထုတ်ပေးမယ်ဆိုရင် လုပ်ပါမယ်လို့ ဖေဖေက ပြန်ပြောခဲ့တယ်။ သုံးလလောက်ထိ ဘာမှ မထည့်ခဲ့ဘူး။ အဲဒီတော့ ဖေဖေလည်း ငြင်းလိုက်တာပဲ။

Voice : ဆရာကြီးကို လက်ဝဲ အသိုင်းအဝိုင်းက အပုပ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့တယ်နော်။

UPTK :
တော်လှန်ရေး ကောင်စီခေတ်ကော၊ မဆလ ခေတ်ကော၊ နဝတ ခေတ်ကောမှာ လက်ဝဲ စာပေ အသိုင်းအဝိုင်းကြီးက အရမ်းမုန်းတဲ့ စာရေးဆရာကြီးတွေထဲမှာ တက္ကသိုလ်ဘုန်းနိုင်လည်း ပါတယ်။ ဘာလို့မုန်းလည်းဆိုတော့ ကွန်မြူနစ်ဆိုတာ တစ်ပါတီ အာဏာရှင် စနစ်ကြီး အရမ်း ကြောက်စရာ ကောင်းတယ်ဆိုတာ ရေးတယ်။ ဆရာတင့်တယ်၊ ဆရာတက်တိုး၊ ဖေဖေတို့က ကွန်မြူနစ်ကို မဂ္ဂဇင်းတွေကနေ ဆောင်းပါးတွေ ရေးပြီး အကြီးအကျယ် ဆော်တာ။ ၁၉၅၆၊ ၅၇ လောက်မှာ ဖေဖေက စာရေးဆရာ ဖြစ်သွားပြီ။ အဲဒီမှာ မုန်းရစ်လေဦးတို့ ဘာတို့မှာ ကွန်မြူနစ် အကြောင်း ရေးတယ်။ အခြား မဂ္ဂဇင်းတွေမှာလည်း ရေးတယ်။ သူ့စာဖတ်ပရိသတ်ကို ကွန်မြူနစ်က စည်းရုံးလို့ မရဘူးလေ။ လက်ဝဲ စာပေသမား အချို့ကတော့ သူကွယ်လွန်တဲ့ အချိန်ထိ ကို ပြည်သူတွေ အမြင်လွဲအောင် စာဖတ်ပရိသတ်တွေ အမြင်လွဲအောင် အပုပ် ချခဲ့ကြတယ်။ သူသာ နဝတ လူဆိုရင် ဟိုက အများကြီးပေးမှာ မြှောက်စားမှာပေါ့။ ဒါပေမဲ့ သူ့ကို အပုပ် ချကြတာပေါ့။ နဝတ လူ ဖြစ်သွားပြီ ဆိုပြီးတော့ပေါ့။

Voice : ဆရာကြီးရဲ့ မပြီးဆုံးလိုက်တဲ့ စာအုပ်တွေ ရှိသေးလား။

UPTK :
ရှိတယ်။ ကမ္ဘာကုန် ကျယ်သရွေ့ဝယ်ဆိုရင် သုံးတွဲထိ ထွက်ခဲ့တယ်။ စတုတ္ထတွဲ ထပ်ထွက်ဖို့ ရေးနေတုန်းမှာပဲ ဖေဖေ ဆုံးသွားတာပါ။ တချို့ စာဖတ် ပရိသတ်က ရိပ်မိလို့ အဲဒီစာအုပ် မပြီးသေးဘူး ထင်တယ်လို့ လာမေးတာ ရှိပါတယ်။ ဦးလည်း ဖေဖေ့ အထ္တုပ္ပတ္တိကို ရေးနေတယ်။ အချောတော့ မသတ်နိုင်သေးဘူး။ သူ့ရဲ့ ငယ်ဘဝ၊ တက္ကသိုလ် ကျောင်းသားဘဝ၊ တက္ကသိုလ် ဆရာဘဝတွေပါမှာပေါ့။

Voice : ကျေးဇူးတင်ပါတယ်။

ပွင့်ဇင်မော်ဟိန်း



  • VIA