News

POST TYPE

RELAX

ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် တွေ့ဆုံခြင်း
05-Sep-2018

ဂေါက်ရောဂါ

“ဒီရောဂါကို ကာကွယ်ဖို့က အစားအသောက်၊ အနေအထိုင်တွေကို ပိုပြီးတော့ဂရုစိုက်ပြီး ကာကွယ်စေချင်ပါတယ်”



ရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း လူလတ်ပိုင်းအမျိုးသားများတွင် ပိုမိုအဖြစ်များသည်။ အဆိုပါရောဂါနှင့်ပတ်သက်၍ အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ခြေဆစ်လက်ဆစ်တွေရောင်ရမ်းတဲ့ ဝေဒနာခံစားရတဲ့သူတွေကို တွေ့ဖူးပါတယ်။ အဲဒီလိုဖြစ်ရတဲ့ အခြေအနေလေးတွေကို ပြောပြပေးပါဦးဆရာ။
Dr.MAKN : ခြေဆစ်လက်ဆစ်တွေ ရောင်တဲ့အခါမှာ တစ်ဆစ်တည်းရောင်ရင်တော့ ထိမိခိုက်မိတာရယ်၊ ပိုးဝင်လို့ရောင်တာရယ်၊ Uric Acid များလို့ဖြစ်တဲ့ ဂေါက်ရောဂါရယ်ဆိုပြီး စဉ်းစားရတယ်။ ဒါတွေထက် ပိုအရေးကြီးတာက အဆစ်များများရောင်တာပေါ့။ တစ်ဆစ်ထက်ပိုပြီး အဆစ်များများရောင်တာလည်းရှိတယ်။ ဒီနေရာမှာ နှစ်မျိုးထပ်ခွဲထားတယ်။ တစ်ခုက ခြေချောင်း၊ လက်ချောင်းမှာရှိတဲ့ အဆစ်သေးသေးလေးတွေရောင်တာ၊ နောက်တစ်ခုက လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ဒူးဆစ်နဲ့ ခြေကျင်းဝတ်တွေလို အဆစ်ကြီးရောင်တာရှိတယ်။

Voice : ဟုတ်ကဲ့။ အဆစ်ရောင်ရမ်းမှုတွေကို ဘယ်လိုခွဲခြားပြီး ရောဂါရှာလို့ရနိုင်ပါသလဲ။
Dr.MAKN : ဆရာတို့ဆီ အဆစ်ရောင်လို့လာပြရင် ရောင်တယ်ဆိုတာနဲ့ ခွဲကြည့်ရတယ်။ ခြေချောင်း၊ လက်ချောင်းတွေပဲ ရောင်တယ်၊ နာတယ်၊ ကွေးလို့၊ ဆန့်လို့ ခက်တယ်ဆိုရင် သွေးလေးဖက်နာလို့ ဆိုနိုင်တယ်။ ခြေဆစ်၊ လက်ဆစ်တွေ ကောက်ကွေးပြီး ဖောင်းလာတယ်၊ သူကတော့ အသက်ကြီးတဲ့သူတွေမှာ အဓိကဖြစ်တဲ့ရောဂါပေါ့။ နောက်တစ်ခုက အသက် ၁၅ နှစ်အောက်ကလေးတွေ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ဒူးဆစ်နဲ့ ခြေချင်းဝတ်တွေရောင်ပြီး နာတယ်၊ ကိုက်တယ်ဆိုရင် လေးဖက်နာလို့ ဆိုနိုင်တယ်။ နောက်အရေပြားမှာ အကွက်တွေဖြစ်တာနဲ့ တွဲပြီးဖြစ်ရင် အရေပြားလေးဖက်နာလို့ခေါ်တယ်။ သူကတော့ တစ်ကိုယ်လုံးအဆစ်တွေရောင်တတ်တယ်။ ဒါတွေက အဆစ်ရောင်တဲ့သူတွေမှာ ဖြစ်နိုင်တဲ့ရောဂါ အများစုပါ။ ဒီလိုအတွင်းရောဂါတွေကြောင့်မဟုတ်ဘဲနဲ့ တခြားဖြစ်နိုင်တာတွေလည်း ရှိပါသေးတယ်။ ဒါ့အပြင် အဆစ်ကြားထဲက အရွတ်တွေကလည်း လှုပ်ရှားမှုများရင် အရွတ်တွေကနေ နာကျင်ကိုက်ခဲတာတွေ ဖြစ်နိုင်ပါသေးတယ်။

Voice : ဟုတ်ကဲ့။ အဆစ်ရောင်နိုင်တဲ့အကြောင်းတွေလည်း သိရပြီဆိုတော့ ဂေါက်ရောဂါနဲ့ပတ်သက်ပြီးတော့ ရှင်းပြပေးပါဦး ဆရာ။
Dr.MAKN : ဂေါက်ရောဂါဆိုတာ သွေးထဲမှာ Uric Acid များလို့ဖြစ်တယ်။ ဒီ Acid များရုံပဲဆို လက္ခဏာမပေါ်သေးဘူး။ သွေးစစ်ရင်တော့ များတာစတွေ့နိုင်တယ်။ သူတို့က အဆစ်တွေမှာ စုပြုံတဲ့အခါ ကိုက်တာ၊ နာတာတွေ ဖြစ်တတ်တယ်။ နောက်ပြီး Uric Acid ဓာတ်များတဲ့ နီတဲ့အသား၊ ဝမ်းတွင်းကလီစာ၊ မြေပဲ၊ အာလူး၊ ကန်စွန်းဥ၊ မျှစ်၊ မှို၊ ဘီယာစတာတွေကို စားမိလိုက်ရင် ဖြစ်နိုင်တဲ့အတွက် လျှော့စားဖို့တော့ အကြံပြုလိုပါတယ်။ 

Voice : ဘယ်လိုအချက်တွေကနေ ဒီရောဂါဖြစ်တာကို သတိပြုမိနိုင်ပါသလဲ။
Dr.MAKN : အဖြစ်အများဆုံးအချက်ကတော့ ခြေမအရင်းက အဆစ်ကလေးရောင်ပြီး အစပိုင်းမှာ တဆစ်ဆစ်နဲ့ ကိုက်တယ်။ ဒါကိုသတိမထားမိဘဲ နေမိတော့ သူကပြောင်တင်းပြီးတော့ ရောင်ပြီးနာလာတယ်။ ဒါဆိုရင် သူက အတွင်းခံရောဂါတစ်ခုခုနဲ့ ဆက်စပ်မှုရှိတာ သေချာသလောက်ဖြစ်တယ်။ ဒီရောဂါကြောင့် အဆစ်တွေကိုက်ခဲနေတဲ့အချိန်မှာ အကိုက်အခဲပျောက်ဆေးလေးပေးပြီး ရောင်တာကျအောင် လုပ်ထားရတယ်။ ရောင်တာကျပြီဆိုတော့မှ Uric Acid တွေမတက်အောင် စားသောက်ဆင်ခြင်ဖို့နဲ့ သွေးထဲမှာရှိတဲ့ Uric Acid ကိုချပေးတဲ့ ဆေးဝါးတွေပေးပါတယ်။

Voice : Uric Acid က ဘာကြောင့်များတာပါလဲ။ ပြီးတော့ အတွင်းရောဂါတစ်ခုခုနဲ့ ဆက်စပ်မှုရှိပါသလား။
Dr.MAKN : များသောအားဖြင့်တော့ ကျောက်ကပ်ရောဂါနဲ့ ဆက်စပ်တယ်။ Uric Acid များရင် ကျောက်ကပ်ကိုထိခိုက်သလို ကျောက်ကပ်အားနည်းရင်လည်း Uric Acid က တက်တတ်တယ်။ ဒီတော့ Uric Acid တက်စေတဲ့ အတွင်းခံရောဂါရှိသလားလို့ ရှာဖွေတယ်။ ရှိခဲ့ရင် အဲဒါကိုပါ တွဲဖက်ကုသပေးတယ်။ ၃ လ၊ ၆ လကြာတဲ့အခါမှာ Uric Acid Level ကို ပြန်စစ်ပြီး ဆေးချိန်ညှိတာတွေ လုပ်ပေးတယ်။

Voice : ဒီလို Uric Acid များတာဖြစ်တာ ကြာခဲ့ရင် ဘယ်လိုနာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါသလဲ။
Dr.MAKN : နာတာရှည်ဖြစ်တာက အဆစ်ပဲ။ ခြေမအဆစ်က ပုံမှန်လို တဖြောင့်တည်းမရှိဘဲနဲ့ ဖောင်းဖောင်းကြီးဖြစ်နေမယ်၊ ဒီဓာတ်ကို တားပေးတဲ့ ဆေးတွေကို ရေရှည်မသောက်ဘူးဆိုရင် အဆစ်က ကြီးကြီးလာပြီး ခြေမအဆစ်က ပုံပျက်လာတယ်။ စိုးရိမ်ရတာက သွေးထဲမှာ Uric Acid တွေများပြီး ကျောက်ကပ်ကိုထိခိုက်တာ မသိလိုက်ဘဲနဲ့ ကျောက်ကပ် စစ်ဆေးတဲ့အခါမှ ကျောက်ကပ်ထိခိုက်နေတာတွေ တွေ့ရတယ်။ ဂေါက်ရောဂါကြောင့် နောက်ဆက်တွဲအဆစ်ပိုင်းပြဿနာထက်စာရင် ကျောက်ကပ်ပိုင်း ပြဿနာတွေပိုဖြစ်နိုင်တယ်။ ဒီရောဂါကို ကာကွယ်ဖို့က အစားအသောက်၊ အနေအထိုင်တွေကို ပိုပြီးတော့ ဂရုစိုက်ပြီး ကာကွယ်စေချင်ပါတယ်။ Uric Acid များတာတွေက အဝလွန်တာနဲ့ ဆက်စပ်တယ်။ အဝလွန်တဲ့သူတွေက သွေးတိုးတတ်တယ်၊ အဆီဓာတ်များတတ်တယ်၊ ဆီးချိုဖြစ်တတ်တယ်။ ဒီလိုဆက်စပ်ပြီးတော့ တွေ့တတ်တဲ့အတွက် အဝလွန်တဲ့သူတွေကလည်း သွေးထဲက Uric Acid ဓာတ်ကို စစ်ဆေးဖို့လိုအပ်တယ်။ Uric Acid များပြီး ဂေါက်ရောဂါဖြစ်တဲ့သူကလည်း အဝလွန်တာ၊ သွေးတိုး၊ ဆီးချိုစတဲ့ရောဂါတွေနဲ့ ဆက်စပ်မှုရှိ မရှိစစ်ဆေးပေးဖို့ လိုအပ်တယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ