News

POST TYPE

RELAX

ခိုင်နှင်းဝေနဲ့ တွေ့ဆုံခြင်း
30-Aug-2018 tagged as အနုပညာ

“ကိုယ့်ကို ယောကျာ်းလေးတွေ အထင်အမြင်သေးပြီး မစမ်းရဲအောင် သိက္ခာရှိရှိလည်း နေပါတယ်”



သရုပ်ဆောင် ခိုင်နှင်းဝေနဲ့တွေ့ဆုံပြီး ပရဟိတအလုပ်တွေလုပ်ရင်း ကြုံတွေ့ရတဲ့ အတွေ့အကြုံများ၊ အခက်အခဲများအကြောင်း၊ ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့ “ပန်းရိုင်း မျက်ရည်” ရုပ်ရှင်အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : တစ်လောက ပရဟိတအတွက်အလှူခံရင်း ဂုဏ်သိက္ခာထိပါးခံရတဲ့ ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရတယ်လို့ သိလိုက်ရတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။
KHW : ကိုယ်က အမျိုးသမီးတစ်ယောက်အနေနဲ့ ပရဟိတလုပ်ငန်းလုပ်တယ်။ ရုပ်ရှင်ရိုက်တယ်။ ကိုယ့်မိဘကို ရှာကျွေးနေတယ်။ တချို့ လူတွေကကျတော့ အမျိုးသမီးတစ်ယောက်တည်း ရပ်တည်နေတဲ့အတွက် အထင်အမြင်သေးတာလည်း ပါချင်ပါမှာပေါ့နော်။ တစ်လောက လူတစ်ယောက်က ကားလှူချင်တယ်လို့ ဆက်သွယ်လာတဲ့အတွက် ကိုယ်ကတော့ ဝမ်းသာအားရနဲ့ နယ်မှာသီချင်းဆိုနေရာကနေ ပြန်လာခဲ့တယ်။ တကယ့်လှူမယ့်နေ့ကျတော့ လူပေါ်မလာတော့ဘူး။ ဖုန်းလည်းမကိုင်တော့ဘူး။ နောက်မှ နေပြည်တော်ရောက်နေလို့လို့လည်း ပြောတယ်။ ကိုယ်ကပဲ မသိရင် သူတောင်းစားလိုလိုပေါ့နော်။ စိတ်ထဲမှာတော့ တော်တော်လေးလည်း ခံပြင်းသွားတယ်။ ပြန်စဉ်းစားကြည့်တော့လည်း တော်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

Voice : ပရဟိတတွေလုပ်ခဲ့တဲ့ကာလတစ်လျှောက်မှာ ဒါက ပထမဆုံး ကြုံရတဲ့ ဖြစ်ရပ်လား။ 
KHW : ဟုတ်ပါတယ်။ အစ်မက ရှင်းရှင်းပြောရရင် ကိုယ့်ဘဝရပ်တည်ဖို့အတွက်တောင် တခြားယောကျာ်းတစ်ယောက်ကို အောက်ကျနောက်ကျခံပြီး မနေခဲ့ဘူး။ ပရဟိတလုပ်တဲ့အခါမှာ ကိုယ့်စိတ်ကို ချိုးနှိမ်ထားတာက အကျင့်ပါနေတယ်။ လူတွေကိုကျေးဇူးတင်ပါတယ်ဆိုတဲ့စကား အမြဲတမ်းပြောတတ်လာတယ်။ ကိုယ်က အမြဲတမ်းအောက်ကျို့ပြီး ပေါင်းသင်းဆက်ဆံနေပေမယ့် ဒီလိုလူမျိုးတစ်ယောက်က ကိုယ့်ကို အပေါ်စီးက ဆက်ဆံလာတဲ့အခါကျတော့ တော်တော်လေးလည်း ဝမ်းနည်းတယ်။စိတ်မကောင်းလည်းဖြစ်ရပါတယ်။ တကယ်ကို စိတ်ကောင်းစေတနာ အပြည့်နဲ့ လှူဒါန်းပေးကြတဲ့ အလှူရှင်တွေလည်း အများကြီး တွေ့ခဲ့ဖူးပါတယ်။

Voice : ကိုယ်က အိမ်ထောင်ဖက်မရှိဘဲ တစ်ယောက်တည်းရပ်တည်နေရတာဆိုတော့ ကိုယ့်အပေါ်ကို သွေးတိုးစမ်းတဲ့ ယောကျာ်းမျိုးတွေရော တွေ့ခဲ့ဖူးလား။
KHW : အမျိုးသမီးတစ်ယောက်တည်းနေတယ်ဆိုပေမယ့် အစ်မက ကိုယ့်ကိုယ်ကိုယ်လည်း အနေအထိုင်ဆင်ခြင်ပြီးတော့ နေပါတယ်။ ပရဟိတ လုပ်တဲ့အတွက်ကြောင့် နေပုံ၊ ထိုင်ပုံ၊ ပြောပုံ၊ ဆိုပုံကအစ အမြဲတမ်း ထိန်းထိန်းသိမ်းသိမ်းနေပါတယ်။ ကိုယ့်အဖွဲ့တွေနဲ့ တွေ့မှသာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတာပါ။ ပတ်ဝန်းကျင်အမြင်မှာဆိုလည်း ကိုယ့်ကိုယောကျာ်းလေးတွေ အထင်အမြင်သေးပြီး မစမ်းရဲအောင် သိက္ခာရှိရှိလည်း နေပါတယ်။ သူတွေကတော့ အဲ့ဒီလိုနေတာတောင်မှ သွေးတိုးစမ်းတဲ့ အမျိုးသမီးတစ်ယောက်တည်း ရပ်တည်နေတာကို အထင်အမြင်သေးတာလည်းပါမှာပေါ့နော်။ ကိုယ်ပရဟိတလုပ်တဲ့အခါမှာလည်း ကိုယ့်လိုတစ်ယောက်တည်းရပ်တည်နေတဲ့ အမျိုးသမီးတွေကို တတ်နိုင်သလောက် အားပေးဖြစ်တယ်။ ကူညီပေးပါတယ်။ 

Voice : ဒီနှစ်ထဲမှာ ပရဟိတနဲ့ပတ်သက်ပြီး ဘာတွေထပ်လုပ်သွားဖို့ရော ရှိဦးမလဲ။
KHW : အစ်မ ပုံမှန်လုပ်ဖြစ်နေတာကတော့ နွမ်းပါးတဲ့အိမ်ထောင်စုတွေထဲက အမျိုးသမီးတွေကို ကိုယ်နိုင်သလောက်ထောက်ပံ့ကူညီပေးတယ်။ အိမ်ထောင်ဦးစီးမရှိတဲ့အမျိုးသမီးတွေထဲက မုဆိုးမပဲဖြစ်ဖြစ်၊ တစ်ခုလပ်ပဲဖြစ်ဖြစ် သားသမီးတွေနဲ့ ရုန်းကန်နေရတဲ့သူတွေကို အသေးစားစီးပွားရေးလုပ်ငန်းလေးတွေ ထူထောင်ပေးတဲ့ လုပ်ငန်းကတော့ လစဉ်လုပ်ဖြစ်တယ်။ နောက်ပြီး သက်ငယ်မုဒိမ်းနဲ့ ပတ်သက်တဲ့ကိစ္စတွေကိုလည်း ပါဝင်ကူညီပေးဖြစ်တယ်။ ဒါတွေအပြင် တခြားပရဟိတလုပ်ငန်းတွေကိုလည်း တိုးချဲ့ပြီးလုပ်သွားဖို့ ရှိပါတယ်။ ကြားထဲမှာတော့ အားရင်အားသလို ဇာတ်ကားလေးတွေရိုက်ဖြစ်တယ်။ တချို့ပရိသတ်တွေကျတော့လည်း အစ်မက ပရဟိတအလုပ်တွေပဲ လုပ်နေတဲ့အတွက် ဇာတ်ကားတွေမရိုက်တော့ဘူးလားလို့ မေးကြတယ်။ အစ်မပရိသတ်တွေအတွက်လည်း အားရင်အားသလို ဇာတ်ကားတွေလည်း ရိုက်ပေးဖြစ်ပါတယ်။

Voice : ကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးထားတဲ့ “ပန်းရိုင်းမျက်ရည်” ရုပ်ရှင်ဇာတ်ကားကရော ဘယ်တော့လောက် ရုံတင်ဖြစ်မလဲ။
KHW : အစ်မတို့ ဇာတ်ကားကို ရုံတင်ခွင့်ရဖို့ကတော့ တန်းတော့စီထားတာပဲ။ ဒါပေမဲ့ ရုံရှင်ကားရှင် စိတ်ကြိုက်ရွေးပြတဲ့စနစ်ဆိုတော့လည်း ကုသိုလ်ကံပေါ့လေ။ ဒီကားလေးက သက်ငယ်မုဒိမ်းအကြောင်း ပညာပေးဇာတ်ကားလေးပါ။ အစ်မကိုယ်တိုင် ဇာတ်လမ်းလေးကို စဉ်းစားထားတာပါ။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကို ကိုယ်လိုချင်တာလေးတွေ ပြောပြတာပေါ့နော်။ သက်ငယ်မုဒိမ်းမှုတွေ ဘာကြောင့်ဖြစ်နေလဲ။ စွန့်ပစ်ခံထားရတဲ့ မိဘမဲ့ကလေးတစ်ယောက်ရဲ့ဘဝက ဘယ်လောက်အထိ ပင်ပန်းဆင်းရဲမှုတွေ ကြုံတွေ့ရလဲဆိုတာကို ပညာပေးတဲ့အနေနဲ့ ရိုက်ထားတဲ့ ဇာတ်ကားလေးပါ။ ဒီကားအတွက် ငွေကြေးအကျိုးအမြတ်ရဖို့ထက်၊ အစ်မပရိသတ်တွေကို အသိတစ်ခုခုပေးနိုင်ဖို့ ရည်ရွယ်ရိုက်ကူးတဲ့ဇာတ်ကားလေးပါ။

သန့်ဇင်ဦး