News

POST TYPE

RELAX

သဇင်ပန်းခိုင်ဂျာနယ်မှ သတင်းထောက်တစ်ဦးကို စရဖတစ်ဦး လုပ်ကြံမှုနှင့်ဖမ်းဆီး
09-Oct-2018
စစ်တွေ၊ အောက်တိုဘာ ၉

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင် (စရဖ) တပ်ကြပ်တစ်ဦး လုပ်ကြံရခြင်းနှင့်ပတ်သက်ပြီး သဇင်ပန်းခိုင် သတင်းဂျာနယ်မှ သတင်းထောက် အောင်ဇော်လင်း(ခ) အောင်ချေကို  အောက်တိုဘာလ ၉ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်အချိန်က စစ်တွေမြို့ မီးစက်ကြီး လမ်းဆုံ၌ဖမ်းဆီးခဲ့ကြောင်း မြို့မရဲစခန်းမှသိရသည်။

“ကျနော်တို့ရရှိထားတဲ့ သတင်းအချက်အလက်အရ စစ်ဆေးမေးမြန်းဖို့ခေါ်တာ ဖြစ်တယ်။”ဟု စစ်တွေမြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အေးကျော်ကပြောသည်။

အောင်ဇော်လင်းသည် အဝေးသင် ရူပဗေဒ တတိယနှစ်ကို စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသူတစ်ဦးလည်းဖြစ်သဖြင့် စာမေးပွဲဖြေဆိုပြီးပြန်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သူ၏ သူငယ်ချင်းများထံမှ သိရသည်။

“ကျနော်တို့သုံးဦး လာကြတယ်။ အဲဒီမှာ သူ့ကို ဟိုက်ဂျက်ကားပေါ်က ရဲတွေဆင်းပြီး လက်ထိပ်ခတ်တယ်။ ကျနော်တို့က ဘာလို့ခတ်တာလဲ။ ဒီအတိုင်းခေါ်လည်းရပါတယ်။ ကျနော်တို့လည်း အဲလိုဆိုလိုက်မယ်ဆိုတော့ မင်းတို့နဲ့မဆိုင်လို့ပြောတယ်”ဟု အောင်ဇော်လင်း၏မိတ်ဆွေ အဝေးသင်တက္ကသိုလ်ကျောင်းသားက ပြန်လည်ပြောပြသည်။

၎င်းသည် အဆိုပါ တပ်ကြပ်သေဆုံပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် တစ်ကြိမ်၊ စစ်တွေမြို့နယ်၊ နယ်မြေရဲစခန်းမှ ခေါ်ယူမေးမြန်းခြင်း ခံရဖူးသည်။

လက်ရှိအချိန်၌ အောင်ဇော်လင်းကို  ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့် အောက်တိုဘာလ ၉ ရက်နေ့မှ ၂၂ ရက်နေ့ထိ ချုပ်ရမန်ယူထားပြီး၊ စစ်တွေမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားသည်။

“ကျနော်တို့ သတင်းထောက်တစ်ဦးကို အခုလိုဖမ်းတာ လုံးဝ ဆန့်ကျင်တာပေါ့။ သူ လူမှုရေးတွေမှာ တက်တက်ကြွကြွ လှုပ်ရှာမှုရှိသူဖြစ်တဲ့အတွက် အမှားလုပ်လိမ့်မယ်လို့ မထင်၊ တိုက်အနေနဲ့လည်း သူအတွက် ဘာတွေလုပ်ပေးမယ်ဆိုတာ အခုတိုင်ပင်နေကြပါတယ်”ဟု သဇင်ပန်းခိုင်သတင်းဂျာနယ်မှ သတင်းထောက်ချုပ် ကိုဖိုးသားကဆိုသည်။

ထို့အပြင် တပ်ကြပ်လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး စစ်တွေဒေသခံ ၃ ဦးနှင့် ရန်ကုန်မြို့မှ ၂ ဦးတို့ကိုလည်း ပုဒ်မ ၃၀၂ ဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့မှ အောက်တိုဘာလ ၁၂ ရက်နေ့ထိ ချုပ်ရမန်ယူထားကြောင်း ရဲအုပ်အေးကျော်ထံမှ သိရသည်။

တပ်ကြပ်ဝင်းထိုက် (ခ) ဖိုးလုံးသည် စက်တင်ဘာလ ၂၅ ရက်နေ့ ညနေပိုင်းအချိန်၌ ဇနီးနှင့်အတူ စစ်တွေမြို့ ဈေးပွဲတော်တွင် လျှောက်လည်နေကြစဉ် ၎င်းအား ၉ မမ သေနတ်ကျည်ဆန်ဖြင့် ပစ်ခတ်လိုက်သဖြင့် ဦးခေါင်းနောက်စေ့ အပျော့ပိုင်းမှဝင်ရောက်ကာ ရှေ့ဘက် နှာခေါင်းအနီး ဖောက်ထွက်သွားပြီး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

R-22