News

POST TYPE

RELAX

စပိန်တွင် OTRAS လိင်လုပ်သားများသမဂ္ဂ မှတ်ပုံတင်ခြင်းကို ပြန်လည်ပယ်ဖျက်မည်
02-Sep-2018


မက်ဒရစ်၊ စက်တင်ဘာ ၁

စပိန်နိုင်ငံတွင် အလုပ်သမားဝန်ကြီးက OTRAS လိင်လုပ်သားများသမဂ္ဂအား သူမ၏ဌာနက အတည်ပြုပေးလိုက်ခြင်းကို သိရှိသွားပြီးနောက် အံ့အားသင့်မိသည်ဟု ပြောဆိုခဲ့ပြီးအဆိုပါကိစ္စသည် မျက်နှာဖုံးသတင်းဖြစ်သွားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

ဝန်ကြီး မက်ဂဒါလီနာက ဗယ်လာရီယိုက သူမသည် လှည့်စားခံရခြင်းဖြစ်သည်ဟု ပြောကြားသည်။

စပိန်နိုင်ငံ၏ လိင်လုပ်သားများ အစည်းအရုံး (OTRAS) သည် သမဂ္ဂများနှင့် စီးပွားရေးအသင်းအဖွဲ့များဆိုင်ရာ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် အမိန့်ဒီကရီ စည်းမျဉ်းများနှင့် ကိုက်ညီသည်ဟု အလုပ်သမားဦးစီးဌာနက ဆုံးဖြတ်ခဲ့ပြီးနောက် ဩဂုတ်လ အစောပိုင်းတွင် တရားဝင်မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

သို့ရာတွင် အလုပ်သမားဝန်ကြီး မက်ဂဒါလီနာက ဗယ်လာရီယိုက စပိန်နိုင်ငံတွင် ယင်းကဲ့သို့အဖွဲ့အစည်းအား သူမ၏ဌာနက ပထမဆုံးအကြိမ် မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်းကြောင့် တုန်လှုပ်သွားပြီး သူမသည် လှည့်စားခံလိုက်ရကြောင်း ကြာသပတေးနေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

OTRAS အသင်းဝင်များတွင် အခပေးလိင်လုပ်ငန်းတွင် လုပ်ကိုင်နေသော အမျိုးသားများနှင့် အမျိုးသမီးများ ပါဝင်သည်။ ထိုကိစ္စတွင် အချက်အလက်အားဖြင့် မှန်ကန်သည့်တိုင်အောင် အဆိုပါ သမဂ္ဂမျိုးကို အစိုးရက ထောက်ခံမည်မဟုတ်ဟု ဗယ်လာရီယိုက ပြောကြားသည်။

၎င်းသမဂ္ဂ မှတ်ပုံတင်ထားမှုအား မည်သို့ ပယ်ဖျက်ရမည်ကို နိုင်ငံတော် ဥပဒေရေးရာ ကောင်စီက လေ့လာသုံးသပ်ပြီးဖြစ်ကာ ပယ်ဖျက်ရာတွင် ခက်ခဲဖွယ်မရှိဟု အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အစ္စဘယ်လာဆယ်လာက ပြောကြားသည်။

လိင်လုပ်သားများသမဂ္ဂကို အစိုးရ က မည်သည့်နည်းနှင့်မျှ လက်ခံမည်မဟုတ်ဟု ဆယ်လာက ပြောကြားသည်။

ဝန်ကြီးချုပ် ပီဒရိုဆန်ချက်ဇ်ကလည်း “ပြည့်တန်ဆာလုပ်ငန်းဟာ စပိန်မှာ တရားမဝင်ပါဘူး။ ဒီလို တရားမဝင်တဲ့ အသင်းအဖွဲ့မျိုးကို အစိုးရက မထောက်ခံပါဘူး” ဟု ပြောကြားခဲ့သည်။

ဆန်ချက်ဇ်၏ အစိုးရအဖွဲ့သည် အမျိုးသမီးအများစုပါဝင်ပြီး ပြည့်တန်ဆာလုပ်ငန်းဖျက်သိမ်းရေးကို ထောက်ခံကြသူများဖြစ်သည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

OTRAS အတွင်းရေးမှူးချုပ် ကွန်ချာဘိုရယ်လ်ကမူ အစိုးရသည် ကန့်လန့်ကာအဖြူနောက်တွင် ပုန်းကွယ်နေခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်လိုက်သည်။

စပိန်တွင် ပြည့်တန်ဆာလုပ်ငန်းကို ခွင့်မပြုသော်လည်း ထိန်းချုပ်ခြင်းမပြုပေ။ လိင်လုပ်သားများသည် အများပြည်သူဆိုင်ရာနေရာများတွင် မလှုပ်ရှားသေးသမျှ အရေးယူခံရခြင်းမရှိပေ။ ထိုဥပဒေသည် တရားမဝင်လူကုန်ကူးမှုကို ပစ်မှတ်ထားခြင်းဖြစ်သည်။

အမျိုးသမီးအရေးလှုပ်ရှားသူ မာရီဆာဆိုလီတိုက “ပြည့်တန်ဆာလုပ်ငန်းဟာ အလုပ်အကိုင်တစ်မျိုး မဟုတ်ပါဘူး။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြား မညီမျှတဲ့ အနေအထားတစ်ရပ်မှာ အမျိုးသမီးတွေကို လိင်ကျွန်ပြုတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

F-04