News

POST TYPE

RELAX

အရိုင်းနဲ့ တွေ့ဆုံခြင်း
26-Jul-2016
နာမည်ကျော် ဟာသသရုပ်ဆောင် အရိုင်းနဲ့ တွေ့ဆုံပြီး ဇူလိုင်လ ၂၉ ရက်နေ့မှာ စတင် ရုံတင်ပြသတော့မယ့် စားတယ် ရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် စရိုက်အကြောင်း၊ ပါဝင်တဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်များ အကြောင်းနဲ့ ကိုတင့် ဇာတ်ကောင်နဲ့ ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။


Voice : ကိုတင့်တို့ စူပါရပ်ကွက် ရုပ်ရှင်က အရမ်း အောင်မြင်ခဲ့လို့ စားတယ်ရုပ်ရှင်ကို ထပ်ရိုက်ဖြစ်ကြတာလား။

AY : ဒါကတော့ အားလုံး သိကြတဲ့အတိုင်း ဒီနိုင်ငံရဲ့ ရုပ်ရှင်ကြည့် ပရိသတ်ရော၊ ရုပ်ရှင် လောကရောက ဒီလိုပါပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်လောက်ကလည်း ဒီလိုပါပဲ။ ဇာတ်ကား တစ်ကား အောင်မြင်သွားတဲ့အခါ ပရိသတ်တွေရဲ့ နောက်ထပ် တောင်းဆိုမှုကို လိုက်လျောကြရတာကလည်း အစဉ်အလာလေးလို ဖြစ်နေပါပြီ။ တို့ အနုပညာရှင်တွေက ပရိသတ်တွေကို လေးစားသမှုတော့ ရှိရမယ်လေ။ ဈေးရောင်းကြတဲ့ လူတွေလိုပေါ့။ ဈေးဝယ်သူကို ဦးစားပေးရသလိုပဲ၊ ဦးအရိုင်းတို့တွေကလည်း ပရိသတ်ကို ဘယ်နည်းနဲ့မဆို ဦးစားပေးရမှာပါပဲ။ ပရိသတ်တွေအတွက် ဖျော်ဖြေမှု တစ်ခု အနေနဲ့ ထပ်ပြီး တင်ဆက်ချင်တဲ့အတွက် စားတယ် ရုပ်ရှင်ကို ဖန်တီးဖြစ်ကြတာပါ။

Voice : စားတယ် ရုပ်ရှင်မှာကျတော့ ကိုတင့်တို့ စူပါရပ်ကွက်နဲ့ မတူတဲ့ ဘယ်လို ဇာတ်လမ်း၊ ဇာတ်ကွက် အပြောင်းအလဲတွေ တွေ့ရမလဲ။

AY : အဲ့ဒါကတော့ ကိုရွှေထူး ( ပြည်) ရဲ့ကာတွန်းရုပ်ပြတွေက နည်းတာမှ မဟုတ်တာ။ ရုပ်ပြအနေနဲ့ ထွက်ထားတာကိုပဲ အုပ်နှစ်ဆယ်ကျော် လောက် ရှိတာဆိုတော့ အဲ့ဒီထဲက Plot တွေက ရိုက်လို့ မကုန်နိုင်ဘူးလေ။ ဒီထဲမှာမှ အကောင်းဆုံးနဲ့ ရိုက်ပြဖို့ အဖြစ်နိုင်ဆုံး အနေအထားရှိတဲ့ Plot တွေကို ရွေးရတယ်။ ဒါတွေကိုမှ ဘယ်လိုပြန်ပြီး မွမ်းမံ ရိုက်ကူးမလဲ ဆိုတာကတော့ ဒါရိုက်တာရဲ့ ဉာဏ်ကွန့်မှုပေါ့။ ဦးအရိုင်းတို့တွေ မရိုက်ခင်မှာ ကြိုတင် ဆွေးနွေး ညှိနှိုင်းကြတယ်။ ရိုက်ကွင်းပေါ် ရောက်တော့မှ စဉ်းစားမိတဲ့ ဇာတ်ကွက်လေးတွေလည်း ရှိတယ်။ အနုပညာ အခေါ်အရဆိုရင် လာဘ်လုံးပေါ့။ အဲ့ဒီအရာတွေ အားလုံးကို ပေါင်းစပ်လိုက်တော့ လှပတဲ့ ဇာတ်လမ်း၊ ဇာတ်ကွက်လေးတွေ ဖြစ်လာတာပေါ့။

Voice : စားတယ် ရုပ်ရှင်မှာ ပါတဲ့တချို့ Plot တွေက ရှေ့ကားနဲ့ နှိုင်းယှဉ်ရင် နည်းနည်း အားနည်းတာလေးတွေ ရှိတယ်နော်။ ကိုယ်တိုင်ရော ဘယ်လိုမြင်မိလဲ။

AY : အဲ့ဒါကတော့ တချို့ အခန်းလေးတွေမှာ နည်းနည်း လိုသွားတာလေးတွေတော့ ရှိပါတယ်။ ဒါကတော့ ဖြစ်တတ်တယ်ဗျ။ အနုပညာအကြောင်းကို သိတဲ့ လူတွေချည်းပဲဆုံပြီး ကြည့်တဲ့အခါကျရင် မြင်ထားတဲ့ အမြင်တွေက တကယ့် ပရိသတ် အစစ်တွေနဲ့ အတူ ကြည့်တဲ့အခါကျရင် ပြောင်းပြန် ဖြစ်တတ်တယ်။ ကိုယ်ရယ်ရတဲ့ဟာကို ပရိသတ်က ရယ်ချင်မှ ရယ်လိမ့်မယ်။ ကိုယ် မရယ်ရတဲ့ဟာကို ပရိသတ်က ခွက်ထိုးခွက်လန် ရယ်တာမျိုးလည်း ပထမ ကိုတင့် ဇာတ်ကားမှာတုန်းက တွေ့ရတယ်။ ကိုယ်အရယ်ရဆုံးလို့ ထင်ထားတဲ့ Plot ကို ပရိသတ်က မရယ်ဘဲနဲ့၊ ဘာမှ မဟုတ်တဲ့ဟာကို အုန်းခနဲ ရယ်တာမျိုးလည်း ကျွန်တော်တို့ဆီမှာ ရှိတယ်။ အဲ့ဒီတော့ ပရိသတ် အစစ်နဲ့ ဒီကားကို အတူတူ ကြည့်ဖို့လည်း လိုသေးတယ်။ စပြီး ရုံတင်တဲ့နေ့မှာ ညဘက်ပွဲပဲဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ အတူတူ လာကြည့်ဖို့ လိုပါတယ်။

Voice : ကိုတင့်တို့ စူပါရပ်ကွက် ရုပ်ရှင်တုန်းကရော ပရိသတ်တွေနဲ့အတူ လာကြည့်ခဲ့ဖူးလား။ ဘယ်လို ဝေဖန်သံတွေ ကြားရလဲ။

AY : ပရိသတ်တွေနဲ့ အတူ လာကြည့်ခဲ့ရတာပေါ့။ မကြည့်လို့ ဘယ်ရမလဲ။ ကျွန်တော်တို့က ပရိသတ်တွေရဲ့တုံ့ပြန်မှုကို လိုချင်တာကိုး။ ပရိသတ်တွေက ဒီဇာတ်ကားအပေါ် ဘယ်လို တုံ့ပြန်လဲ၊ ဘယ်နေရာတွေမှာ ရယ်သလဲဆိုတာကို သိဖို့ ကြည့်ကို ကြည့်ရတယ်။ ဒါရိုက်တာရော၊ ကျွန်တော်ရော သွားသွားကြည့်ကြတယ်။ ဒါမှလည်း ကျွန်တော်တို့ ရိုက်ထားတာ ဘယ်နေရာတွေမှာ အားနည်းသွားလဲ၊ ဘယ်နေရာလေးတွေကိုတော့ ပရိသတ်တွေ ကြိုက်တတ်တယ် ဆိုတာကို သိရမှာပါ။

Voice : အနုပညာ လောကမှာ ကာလရှည် ဖြတ်သန်းပြီးတောမှ ကိုတင့်ဆိုတဲ့ ဇာတ်ကောင်နဲ့ ထူးထူးခြားခြား အားပေးမှု ရခဲ့တဲ့အပေါ် ဦးအရိုင်း ဘယ်လို ခံစားရလဲ။

AY : ဒါကတော့ အတိုင်းထက် အလွန် ပျော်တာပေါ့ဗျာ။ လွန်ခဲ့သော အနှစ် သုံးဆယ် ကာလက ရုပ်ရှင်လောကကို စဝင်ခဲ့စဉ် ကာလက၊ ဘာမှ မသိ နားမလည်သေးသော၊ ရုပ်ရှင် လောကသားလေး တစ်ယောက်အနေနဲ့ ဝင်လာခဲ့တယ်။ အခုချိန်မှာ ဒီလိုမျိုး ကြိုးစား အားထုတ်မှုအတွက် အသီးအပွင့်ကို ခံစားရတဲ့အတွက် အရမ်းပျော်ပါတယ်။ ပရိသတ်နဲ့ ကျွန်တော့်ကြားမှာလည်း ပိုပြီး ရင်းနှီးမှုတွေ ရှိလာသလို ခံစားရပါတယ်။ ဒီလို အသိအမှတ် ပြုမှုမျိုးကို အကယ်ဒမီဆုထက်တောင်မှ ပိုပြီး လိုချင်ပါတယ်။ ဒီလိုမျိုး ပရိသတ်ရဲ့အားပေးမှုကို ရဖို့ နှစ်ပေါင်း များစွာ ကျွန်တော်တို့ ကြိုးစားလာခဲ့ရတာပါ။

Voice : နောက်ထပ် ကိုတင့် ဇာတ်ကားတွေက ဆက်ရန် ရှိသေးသည်လား။ ထပ်ရိုက်ဖြစ်ဦးမလား။

AY : ကျွန်တော်ကတော့ စိတ်ထဲမှာ တွေးမိတယ်ဗျ။ ဗီဒီယိုမှာတုန်းကလည်း ဒီလိုပဲ တွက်ပါတယ်။ ဗီဒီယိုမှာတုန်းက ကိုတင့် ဇာတ်ကားတွေကို အားပေးမှုက ရုပ်ရှင်ကားထက်တောင် ပိုပါတယ်။ ကိုတင့် ဇာတ်ကားတွေ ကျွန်တော် ခုနစ် ကားတောင် ရိုက်ခဲ့တာလေ။ ဒီလိုမျိုး ဇာတ်လမ်း တစ်ခုကို ခုနှစ်ကားတောင် ရိုက်ဖြစ်ဖို့ဆိုတာ ရုပ်ရှင်လောကမှာရော၊ ဗီဒီယိုလောကမှာပါ မရှိခဲ့ဖူးဘူး။ ဟိုးထိပ်တန်း မင်းသားကြီးတွေတောင် ဒီလိုမျိုး မရိုက်ခဲ့ဖူးဘူး။ ကျွန်တော်ရိုက်ခဲ့သမျှ ကိုတင့် ဇာတ်ကားတွေကို ပရိသတ်တွေက အားပေးကြတဲ့အတွက် နည်းနည်းတော့ တုန်လှုပ်မိတယ်ဗျ။ ဒီလို ဇာတ်လမ်းမျိုးကို အများကြီး ဆက်ရိုက်မယ်ဆိုရင် သိပ်ပြီးတော့ ဗုန်းပေါလအော ဖြစ်သွားမှာ စိုးတယ်။ နောက်တစ်ခါ ကျရင်တော့ နောက်ထပ် တင်ပြပုံ တစ်မျိုးကို စဉ်းစားမယ်။ ကိုတင့်ချည်းပဲ ဆက် မရိုက်ချင်တော့ဘူး။ ရိုက်မယ်ဆိုရင်တော့ Plot တွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမဲ့ ခေတ်နဲ့ လျော်ညီအောင်တော့ ရိုက်ပြဖို့ လိုတာပေါ့နော်။

Voice : ကိုတင့်ဇာတ်ကောင်ကို ပရိသတ် အားပေးမှု အရဆုံး အချိန်မှာ ရပ်လိုက်မယ်လို့ရော စဉ်းစားဖူးလား။

AY : ကျွန်တော်တို့က အဲ့ဒီလို စဉ်းစားထားတာလေ။ ကျွန်တော်တို့ အငြိမ့်စင်ပေါ်မှာ ပြက်လုံးပြက်ရင် ပြက်လုံးကို အနိုင်နဲ့ ပိုင်းတာမျိုး ရှိတယ်။ ဆတ်တငံ့ငံ့လေး ထားလိုက်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာက ပစ္စည်း တစ်ခုကို လိုချင်တဲ့ အချိန်မှာ အတင်း လိုက်လုကြတာတွေ ရှိတယ်။ အဲ့ဒီအချိန်မှာ မပေးဘဲနေရင်ပိုပြီးတော့များ တန်ဖိုးရှိသလားလို့ကျွန်တော်တို့ စိတ်ထဲမှာခံစားမိပါတယ်။ ကိုတင့်ဇာတ်ကောင်ကိုလည်း အဲ့ဒီလို ဆက်တငံ့ငံ့လေး ထားတာ ပိုပြီး အရသာရှိမယ် ထင်ပါတယ်။ ကိုတင့် ဇာတ်ကောင်နဲ့ ပတ်သက်လို့ လုပ်ပြခဲ့တာတွေကို တော်တော်လေးလည်း ကျေနပ်ပါပြီ။

သန့်ဇင်ဦး


  • VIA