News

POST TYPE

RELAX

ကျော်ကျော်ဗိုနဲ့ တွေ့ဆုံခြင်း
09-Sep-2018
“အစ်ကိုနဲ့ နေတိုးက ရုပ်ရှင်တစ်ကားရိုက်မယ်ဆိုရင် ဈေးကွက်တို့၊ ပရိသတ်တောင်းဆိုမှုတို့ကို မစဉ်းစားဘူး”



သရုပ်ဆောင် ကျော်ကျော်ဗိုနဲ့ တွေ့ဆုံပြီး ထိုင်းနိုင်ငံမှာ သွားရောက်ရိုက်ကူးမယ့် “ Lady Boy ” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်ရမယ့်ဇာတ်ကောင်စရိုက်အကြောင်း၊ ဇာတ်ကားအတွက် ကြိုတင်ပြင်ဆင်မှုအပိုင်းများ၊ သူငယ်ချင်းနေတိုးနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား အတူရိုက်ကူးမယ့်အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ထိုင်းနိုင်ငံမှာ သွားရိုက်ရမယ့် “ Lady Boy ”ရုပ်ရှင်မှာ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်အကြောင်းကနေ စပြီးပြောပြပေးပါဦး။
KKB : ဒီကားမှာတော့ ကျွန်တော်က ထိုင်းမှာအခြေချနေတဲ့ မြန်မာတစ်ယောက်ပေါ့နော်။ စားနိုင်၊ သောက်နိုင်၊ ဝတ်နိုင်တယ်။ အဆင်ပြေတယ်ပေါ့။ ထိုင်းကောင်မလေးတစ်ယောက်နဲ့လည်း ရည်းစားဖြစ်နေတယ်ပေါ့။ အလုပ်အကိုင်အနေနဲ့ကတော့ ကလပ်တစ်ခုမှာ Dancer လုပ်တယ်။ Sexy Dance ပုံစံမျိုးကရတယ်ပေါ့။ ဒီဇာတ်ကားရိုက်ဖို့အတွက် အကတွေလည်း ကြိုသင်ထားပါတယ်။

Voice : ကိုယ်တိုင်ရော Sexy Dance ပုံစံကရမှာဆိုတော့ ဘယ်လိုခံစားမှုရှိလဲ။
KKB : Sexy Dance ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အကကတော့ အကပါပဲ။ အကပေါ်မူတည်ပြီး ခန္ဓာကိုယ်လှုပ်ရှားမှုပုံစံ၊ အနည်းငယ်ပြောင်းသွားတာပဲ ရှိပါတယ်။ Sexy ဘက်ကိုသွားတဲ့ ကိုယ်ဟန်လေးတွေပြောင်းရတာပေါ့။ ဒီလောက်ပါပဲ။ အခုချိန်အထိတော့ Sexy Dance မကဖူးသေးဘူး။ ဒါပေမဲ့ ကရတာ အရမ်းကြီးတော့ မခက်ခဲပါဘူး။ Life & Dance အကအဖွဲ့က အကဆရာ မင်းမင်းထွန်းနဲ့ ကြိုသင်ထားတယ်။ ကရမယ့် ကကွက်တွေကအစ သူစဉ်းစားပေးပါတယ်။

Voice : ဒီဇာတ်ကားက ထိုင်း-မြန်မာ နှစ်နိုင်ငံက အနုပညာရှင်တွေပူးပေါင်း ရိုက်ကူးမယ့် ဇာတ်ကားဆိုတော့ ကိုယ့်အတွက် ဘာတွေရော ထူးခြားမှုရှိမယ်ထင်လဲ။
KKB : အရင်တုန်းကဆိုရင် အစ်ကိုတို့က ထိုင်းမှာဇာတ်ကားသွားရိုက်ရင် မသိအောင်ခိုးရိုက်ကြရတာလေ။ ကင်မရာကို အဝေးကနေထောင်ထားပြီးတော့ သရုပ်ဆောင်တွေကို ဘယ်နေရာကနေဖြတ်လာနော်၊ ဘယ်လို ဝင်သွားဆိုပြီး ပြောထားတာလေ။ အဲဒီလို ခိုးရိုက်နေရတာက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုနည်းစေတယ်။ ကိုယ့်အနုပညာဖန်တီးမှုအတွက် အနုတ်လက္ခဏာပြစေတယ်။ အခုရိုက်မယ့်ကားကတော့ ထိုင်းဘက်က ထုတ်လုပ်ရေးတစ်ခုနဲ့ပူးပေါင်းလိုက်တဲ့အတွက် တရားဝင်သွားရိုက်ခွင့်ရတယ်။ အဲ့ဒီအတွက် ကိုယ့်ရဲ့အနုပညာဖန်တီးမှုအပိုင်းမှာ ယုံကြည်မှုပိုရလာတာပေါ့။ အရင်တုန်းက ခိုးရိုက်ရတာဆိုတော့ စိတ်ထဲမှာသိမ်ငယ်သလိုခံစားရတယ်။

Voice : မကြာခင်ရက်ပိုင်းအတွင်းက အနုပညာလောကရဲ့ လိုအပ်ချက်အချို့ကို ထောက်ပြထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အွန်လိုင်းမှာ တင်ဖြစ်တာတွေ့ရတယ်။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ တင်ဖြစ်ခဲ့တာလဲ။
KKB : အဲဒါကတော့ ကိုယ့်အနုပညာလောကက သူတွေကို Awareness ပေးတဲ့သဘောပါပဲ။ တစ်ခါတလေကျရင် ကျွန်တော်တို့အနုပညာသမားတွေက လူမှုပတ်ဝန်းကျင်မှာ နေထိုင်သင့်တဲ့ ပုံသဏ္ဌာန်တွေကို ပရိသတ်တွေသိအောင် ပညာပေးတဲ့အနေနဲ့ရိုက်ပြကြတာရှိတယ်။ ကျွန်တော်တို့ အနုပညာလောကမှာလည်း ကိုယ့်ကိုယ်ကိုယ် ပညာပြန်ပေးဖို့ လိုတယ်လို့ ခံစားမိတယ်လေ။ ကျွန်တော့်ကို ကျွန်တော်ပညာပေးတဲ့အနေနဲ့လည်း ပါပါတယ်။ အနုပညာလောကမှာ ရပ်တည်ရှင်သန်ရတာ နည်းနည်းလေး လိပ်ပြာမလုံသလို ခံစားလာရတဲ့အတွက် ဒီဗီဒီယိုဖိုင်လေးကို တင်လိုက်တာပါ။ နောက်ပိုင်းမှာ ကိုယ်ဖန်တီးမယ့်အနုပညာတွေကို ကိုယ်တိုင်ကြိုက်မှ ပရိသတ်ကိုပြချင်တော့တယ်။ ကိုယ်တောင်မကြိုက်ဘဲနဲ့ ပရိသတ်ကို ဘာလို့ပြနေရတာလဲဆိုပြီး လိပ်ပြာမလုံသလို ခံစားလာရတယ်။ အဲဒီလိုမျိုး မဖြစ်ချင်တော့ဘူး။

Voice : သူငယ်ချင်းဖြစ်တဲ့ နေတိုးနဲ့ရော ဇာတ်ကားတွေအတူ တွဲရိုက်ဖို့ရော ရှိဦးမလား။ ဖေ့စ်ဘွတ်ခ်မှာတော့ ဇာတ်ကားရိုက်ဖို့တိုင်ပင်နေကြတဲ့ ဓာတ်ပုံတွေ တက်လာတာတွေ့ရလို့ပါ။
KKB : အစ်ကိုနဲ့ နေတိုးက နှစ်ယောက်တွဲရိုက်ဖို့ပြောထားကြတဲ့ ဇာတ်လမ်းတွေ အများကြီးပါပဲ။ အဲဒီအထဲကမှ စိတ်ကြိုက်ဖြစ်တဲ့ဇာတ်လမ်းတစ်ခုကို ပြန်ရွေးလိုက်ပြီး ဒီဇင်ဘာလထဲမှာ စရိုက်ဖို့ရှိပါတယ်။ ဇာတ်လမ်းကတော့ သူရော၊ ကိုယ်ရော၊ ရိုက်ပေးမယ့်ထုတ်လုပ်သူရော ကြိုက်မယ့်ဇာတ်လမ်းမျိုးကိုရွေးမှာပါ။ အဓိကကတော့ အစ်ကိုနဲ့ နေတိုးက ရုပ်ရှင်တစ်ကားရိုက်မယ်ဆိုရင် ဈေးကွက်တို့၊ ပရိသတ်တောင်းဆိုမှုတို့ ကိုမစဉ်းစားဘူး။ အစ်ကိုတို့ ရိုက်မယ့်ဇာတ်ကားကို ဘယ်လိုကောင်းအောင်လုပ်ရမလဲ၊ ဘယ်လိုဆန်းအောင် ရိုက်ပြရမလဲဆိုတာကိုပဲစဉ်းစားတယ်။ ဒီဇာတ်ကားပြရင် ပရိသတ်တွေမကြိုက်လောက်ဘူးဆိုတာကို မစဉ်းစားပါဘူး။

Voice : အစ်ကိုတို့နှစ်ယောက်တွဲရိုက်ထားတဲ့ “ပြုံးရွှင်ရေပျော်ရဲ့လား” ဇာတ်ကားကလည်း ဒီနှစ်ထဲမှာ ရုံတင်တော့မယ်လို့ကြားတယ်နော်။
KKB : ဒီဇာတ်ကားလေးကတော့ ဇာတ်သဘင်လောကအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်ကားမှာ အစ်ကိုနဲ့ နေတိုးက လူရွှင်တော်တွေအဖြစ် သရုပ်ဆောင်ထားပါတယ်။ ရွှေမှုံရတီကတော့ ဇာတ်မင်းသမီးပေါ့။ လူရွှင်တော်နှစ်ယောက်က ပရိသတ်ကိုသာ ပျော်အောင်တင်ဆက်နေရတယ်၊ သူတို့ရင်ထဲမှာသောကတွေရှိနေတယ် ဆိုတာလေးကို ရိုက်ပြထားတာပါ။ မိသားစုအရေး၊ အချစ်ရေးနဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ရောယှက်ပြီး ရိုက်ပြထားပါတယ်။ ဒီကားအပြင် နေတိုးနဲ့ “မုန်းစွဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးလည်း ရိုက်ထားပါသေးတယ်။

သန့်ဇင်ဦး