News

POST TYPE

RELAX

လူမင်းနဲ့ တွေ့ဆုံခြင်း
12-Oct-2018



“ဝေဖန်မှုတွေကို ကြောက်လို့ မလုပ်ဘူးဆိုရင် ဒီလိုအခွင့်အရေးမျိုးက နောက်တစ်ကြိမ်လာဖို့  မျှော်လင့်လို့မရဘူး” 

မြန်မာအမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးမယ့် ဝါရင့်သရုပ်ဆောင် လူမင်းနဲ့တွေ့ဆုံပြီး ယင်းဇာတ်ကားကို ဒါရိုက်တာအဖြစ် လက်ခံရိုက်ကူးရတဲ့ အကြောင်းရင်း၊ ဝေဖန်မှုတွေအပေါ် သူ့အမြင်နဲ့ ရိုက်ကူးရေးပိုင်းအတွက် ပြင်ဆင်သွားမယ့်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာအဖြစ် တာဝန်ယူရိုက်ကူးဖို့  ဘယ်လိုကြောင့် လက်ခံဖြစ်ခဲ့တာလဲ။
LM : အဲ့ဒါကတော့ တာဝန်လွှဲပြောင်းပေးအပ်ခံရတယ်လို့ပဲ ကိုယ်ပြောပါရစေ။ ကိုယ်ကတော့ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တာဝန်ယူပြီး ဖွဲ့စည်းပေးကတည်းက ပါဝင်ခဲ့ဖူးပါတယ်။ အစကတော့ ဒီဇာတ်ကားကို ဒါရိုက်တာမင်းထင်ကိုကိုကြီးက ရိုက်ကူးပေးဖို့ တာဝန်ယူထားတာပါ။ ဒါပေမဲ့ ဒီလပိုင်းတွေမှာ ကိုမင်းထင်ကလည်း တခြားအလုပ်တွေနဲ့ တော်တော်လေး မအားမလပ်ရှိတယ်နဲ့ တူပါတယ်။ သူ့အနေနဲ့ ဇာတ်ညွှန်းကို ပြီးဆုံးအောင် မရေးနိုင်ခဲ့ဘူး ဖြစ်တာပေါ့နော်။ ဒီဇာတ်ကားဖြစ်မြောက်ရေးအတွက်ကို တာဝန်ယူထားတဲ့ သာသနာရေးဝန်ကြီးကလည်း ဇာတ်ကားအချိန်မီမပြီးမှာကို စိုးရိမ်လို့နဲ့ တူပါတယ်။ကိုမင်းထင် ထပ်တောင်းတဲ့အချိန်တစ်လကို မပေးနိုင်တော့ပါဘူး။ ၂၀၁၉ ခုနှစ်မှာ ရိုက်ကူးပြီး ၂၀၂၀ မှာရုံတင်ဖို့ သတ်မှတ်ချက်လည်း ရှိထားတဲ့အတွက် ဇာတ်ကားအချိန်မီ မပြီးမှာကို သူစိုးရိမ်လာတယ်နဲ့တူပါတယ်။ ဒီရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှာ နဂိုကတည်းကပါခဲ့တဲ့ ကိုယ့်ကို တာဝန်လွှဲပြောင်းပေးအပ်ခဲ့တာပါ။

Voice : ဒီဇာတ်ကားအတွက် ကိုယ့်ဘက်ကရော ဘယ်လိုတာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့  ရိုက်ကူးသွားမလဲ။
LM : ကိုယ်တို့ တစ်ပြည်လုံးက ချစ်ခင်လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကို တိုင်းသူပြည်သားအားလုံးကလည်း မြင်ချင်ကြမယ်လို့ ကိုယ်ယုံကြည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ ဗိုလ်ချုပ်အကြောင်းကို ရိုက်ပြတာဟာ၊ မြန်မာ့လွတ်လပ်ရေးသမိုင်းကို ရိုက်ပြတာနဲ့တူသလို၊ မြန်မာ့တပ်မတော်ရဲ့ သမိုင်းကို ရိုက်ပြတာနဲ့ လည်းအတူတူပါပဲ။ ဒီဇာတ်ကားက ရှေ့ပိုင်းမှာလည်း အခက်အခဲပေါင်းများစွာကြောင့် ရိုက်ကူးဖို့ ကြန့်ကြာခဲ့တယ်။ ပြည်သူတွေကလည်း ဒီရုပ်ရှင်ဇာတ်ကားကို အရမ်းဖြစ်စေချင်ကြတယ်။ ဒီဇာတ်ကား ဖြစ်မြောက်ရေးအတွက် ဝန်ကြီးဌာနပေါင်းစုံကလည်း လိုအပ်တာတွေကို ဝိုင်းဝန်းပံ့ပိုး ကူညီကြပါတယ်။ သာသနာရေးဝန်ကြီးကလည်း ဇာတ်ကားအတွက် ဘတ်ဂျက်ကို အနိမ့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲသုံးပါ။ လိုအပ်ခဲ့ရင်လည်း သူရှာပေးပါမယ်လို့ အာမခံထားတော့ ဒီ့ထက်ကောင်းတဲ့ ပံ့ပိုးမှုကြီး မရှိတော့ဘူး။ ဒီလောက်ပံ့ပိုးမှုတွေရှိရဲ့နဲ့ ဒီရုပ်ရှင်ကို ဖြစ်အောင်မရိုက်နိုင်ရင် အားလုံးက ညံ့ရာကျလိမ့်မယ်။ အဲ့ဒါကြောင့် ဒီဇာတ်ကားကိုမဖြစ်ဖြစ်အောင် ရိုက်မယ်ဆိုပြီး အစ်ကိုတာဝန်ယူပြီး ခေါင်းခံလိုက်တာပါ။

Voice : ဒီဇာတ်ကားကို ကိုလူမင်းက ဒါရိုက်တာအဖြစ်ရိုက်ကူးပေးမယ်လို့ သတင်းထွက်ပေါ်လာတော့ ဝေဖန်ကြတဲ့သူတွေလည်း ရှိတဲ့အပေါ်ကိုရော ဘယ်လိုခံစားရလဲ။
LM : ကိုယ့်ရဲ့ မိသားစုဝင်တွေနဲ့  အသိမိတ်ဆွေတော်တော်များများက ဒီဇာတ်ကားကို ဒါရိုက်တာအဖြစ် ရိုက်ကူးပေးဖို့ လက်ခံတာကို တားကြပါတယ်။ ဒီဇာတ်ကားကြီးက တာဝန်ကြီးလွန်းလို့ပါ။ အမှားအယွင်း၊ အတိမ်းအစောင်းလည်း မခံဘူးပေါ့နော်။ ကိုယ့်ဘာသာ ဒီတိုင်းနေတာအကောင်း၊ ဒီကားရိုက်လိုက်တော့မှ ပြောဆိုဝေဖန်ခံရမယ်ပေါ့။ ဝေဖန်မှုတွေကိုကြောက်လို့ မလုပ်ဘူးဆိုရင် ဒီလို အခွင့်အရေးမျိုးက နောက်တစ်ကြိမ်လာဖို့  မျှော်လင့်လို့မရဘူး။ ဒီလို အခွင့်အရေးမျိုး၊ ဒီလိုပံ့ပိုးကူညီမှုမျိုးရတဲ့အချိန်မှာ အစ်ကိုကတော့ ခေါင်းမရှောင်ချင်ဘူး။ အဲ့ဒါကြောင့် အစ်ကိုက ခေါင်းဝင်ခံပြီးတော့ ဒီကားကြီးကို မဖြစ်ဖြစ်အောင်၊ အောင်မြင်အောင်ရိုက်မယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ဒီကားအတွက် ဇာတ်ညွှန်းပိုင်းကိုလည်း ကိုယ်တို့အများကြီး ပြင်ဆင်ရပါဦးမယ်။ မူလပထမတုန်းက ဆရာဦးချစ်ဦးညို၊ ဒါရိုက်တာ ဦးကြည်စိုးထွန်း၊ ဇာတ်ညွှန်းရေးဆရာ ဦးမြမြင့်မိုရ်ရယ် သုံးယောက်ရေးပြီးသား ဇာတ်ညွှန်းရှိပါတယ်။ အဲ့ဒီဇာတ်ညွှန်းကြီးရော၊ ကိုးကားချက်တွေအားလုံးပါ ပေါင်းပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှာပါတဲ့ ဒါရိုက်တာတွေနဲ့ ဇာတ်ညွှန်းရေးဆရာတွေက ပြန်ပေါင်းပြီးတော့ ရေးထားတဲ့ ဇာတ်ညွှန်းတစ်အုပ်တော့ရှိတယ်။ အစ်ကိုကတော့ အဲ့ဒီဇာတ်ညွှန်းကိုပဲ ကိုင်ပြီးတော့ ရိုက်ပါမယ်။ ဒီဇာတ်ညွှန်းကိုလည်း ပိုပြီး ကောင်းသထက် ကောင်းအောင်၊ လိုအပ်ချက်တွေ နည်းသထက်နည်းအောင် ပြင်ဆင်ပြီးတော့မှ ရိုက်ပါမယ်။ 

Voice : ဇာတ်ကားရိုက်ကူးရေးပိုင်းကိုရော ဘယ်တော့လောက်စဖို့ လျာထားလဲ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဘဝဇာတ်ကြောင်းမှာ ဘယ်အပိုင်းတွေကို အဓိကထားပြီး ရိုက်ပြမလဲ။
LM : အခုကတော့ အစ်ကိုကလုပ်ငန်းစဉ်တွေကို တစ်ပြိုင်နက် ဖြန့်ကြက်ပြီးတော့ လုပ်နေပါတယ်။ ရေးပြီးသား ဇာတ်ညွှန်းမူကြမ်းကို ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်နေတယ်။ ဒီဇာတ်ညွှန်းထဲကအတိုင်း ကြိုတင်ပြင်ဆင်လို့ရတာတွေ အကုန်လုံးကို ဝန်ကြီးဌာနအသီးသီးကလည်း စပြီးပြင်ဆင်နေပါပြီ။ ဒီဇာတ်ကားကြီးက သမိုင်းတွင်မယ့်၊ သမိုင်းဝင်မယ့် ဇာတ်ကားကြီးဖြစ်တဲ့အတွက် အစ်ကိုက ဒီဇာတ်ကားအတွက် နံပါတ်တစ်အချိန်ပေးပြီး လုပ်ရမှာပါ။ကိုယ့်အလုပ်တွေနဲ့ တိုက်လာရင်တောင် ကိုယ့်အလုပ်ကို ဖျက်ပြီး နားပြီးတော့ ဒီကားအတွက်ကိုပဲ လုပ်မှာပါ။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကတော့ သမိုင်းတစ်လျှောက် အကုန်လုံး ကောင်းကွက်တွေချည်းပါပဲ။ ဘာမှဖြုတ်ရက်စရာ မရှိပါဘူး။ အဲ့ဒီ အကောင်းကြီးတွေ အားလုံးထဲက ရုပ်ရှင်ဖြစ်အောင် ရိုက်ပြဖို့လည်း လိုသေးတာကိုး။ နို့မို့ဆိုရင် သမိုင်းမှတ်တမ်းကားကြီး ဖြစ်သွားမှာလည်း စိုးတယ်။ အဲ့ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာအကုန်လုံးတော့ မပါနိုင်ဘူး။ မဖြစ်မနေ ပါသင့်တယ်လို့ အကြံပေးကြတာတွေကပဲ ရုပ်ရှင်သုံးကားစာလောက် ဖြစ်နေသေးတယ်။ အဲ့ဒါတွေထဲက အရေးကြီးတာတွေကို ပြန်ပြီး ရွေးထုတ်ရိုက်ပြရမှာပါ။ 

သန့်ဇင်ဦး