News

POST TYPE

RELAX

အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
29-Aug-2018
ဗီတာမင် - ဒီ

“ဗီတာမင်-ဒီဓာတ် မလုံလောက်တာနဲ့ ချို့တဲ့တာနှစ်ခုမှာ သောက်ရမယ့်ဆေးပမာဏက မတူဘူး”


နိုင်ငံအတွင်း ဗီတာမင်-ဒီ ချို့တဲ့မှုကို တွေ့ရှိလာရသည်။ သို့သော်လည်း ဗီတာမင်-ဒီ ချို့တဲ့သည်ဟုဆိုကာ ယင်းဓာတ်ပါဝင်သည့် အားဆေးများကို အလွန်အကျွံသောက်သုံးမှုများကြောင့် ဗီတာမင်-ဒီ အဆိပ်သင့်ခြင်း ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်၍ အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ဗီတာမင်-ဒီဆိုတာ ဘယ်လိုဓာတ်မျိုးလဲ။ နောက်ပြီး ဘယ်လိုလူတွေမှာ ဒီဓာတ်ကပို လိုအပ်တာပါလဲ။
Dr.NNK : ဗီတာမင်-ဒီဆိုတာက အဆီထဲမှာ ပျော်ဝင်တဲ့ ဗီတာမင်တစ်မျိုးပါ။ သူကဘယ်နေရာတွေမှာ လိုအပ်သလဲဆိုတော့ အဓိကတော့ အရိုးအဆစ်တွေအတွက် လိုအပ်တယ်။ ဗီတာမင်-ဒီက လူတိုင်း လိုအပ်တယ်ဆိုပေမယ့် ခန္ဓာကိုယ်အရမ်းဝနေတဲ့သူတွေ၊ အူလမ်းကြောင်းနဲ့ပတ်သက်ပြီး ရောဂါရှိတဲ့သူတွေ၊ အူလမ်းကြောင်းကနေ ဒီဓာတ်ကိုမစုပ်နိုင် တဲ့သူတွေ၊ အရိုးပွရောဂါရှိတဲ့သူတွေ၊ နာတာရှည် ကျောက်ကပ်ရောဂါရှိတဲ့သူတွေ၊ အရမ်းကို အာဟာရချို့တဲ့လွန်းတဲ့သူတွေ၊ အရက်အလွန်အကျွံသောက်ပြီး အာဟာရချို့တဲ့သွားတဲ့သူတွေမှာ လိုအပ်တယ်။ နောက်တစ်ခုက နေရောင်ခြည် သိပ်မထိဖြစ်တဲ့သူတွေမှာ လိုအပ်တယ်။ အထူးသဖြင့်တော့ အသက်ကြီးတဲ့ အဘိုး၊အဘွားတွေဆိုရင် သူတို့ရဲ့အရေပြားတွေက ဗီတာမင် - ဒီကို စုပ်ယူနိုင်စွမ်းလည်း သိပ်မရှိတော့တဲ့အတွက် ပိုပြီး လိုအပ်ပါတယ်။

Voice : ဗီတာမင်-ဒီ ချို့တဲ့ရင် တွေ့ရနိုင်မယ့် ရောဂါလက္ခဏာတွေကိုလည်း ပြောပြပေးပါဦး။
Dr.NNK : လက္ခဏာတွေက ကလေးငယ်တွေမှာ တွေ့ရတာများပါတယ်။ ဘာတွေလဲဆိုတော့ အရိုးပျော့တာ၊ ခြေထောက်ခွင်တာ၊ ခိုရင်အုံလို မောက်မောက်ကြီး ဖြစ်တာ၊ ခါးကုန်းတာ၊ ခြေထောက်ကွေးတာ၊ ခြေချင်းဝတ်ကြီးတာ၊ ခြေထောက်နာတာ၊ အရိုးအဆစ်တွေနာတာတွေ တွေ့ရတတ်တယ်။ များသောအားဖြင့် ကကလေးငယ်တွေမှာ ဗီတာမင်-ဒီ ချို့တဲ့နေပြီ ဆိုရင် သူတို့က လမ်းသိပ်မလျှောက်ချင်တော့ဘူး။ ခဏလောက်လမ်းလျှောက်ပြီးတာနဲ့ ထိုင်ဖို့လုပ်နေတတ်ပြီ ဆိုရင်တော့ သတိထားသင့်တဲ့ အနေအထားပါ။ လူကြီးတွေမှာကတော့ ကြွက်သားနာတာမျိုးကို အဓိက တွေ့ရပါတယ်။

Voice : ဟုတ်ကဲ့။ ဘယ်လိုအခြေအနေမျိုးဆိုရင် ဗီတာမင်-ဒီချို့တဲ့တယ်လို့ ဆိုလို့ရပါသလဲ။
Dr.NNK : အခုနောက်ပိုင်းက ဗီတာမင်-ဒီ ချို့တဲ့လား၊ မချို့တဲ့ဘူးလားဆိုတာ စစ်လာကြတယ်။ ဒါက တစ်နှစ်တစ်ခါစစ်သင့်တဲ့ စစ်ဆေးမှုတစ်ခုပါ။ 21-29 ng/mL (52.5-72.5 nmol/L) ဆိုတဲ့ အတိုင်းအတာဆိုရင် လူတစ်ယောက်မှာ ဗီတာမင်-ဒီ မလုံလောက်တော့ပါဘူး။ ဒီဓာတ်လုံလောက်ဖို့ အစားအသောက်ကို အာဟာရပြည့်အောင် စားပေးဖို့လိုတဲ့အပြင် နေပူဆာလှုံပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လိုအပ်ခဲ့ရင်တော့ ဗီတာမင်-ဒီအားဆေးကို သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့တိုင်ပင်ပြီးတော့ သောက်ပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး < 20 ng/mL(<50 nmol/L) ဆိုရင်တော့ ဒါက မလုံလောက်တာ မဟုတ်တော့ဘူး။ ချို့တဲ့တာဖြစ်သွားပြီ။ ဒီအခြေအနေမှာ ဆေးဝါးအကူအညီ လိုအပ်လာပါပြီ။ ပြောချင်တာက ဗီတာမင်-ဒီဓာတ် မလုံလောက်တာနဲ့ ချို့တဲ့တာနှစ်ခုမှာ သောက်ရမယ့်ဆေးပမာဏက မတူဘူး။

Voice : ဟုတ်ကဲ့။ အခုနောက်ပိုင်း ဗီတာမင်-ဒီမလုံ လောက်လို့ ဆေးထပ်သောက်ကြတဲ့အခါမှာ အဆိပ်သင့်တာတွေရှိတယ်လို့ သိရတယ်။ ဒါလေးကို ရှင်းပြပေးပါဦး။
Dr.NNK : အပေါ်မှာပြောခဲ့သလို ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးသောက်ဖို့ပြောတာက ဗီတာမင်-ဒီက ခန္ဓာကိုယ်ထဲရောက်ပြီးရင် တော်တော်နဲ့ အလွယ်တကူပြန်မထွက်နိုင်တော့ဘူး။ မလိုအပ်ဘဲ အများကြီး သောက်မိသွားတယ်ဆိုရင် ဗီတာမင်-ဒီ အဆိပ်သင့်တာဖြစ်တတ်တယ်။ သူကနောက်ဆက်တွဲ အနေနဲ့ဆိုရင် သွေးတွင်းထုံးဓာတ် (ကယ်လစီယမ်) များလာတဲ့အတွက် အစားအသောက်ပျက်တာ၊ အန်တာ၊ ခေါင်းမူးတာ၊ ဆီးခဏခဏသွားတာတွေ ဖြစ်လာတတ်ပါတယ်။

Voice : ဒါဆိုရင် လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင်-ဒီ ဘယ်လောက်လိုအပ်ပါသလဲ။
Dr.NNK : ကလေးမွေးစကနေ တစ်နှစ်အထိကို ၄၀၀ 400 IU (10 micrograms) လိုအပ်တယ်။ ဒါပေမဲ့ မိခင်နို့မှာ ပါပြီးသားဖြစ်တဲ့အတွက် မိခင်ကသာအာဟာရပြည့်ဝအောင် စားပေးဖို့လိုတယ်။ ကလေးငယ်ကို ထပ်တိုက်ဖို့မလိုဘူး။ မိခင်ကသာ ဗီတာမင်-ဒီပြည့်ဝနေဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ရင် ကလေးက ဗီတာမင်-ဒီ ချို့တဲ့သွားနိုင်တယ်။ အသက်တစ်နှစ်ကနေ ၇၀ အထိကတော့ ၆၀၀ 600 IU (15 micrograms) လိုတယ်။ အသက် ၇၀ နဲ့အထက်မှာ 800 IU (20 micrograms) လိုတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကတော့ 600 IU (15 micrograms) လိုတယ်။

Voice : ဟုတ်ကဲ့ပါ။ ဗီတာမင်-ဒီ ပြည့်ဝတဲ့ အစားအသောက်တွေက ဘာတွေများဖြစ်နိုင်ပါသလဲ။
Dr.NNK : ဒါကတော့ အာဟာရထပ်ဖြည့်ထားတဲ့ (နို့၊ လိမ္မော်ရည်၊ ဆီရီယယ်)၊ ဆယ်လမွန်ငါး၊ ငါးသေတ္တာ၊ ဒိန်ခဲ၊ ကြက်ဥတစ်လုံး၊ အမဲအသည်း၊ တူနာငါးတွေ စားသင့်တယ်။ ဈေးကွက်ထဲမှာရှိတဲ့အားဆေးတော်တော်များများကတော့ ဆေးတစ်လုံးကို 400IU ပါဝင်တယ်။ နောက်ပြီး သဘာဝအတိုင်းရနိုင်တာက နေပူဆာလှုံတာပဲ။ ဒါကလည်း မနက် ၁၀ နာရီကနေ နေ့လယ် ၃ နာရီအထိ နေရောင်ခြည်ကတော့ အကောင်းဆုံးပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံရာသီဥတုနဲ့ ပိုသင့်တော်တဲ့အချိန်က မနက် ၁၀ နာရီနဲ့ ၁၁ နာရီကြားရယ်၊ နေ့လယ် ၂ နာရီကနေ ၃ နာရီကြားရယ်ပေါ့။ တခြားအချိန်တွေက အရမ်းပူတဲ့အတွက် ခရမ်းလွန်ရောင်ခြည် ထိတွေ့တာများပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ အချိန်အတိုင်းအတာအနေနဲ့ တစ်နေ့ကို ငါးမိနစ်ကနေ မိနစ် ၃၀ အထိလုပ်သင့်ပါတယ်။

Voice : ဗီတာမင်-ဒီနဲ့ပတ်သက်ပြီး လူထုကို အသိပေးစကား ဖြည့်စွက်ပြောကြားပေးပါဦး။
Dr.NNK : တစ်ခုသတိထားရမှာက နေပူဆာလှုံတဲ့အခါမှာ နေရောင်ဒဏ်ကာကွယ်ဆေး (Sun Cream) တွေ လိမ်းထားရင်တော့ အကျိုးမရှိသလို အသက် ၇၀ ကျော်အရွယ်တွေမှာလည်း အရေပြား လျော့တွဲလာတဲ့အတွက် နေပူဆာလှုံလည်းအကျိုးသိပ်မထူးလှပါဘူး။ နောက်ပြီး Supermarket တွေမှာ အာဟာရဖြည့်ထားတဲ့ အစားအသောက်တွေကိုဝယ်ရင် အာဟာရအညွှန်းလေးတွေကို သေချာဖတ်ပြီး ဗီတာမင်-ဒီ (IU-International Unit) ဘယ်လောက်ပါသလဲဆိုတာဖတ်ပြီး ဝယ်ကြဖို့ တိုက်တွန်းလိုပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ