News

POST TYPE

RELAX

နာမည်ကျော်ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံခြင်း
08-Nov-2018

နာမည်ကျော်ဝါရင့်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုနဲ့ တွေ့ဆုံပြီး ဇာတ်ကား ရိုက်ကူးမှုတွေ လျှော့ချဖို့ ဆုံးဖြတ်လိုက်ရတဲ့ အကြောင်းအရင်း၊ ဒီဇင်ဘာလအတွင်း ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းနဲ့ ဂီတအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဇာတ်ကားတွေ မရိုက်တော့ဘူးလို့ မီဒီယာတစ်ခုမှာ ဖြေလိုက်တော့ ပရိသတ်တွေကြားထဲမှာ တော်တော်လေး ဂယက်ရိုက်သွားတယ်နော်။
HEDB : ကျွန်မ အသက်ကြီးနေပြီလို့ပြောလိုက်ရင် ကျွန်မပရိသတ်တွေက လက်မခံချင်ကြဘူး။ တစ်ချိန်လုံးမှာ Messenger ကတစ်ဆင့် ကျွန်မကိုရန်လာတွေ့ကြတယ်။ ဒါပေမဲ့ အဲဒါကတော့ လက်ခံရမှာပဲလေ။ ကျွန်မဆိုလိုတဲ့သဘောက ဇရာဆိုတာက စိတ်ဓာတ်ရော၊ ရုပ်ရောကို အားလုံး ဖျက်ဆီးတယ်။ ငယ်ငယ်တုန်းကတော့ အရမ်းတက်ကြွခဲ့တဲ့အချိန်တွေ အများကြီး ကျော်ဖြတ်ခဲ့ရပေမယ့် အခုချိန်ကျတော့ အလုပ်လုပ်ရတာ မနည်းလုပ်နေရတယ်။ စိတ်က ကွာသွားပြီလေ။ ဇာတ်ကားတွေကတော့ အရမ်းကြီးကို ရွေးချယ်ပြီးတော့မှပဲ တစ်နှစ်ကို တစ်ကားလောက် ရိုက်ဖြစ်တော့မယ်။ 

Voice : ဒီအနုပညာလောကမှာပဲ အချိန်အတော်ကြာ ကျင်လည်လာတဲ့အတွက် အာရုံညောင်းလာတဲ့သဘောမျိုးလား။
HEDB : အဲဒီလိုလည်း မဟုတ်ပါဘူး။ ကျွန်မအကြိုက်နဲ့တွေ့တဲ့ ဇာတ်ကားမျိုးတွေ နည်းလာတာလည်း ပါချင်ပါမှာပေါ့လေ။ နောက်တစ်ခုက ဘယ်အလုပ်ကိုပဲလုပ်လုပ် ကိုယ်တိုင်လုပ်ရတာဆိုတော့ လုပ်မယ့် ကာယကံရှင်ရဲ့ စိတ်အားထက်သန်မှု၊ စိတ်ဝင်စားမှုက ပထမအရေးကြီးတာပေါ့နော်။ အဲဒါတွေလည်း ပါပါတယ်။ ကျွန်မအသက်အရွယ်အရလည်း ဇာတ်လမ်းတွေက အရမ်းရှားလာတယ်။ ကျွန်မဇာတ်ကားတွေ မရိုက်တော့ဘူးထင်ပြီး ငိုကြတဲ့ပရိသတ်တွေလည်းရှိပါတယ်။ အဲဒီအတွက်လည်း စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ အားပေးနေတဲ့ ပရိသတ်တွေအတွက် ကျွန်မ အတတ်နိုင်ဆုံးတော့ကြိုးစားပြီး ရိုက်သွားပါမယ်။

Voice : ကိုခန့်စည်သူ၊ မခိုင်သင်းကြည်တို့နဲ့ ပူးပေါင်းတည်ထောင်ထားတဲ့ “ခသုံးလုံး”ရုပ်ရှင်ထုတ်လုပ်ရေးလည်းရှိနေတော့ နောက်ပိုင်းမှာ ထုတ်လုပ်ရေးအပိုင်းကို ပိုပြီးလုပ်ဖြစ်မလား။
HEDB : ထုတ်လုပ်ရေးကတော့ လုပ်ဖြစ်နေမှာပါ။ “ခသုံးလုံး”ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ဖြစ်တာကလည်း စီးပွားဖြစ်ဆိုတာထက် ကျွန်မတို့သူငယ်ချင်းတွေ စုစည်းမှုလည်းရတယ်။ အနုပညာလောကက ညီအစ်ကို မောင်နှမတွေနဲ့လည်း အမြဲတမ်း ထိတွေ့ဆက်ဆံခွင့်ရနေမယ်ပေါ့နော်။ ကျွန်မဇာတ်ကားတွေ အရိုက်နည်းသွားရင်တောင် သူတို့နဲ့ မကွဲကွာသွားတော့ဘူးပေါ့။ ကိုယ့်အနုပညာအသိုင်းအဝိုင်းနဲ့ မဝေးချင်တဲ့အတွက် ထုတ်လုပ်ရေးပိုင်းကို လုပ်ဖြစ်တဲ့သဘောပါ။ စီးပွားဖြစ်ကြီးလည်း တအားကြီးမစဉ်းစားပါဘူး။ ကျွန်မတို့ရိုက်တဲ့ဇာတ်ကားက မရှုံးရင်ရပါပြီ။ 

Voice : ဒီနှစ်ထဲမှာရော ရိုက်ဖို့လက်ခံထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေရှိရင် ပြောပြပေးပါဦး။
HEDB : ဒီဇင်ဘာလထဲမှာတော့ Golden  Hour ထုတ်လုပ်ရေးကနေရိုက်မယ့် ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ လက်ခံထားပါတယ်။ သရုပ်ဆောင်တွေကတော့ ကျွန်မရယ်၊ နိုင်းနိုင်းရယ်၊ မေမြင့်မိုရ်ရယ်၊ ကလေးသရုပ်ဆောင် တစ်ယောက်ရယ် ပါ,ပါမယ်။ ဇာတ်လမ်းလေးကတော့ Suspense ပါပဲ။ ကျွန်မလည်း ကြိုက်ပါတယ်။ ဒီကားမှာ အဓိက သရုပ်ဆောင်ကတော့ လေးယောက်ပါပဲ။ ထုတ်လုပ်ရေးက သရုပ်ဆောင် အများကြီး မသုံးဘဲ၊ တခြားရိုက်ကူးရေးပိုင်းတွေအတွက် ကုန်ကျစရိတ်ပိုင်းကို ပိုပြီးသုံးထားပါတယ်။ ဇာတ်လမ်းလေးကလည်း အရမ်း ကောင်းပါတယ်။ ဒါရိုက်တာကတော့ ကိုသီဟပါ။ အသစ်ထဲကပါပဲ။

Voice : အခုနောက်ပိုင်း လူငယ်ဒါရိုက်တာအသစ်တွေနဲ့ မခိုင်လက်တွဲ ရိုက်ကူးတာလည်း တွေ့ရတယ်။ သူတို့ရဲ့အနုပညာဖန်တီးမှုအပိုင်းအပေါ်ကိုရော ဘယ်လိုသုံးသပ်မိလဲ။
HEDB : သူတို့ တွေက အနုပညာသင်တန်းကျောင်းတွေမှာ စနစ်တကျ လေ့လာထားကြတဲ့ ကျောင်းဆင်းတွေဖြစ်တယ်။ ကျွန်မကို ဇာတ်ကားရိုက်ဖို့ ကမ်းလှမ်းတဲ့အချိန်၊ ရိုက်ဖို့တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာကတည်းက သူတို့ရဲ့ ပြင်ဆင်မှုတွေကို မြင်ရတယ်လေ။ သူတို့ပြင်ဆင်ထားတာတွေက တော်တော် ရင်ခုန်စရာ ကောင်းပါတယ်။ ကျေနပ်စရာ ကောင်းပါတယ်။ ဒီဇင်ဘာလထဲမှာ ရိုက်ရမယ့် ရုပ်ရှင်ဇာတ်ကားမှာဆိုလည်း ကျွန်မကို ပရိသတ်တွေ မတွေ့ဖူးသေးတဲ့ ကာရိုက်တာမျိုးနဲ့ တွေ့ကြရမှာပါ။ ကျွန်မ ပရိသတ်တွေ စိတ်ချမ်းသာအောင် ဇာတ်ကားကောင်းလေးတွေတော့ ရွေးချယ်ပြီး ရိုက်ဖြစ်နေမှာပါ။

Voice : သီချင်းအသစ်တွေလည်း မထွက်တာ တော်တော်ကြာနေပြီနော်။ ဂီတဘက်က ပရိသတ်တွေအတွက်ရော ဘယ်လို အစီအစဉ်တွေရှိလဲ။
HEDB : ကျွန်မ သီချင်းလေးတွေတော့ လုပ်ဖို့စီစဉ်နေပါတယ်။ သီချင်းသစ်မထွက်နိုင်တာလည်း ကြာနေပြီဆိုတော့လေ။ ရှိုးပွဲမှာ သီချင်းအဟောင်းတွေပဲဆိုမယ်ဆိုလည်း ပရိသတ်ကတော့ နားထောင်ချင်မယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ သီချင်းအသစ်လေးတွေ နားထောင်စေချင်တဲ့ဆန္ဒလည်း ကျွန်မမှာရှိနေပါတယ်။ ရှိုးပွဲအနေနဲ့ကတေ့ ကျွန်မရဲ့ အသက်အရွယ်အရ နောက်ဆုံးတစ်ပွဲလောက်တော့ လုပ်ချင်ပါသေးတယ်။ သီချင်းသစ်တွေ အရင်ထွက်နိုင်အောင်လုပ်ပါမယ်။ ရှိုးပွဲကတော့ နောက်နှစ်ထဲလောက် ဖြစ်နိုင်ပါလိမ့်မယ်။

သန့်ဇင်ဦး