News

POST TYPE

RELAX

ရိုက်တာသတင်းထောက် နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်နှင့်တွေ့ဆုံခြင်း
04-Sep-2018 tagged as



“အရင်တုန်းက ပုံစံလည်း ဒီအတိုင်းပဲ၊ အခုလည်း ဒီအတိုင်းပဲ မပြောင်းလဲဘူး”

စက်တင်ဘာလ ၃ ရက်တွင် မြောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲခံရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်။ ထိုသို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် တရားရုံးအမိန့်နှင့်ပတ်သက်၍ မည်သို့ ထင်မြင်ယူဆကြောင်းနှင့် သတင်းထောက်နှစ်ဦး ပြန်လည်လွတ်မြောက်ရေးအတွက် မည်သို့လုပ်ဆောင်သွားမည်ကို သတင်းထောက်နှစ်ဦး၏ ရှေ့နေ ဦးသန်းဇော်အောင်အား The Voice သတင်းစာက မေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ဒီနေ့ သတင်းထောက်နှစ်ဦးကို ထောင်ဒဏ် ၇ နှစ်စီ အမိန့်ချလိုက်တဲ့အပေါ် ဘာများမှတ်ချက်ပေးချင်ပါသလဲ။
UTZA : ဒီနေ့ ချလိုက်တဲ့ အမိန့်က စိတ်ပျက်ဖို့ ကောင်းပါတယ်။ မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး၊ သတင်းလွတ်လပ်ခွင့်၊ ဒီမိုကရေစီအရေးတို့အတွက် ယုံကြည်စရာ မကောင်းဘူး။ စပြီး သတင်းထောက်တွေကို ဖမ်းကတည်းက ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေမှာ တရားမဝင် လျှို့ဝှက်သတင်းယူတယ်လို့ ရေးသားထားတယ်။ တမင်ဖမ်းချင်လို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဖမ်းတယ်။ အရင်ခေတ်က နိုင်ငံရေးလုပ်သူတွေကို ဖမ်းခဲ့တယ်။ အရင်တုန်းက ပုံစံလည်း ဒီအတိုင်းပဲ၊ အခုလည်း ဒီအတိုင်းပဲ မပြောင်းလဲဘူး။

Voice : ဒီနေ့ တရားသူကြီး မှတ်ချက်မှာ သတင်းထောက်တွေက ဘာအပြစ်ရှိလို့ အမိန့်ချတာလဲ။
UTZA : သူ လိုတာကို သူဆွဲတွေးတယ်။ ဝလုံးအိမ်က မှတ်စုစာအုပ်မှာ AA က ကိုညိုထွန်းအောင် ဖုန်းနံပါတ်၊ အဲဒီအချက်တွေက သောင်းကျန်းသူတွေဆီ ဒီအချက်အလက်တွေ ရောက်သွားနိုင်တယ်။ ပုပ်ရဟန်းမင်းကြီး လမ်းကြောင်းစာရွက်၊ ဒုသမ္မတဦးမြင့်ဆွေ ခရီးစဉ်လမ်းကြောင်း စာရွက်နှစ်ရွက်တွေ့လို့ အဲဒါတွေနဲ့ ကောက်ချက်ချပြီး အမိန့်ချလိုက်တယ်။

Voice : သတင်းထောက် နှစ်ယောက်ကို စွဲခဲ့တဲ့ လျှို့ဝှက်ချက်အက်ဥပဒေက အရေးကြီးပြင်ဆင်ဖို့ လိုအပ်နေပြီလား။
UTZA : နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေတင် မဟုတ်ဘူး။ မြန်မာနိုင်ငံမှာ ဥပဒေပေါင်း ၉၅၀ ကျော် ရှိတယ်။ အားလုံးထဲမှာ အားလုံးသော ဥပဒေများက တော်လှန်ရေးကောင်စီ၊ ကိုလိုနီခေတ်က ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ၊ ဒါတွေကို ဒီမိုကရေစီအစိုးရ၊ ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရက ပြင်ဖို့၊ ဖျက်ဖို့ မကြိုးစားဘူး။ ဒီလျှို့ဝှက်ချက်ဥပဒေက အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းထားတာ၊ ဒီနေ့ခေတ်မှာ ဒီဥပဒေက တိကျမှုလည်းမရှိဘူး။ ပြန်ပြင်ဖို့ လွှတ်တော်က လုပ်ဖို့လိုတယ်။

Voice : သတင်းထောက်နှစ်ယောက် ထောင်ချလိုက်တာက သတင်းလောကအတွက် ဘာတွေဖြစ်နိုင်လဲ။
UTZA : သတင်းလောကအတွက် အပြောင်းအလဲရှိတယ်။ သတင်းထောက်က သတင်းရရှိရေးအတွက် သတင်းလိုက်မယ်။ အစိုးရနဲ့ ပတ်သက်တာဆို ထောင်ထဲရောက်သွားနိုင်တယ်။ အထောက်အထား လျှို့ဝှက်ချက်ဆိုတာက လူမှုကွန်ရက် စာမျက်နှာ အွန်လိုင်းမှာ အများကြီး ရှိနေနိုင်တာပဲ။ အားလုံးအတွက် အန္တရာယ်ရှိတယ်။

Voice : သတင်းထောက် နှစ်ယောက်အတွက် ဘာတွေဆက်လုပ်သွားဖို့ရှိလဲ။
UTZA : သူတို့နှစ်ယောက် လွတ်မြောက်ဖို့ ဥပဒေဘောင်ထဲက လုပ်လို့ရတာတွေကို လုပ်သွားမယ်။ လုပ်လို့ရတာ အကုန်လုပ်သွားမယ်။ အယူခံဝင်သွားမယ်။

Voice : အယူခံဝင်ဖို့ကို ဘယ်တော့စလုပ်သွားမလဲ။
UTZA : အယူခံဝင်ဖို့ကတော့ လုပ်မယ်။ အခု ဆွေးနွေးနေတယ်။ ဘယ်တော့လဲ ပြောလို့မရသေးဘူး။ 

ခင်မြတ်မြတ်ဝေ

  • TAGS