News

POST TYPE

RELAX

အောင်ရဲထွေး အသတ်ခံရမှု အစကနေ ပြန်လည်စစ်ဆေးမည်
09-Oct-2018

ရန်ကုန်၊ အောက်တိုဘာ ၉

သရုပ်ဆောင် အောင်ရဲထွေးအသတ်ခံရမှုတွင် တရားလိုပြသက်သေ ၁၆ ဦးစစ်ဆေးပြီးဖြစ်သော်လည်း အစကနေ ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ သိရသည်။

“ရာဇဝတ်ကျင့်ထုံး ဥပဒေ ၃၅၁ အရ ဒီအမှုမှာ ပါဝင်တဲ့ တရားလိုပြသက်သေတွေကို ပြန်ခေါ်ပြီး အစကနေ ပြန်စစ်ဆေးမယ်။ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ စစ်မယ်”ဟု ယင်းအမှုကို ကိုင်တွယ်စစ်ဆေးနေသော တွဲဖက်ခရိုင်တရားသူကြီး ဦးမြင့်ဟန်ကပြောသည်။

အဆိုပါအမှုတွင် တရားလိုပြသက်သေ ၂၂ ဦးပါဝင်ပြီး ဒုခရိုင်တရားသူကြီး ဦးအောင်ကြည်က ယင်းအမှုကို ကိုင်တွယ်စစ်ဆေးခဲ့စဉ်အချိန်က လိုပြသက်သေ ၁၆ ဦးကို စစ်ဆေးပြီးချိန် စွဲချက်မတင်မီ အမှုရုပ်သိမ်း၍ လူသတ်မှုဖြင့် တရားစွဲဆို စစ်ဆေးခံရသော သားကြီး (ခ) သန်းထွဋ်အောင် အပါအဝင် သုံးဦးကို အမှုမှ တရားရှင်လွှတ်ပေးခဲ့သည်။

ယင်းအမိန့်ကိုပယ်ဖျက်၍ အမှုပြန်လည်စစ်ဆေးရန် စက်တင်ဘာလ ၂၄ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမိန့်ချမှတ်ပြီးနောက် ယနေ့တွင် အရှေ့ပိုင်းခရိုင် တရားရုံးရှိ တွဲဖက်ခရိုင်တရားသူကြီး (၂) ရုံးခန်း၌ အမှုမှပြန်လည်ဖမ်းဆီးထားသူ သားကြီး (ခ) သန်းထွဋ်အောင်တို့ သုံးဦးကို ရုံးထုတ်ခဲ့သည်။

လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် တရားရင်ဆိုင်ရမည့် သားကြီး (ခ) သန်းထွဋ်အောင်၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇော (ခ) ကျော်ဇောဟန်တို့ဘက်မှ အမှုလိုက်ပါ ဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရွှေလှိုင်တင်၊ ဦးချစ်ကိုကိုနှင့် ဓနုဖြူ ဦးစိုးမြင့်တို့ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၁၆ ရက်နေ့တွင် အဆိုပါအမှုမှ လိုပြသက်သေ ငါးဦးအနက် သုံးဦးကို စတင်စစ်ဆေးမည်ဖြစ်သည်။

အောင်ရဲထွေး အသတ်ခံရမှု ရုပ်သိမ်းခွင့်ပြုခဲ့မှုကြောင့် ရန်ကုန်တိုင်း ဥပဒေချုပ်ဟောင်း ဦးဟန်ထူး အပါအဝင် ခြောက်ဦးမှာ အဂတိအမှုဖြင့် တိုင်းတရားလွှတ်တော်တွင် လက်ရှိ တရားစွဲဆိုစစ်ဆေးခံနေရသည်။

S-03