News

POST TYPE

RELAX

အောင်ရဲထွေးအသတ်ခံရမှု ရုပ်သိမ်းရန် ကျပ်သိန်း ၇၂၀ ကျော် လာဘ်ထိုးခဲ့ဟုဆို
13-Sep-2018

ရန်ကုန်၊ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဦးဟန်ထူးနှင့် ၆ ဦးက သရုပ်ဆောင်အောင်ရဲထွေး အသတ်ခံရမှုကို တရားစွဲခံရသူများ၏ မိဘများထံမှ လာဘ်ငွေ ကျပ်သိန်း ၇၂၀ နှင့် တံစိုးလက်ဆောင်များကိုရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး ကျပ်သိန်း ၁၅၀၊ Blue Label တစ်လုံးနှင့် အင်္ကျီတစ်ထည်။ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀၊ ခရိုင်ဥပဒေ အရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀ နှင့် Gold Label တစ်လုံး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည် တစ်ထည်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃၀ နှင့် ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုက ကျပ်သိန်း ၃၀ ကို ရယူခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ဦးကျော်စိုးကဆိုသည်။

နှစ်သစ်ကူးညကဖြစ်ပွားခဲ့သော အောင်ရဲထွေး အသတ်ခံရမှုအပေါ် အရှေ့ပိုင်းခရိုင် တရားရုံးက ရုပ်သိမ်းမှုပြုခဲ့ခြင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အမှုရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ်အောင်ဖန်တီးကာ တရားခံများ၏မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကိုတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ယနေ့ (စက်တင်ဘာ ၁၃ ရက်)မွန်းလွဲပိုင်းတွင် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်သည်။