News

POST TYPE

RELAX

စိုးသူနဲ့ တွေ့ဆုံခြင်း
07-Sep-2018


“တစ်ချိန်မှာ အမှန်တရားပေါ်လာမှာပါ။ အမှန်တရား မပေါ်ခင်အချိန်မှာ စောင့်ကြည့်ရတဲ့ ကာလတွေ ဆိုတာတော့ ရှိတာပေါ့”

ဇာတ်ကားရိုက်ကူးမှုတွေ ဆယ်စုနှစ်နဲ့ချီပြီး ရပ်နားထားတဲ့ သရုပ်ဆောင်စိုးသူနဲ့တွေ့ဆုံပြီး မကြာခင် ရိုက်ကူးတော့မယ့် “တရားလား” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ဖြစ်ပုံ၊ ဇာတ်ကောင်စရိုက်အကြောင်း၊ လက်ရှိရင်ဆိုင်နေရတဲ့ အမှုကိစ္စအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုစိုးသူ မြန်မာပြည်ကို ပြန်ရောက်ကတည်းက ဇာတ်ကားတွေရိုက်ဖို့ ကမ်းလှမ်းကြပေမယ့် လက်မခံခဲ့ဘူးနော်။ တရားလား ရုပ်ရှင်ဇာတ်ကားကိုကျတော့ ဘာကြောင့် လက်ခံဖြစ်တာလဲ။
ST : ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်ခါစက ရန်ကုန်မှာ One Man Show လုပ်ခဲ့တယ်။ အဲဒီမတိုင်ခင်မှာ ဇာတ်ကားတွေရိုက်ဖို့ လာပြောကြတာတွေရှိတယ်။ ကြော်ငြာလေးတွေတော့ ရိုက်ဖြစ်တယ်။ ကြော်ငြာတွေ ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်မိတာက အရင်တုန်းကလည်း ဒါတွေလုပ်တယ်။ အခုလည်း ဒါတွေလုပ်တယ်။ ဘာတွေများ ထူးထူးခြားခြား ပြောင်းလဲသွားလဲပေါ့နော်။ ငါဘာတွေ တိုးတက်အောင် လုပ်နိုင်လဲ၊ ပရိသတ်အပေါ်ကိုရော တာဝန်ကျေရဲ့လားလို့ စိတ်ထဲမှာဖြစ်မိပါတယ်။ ကိုယ့်ဘက်က ခွန်နဲ့အားနဲ့တာဝန်ကျေအောင် မဆောင်ရွက်နိုင်ဘူးဆိုရင် တာဝန်မကျေဘူးလို့ ယူဆတယ်လေ။ တာဝန်မကျေတဲ့ အနုပညာဖန်တီးမှုတွေကို မလုပ်ချင်ဘူး။ ကျွန်တော့် တစ်ယောက်တည်းအမြင်နဲ့ပြောတာပါ။ အဲဒါကြောင့် ဇာတ်ကားတွေ မရိုက်ဖြစ်ခဲ့တာပါ။

Voice : အစ်ကိုက အဖေခန်းတွေ မရိုက်ချင်သေးလို့ တချို့ဇာတ်ကားတွေကို ငြင်းခဲ့တယ်လို့တော့ ကြားခဲ့ဖူးတယ်။ အဲဒါရော ဟုတ်လားဗျ။
ST : ကျွန်တော်က အဖေခန်းဖြစ်ဖြစ်၊ အဘိုးခန်းဖြစ်ဖြစ် ရိုက်ပါတယ်။ တစ်ခန်းတည်း ပါရလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်နဲ့ အဆင်ပြေမယ့်၊ ပရိသတ်တွေအားလုံးလည်း ခံစားလို့ရမယ့် ဇာတ်ရုပ်မျိုးတော့ဖြစ်ဖို့ လိုတာပေါ့နော်။ ကျွန်တော်ပြောခဲ့သလိုပဲ အနုပညာအပေါ်ထားတဲ့ ခံစားချက်ကတော့ နည်းနည်းပြောင်းလဲသွားတယ်။ အဲဒါကတော့ အသက်အရွယ်ကြောင့်လား၊ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေကြောင့်လားမသိဘူး။ ကျွန်တော် အခုချိန်မှာ ရိုက်ချင်တာက ဘဘဦးသုခတို့ရိုက်ခဲ့တဲ့ ရဟန်းမစားရသော ဆွမ်းတစ်နပ်တို့၊ တစ်ပါးသီလတို့လို ဇာတ်ကားတွေရိုက်ချင်တယ်။ ဒါပေမဲ့ ကိုယ့်အနေနဲ့ ဒီလို ဇာတ်ကားကြီးတွေကို ရိုက်နိုင်ပါ့မလားလို့ ပြန်စဉ်းစားရတယ်။ ဒီလိုဇာတ်ကားမျိုကျတော့ ဘက်စုံထောင့်စုံက ကောင်းမှ အဆင်ပြေမှာလေ။

Voice : “တရားလား” ရုပ်ရှင်မှာ ကိုစိုးသူ သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်ကရော ဘယ်လိုပုံစံမျိုးဖြစ်မလဲ။
ST : ဒီဇာတ်ကားမှာ ကျွန်တော်က စီးပွားရေးသမားပေါ့။ စီးပွားရေးလုပ်တိုင်းလည်း အောင်မြင်တယ်။ သူနေတဲ့ မြို့မှာလည်း မြို့မျက်နှာဖုံးသူဌေးပေါ့။ သူက လုပ်တိုင်းလည်း အဆင်ပြေလာတော့ သူလုပ်တဲ့ လုပ်ရပ်တွေက တရားလား၊ မတရားလားဆိုတာ မသိတော့ဘူး။ သူ့လိုလူမျိုးတွေနဲ့တွေ့လာတဲ့အခါမှာ ပေါက်ကွဲတယ်ပေါ့နော်။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာမျိုးကို အခြေခံထားတာဆိုတော့ အင်မတန်ကောင်းပါတယ်။ ဒီကားမှာ ကိုယ်နဲ့အတူ ပါဝင်ရမယ့် ပြေတီဦးရော၊ ဝတ်မှုန်ရွှေရည်ရောက အရမ်းချစ်စရာကောင်းတဲ့ ညီတွေ၊ ညီမတွေပါ။ သူတို့နဲ့လည်း အပြင်မှာ ခင်လည်းခင်ကြပါတယ်။ ဒီဇာတ်ကားမှာလည်း အကုန်လုံး တိုင်တိုင်ပင်ပင်နဲ့ ကြိုးစားကြမှာပါ။

Voice : တစ်လောက ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားမှုတစ်ခု ဖြစ်ခဲ့သေးတယ်နော်။ အဲဒီအမှုရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။
ST : အဲဒီအမှုကတော့ ရှင်းစရာမလိုပါဘူး။ တစ်ချိန်မှာ အမှန်တရားပေါ်လာမှာပါ။ အမှန်တရား မပေါ်ခင်အချိန်မှာ စောင့်ကြည့်ရတဲ့ ကာလတွေဆိုတာတော့ ရှိတာပေါ့။ ဒါတွေက အရေးမကြီးပါဘူး။ ဒါတွေက ဘဝမှာ လူတိုင်းကြုံရတဲ့ကိစ္စတွေပဲလေ။ အနည်းနဲ့အများပဲ ကွာကြမှာပါ။ နောက်ပြီး လောကဓံရှစ်ပါးထဲမှာလည်း ဒါတွေက ပါနေတာပဲလေ။ သုခ၊ ဒုက္ခ ဆိုတာက လူတိုင်းလည်း ကြုံရမှာပဲ။ ကြီးတာနဲ့သေးတာပဲ ကွာပါတယ်။ အဲဒီအကြောင်းကိုတော့ ဒီလောက်ပဲပြောပါရစေ။ လောလောဆယ်မှာတော့ ကျွန်တော့်ရှေ့နေနဲ့ လွှဲထားတယ်။ အချိန်တန်တော့လည်း အားလုံးရှင်းသွားမှာပါ။ ပရိသတ်တွေကိုလည်း စိတ်မပူကြဖို့ ပြောချင်ပါတယ်။

Voice : ဆရာမဂျူးရဲ့ ကျွန်မ၏သစ်ပင် ဝတ္ထုကို ဒါရိုက်တာဝိုင်းက ကိုစိုးသူ၊ စိုင်းစိုင်းခမ်းလှိုင်တို့နဲ့ ရုပ်ရှင်ရိုက်မယ်ဆိုတာရော ဘယ်တော့လောက်ဖြစ်မလဲ။
ST : အဲဒီဇာတ်ကားလေးကတော့ စိုင်းစိုင်းကိုယ်တိုင်လည်း အရမ်းကို အားထားထားတယ်။ ဝတ္ထုကလည်း တကယ့်ကို ကောင်းပါတယ်။ ကျွန်တော်က စဉ်းစားနေတာ ကြာသွားလို့သူတို့ကို အကြောင်းမပြန်ခဲ့တာပါ။ အခုတော့ လက်ခံထားပြီးဖြစ်တဲ့အတွက် မကြာခင် စရိုက်ကြတော့မှာပါ။ ကျွန်တော့်ရဲ့ ကာရိုက်တာကတော့ ဂီတသမားပေါ့။ ဂီတကိုချစ်မြတ်နိုးပြီးတော့ မာနလည်းကြီးတယ်ပေါ့။ ဆရာမဂျူးက သေချာကို ပုံဖော်ရေးထားပါတယ်။ ဒီဇာတ်ကား ရိုက်ဖို့ အားတွေလည်း ထည့်ထားတယ်။ ကိုဝိုင်းတို့၊ စိုင်းစိုင်းတို့နဲ့လည်း သေချာတိုင်ပင်ထားကြပါတယ်။

Voice : ဒီဇာတ်ကားမှာ အဓိကမင်းသမီးနေရာက မကြီးစိုး( စိုးမြတ်သူဇာ) လို့လည်းကြားနေတယ်။ အဲဒါရော ဟုတ်လား။
ST : ဒီဇာတ်ကားမှာ မင်းသမီးနေရာကတော့ ဆရာမ ဂျူးရေးထားတဲ့ ဇာတ်ရုပ်နဲ့ လိုက်မယ့်မင်းသမီးမျိုးကို လျာထားပါတယ်။ မကြာခင် အတည်ပြုတော့မှာပါ။ ဒီဇာတ်လမ်းက မစိုးမြတ်သူဇာနဲ့လည်း လိုက်ဖက်ပါတယ်။ ဒီဇာတ်ရုပ်နဲ လိုက်တဲ့ မင်းသမီးက နှစ်ယောက်၊ သုံးယောက်လောက်ပဲ ရှိမယ်ထင်တယ်။ ကျွန်တော်ကတော့ ဘယ်သူနဲ့ပဲ ဆုံဆုံပါ။ ကိုယ်ကားပြန်ရိုက်တဲ့အချိန်မှာ အကြီးနဲ့ဆုံဆုံ၊ အငယ်နဲ့ဆုံဆုံ၊ အသစ်နဲ့ဆုံဆုံ၊ အဟောင်းနဲ့ဆုံဆုံ ဇာတ်ကားကောင်းတစ်ကားဖြစ်အောင် ကြိုးစားကြမှာပါ။

သန့်ဇင်ဦး



  • VIA