News

POST TYPE

RELAX

အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့် တွေ့ဆုံခြင်း
29-Aug-2018
“မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်သွားစေနိုင်တယ်ဆိုတာ သူတို့ဆင်ခြင်သင့်ပါတယ်”



ဩဂုတ်လ ၂၇ ရက်က ပြည်တွင်း၌ လူအများဆုံးအသုံးပြုနေသည့် လူမှုကွန်ရက် Facebook က အမုန်းတရားနှင့် သတင်းမှားများပျံ့နှံ့မှုကို ဟန့်တားရန်ဟူသည့် အကြောင်းပြချက်ဖြင့် တက်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူမှုကွန်ရက်စာမျက်နှာအပါအဝင် တပ်မတော်မှ သတင်းထုတ်ပြန်လေ့ရှိသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ မြဝတီ၊ ငွေတာရီ စသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများနှင့် အကောင့်များကို ပိတ်သိမ်းကြောင်းထုတ်ပြန်ခဲ့သည်။ လက်ရှိအချိန်အတွင်း ယင်းသို့ပိတ်သိမ်းသည့်လုပ်ရပ်နှင့်ပတ်သက်ပြီး အစိုးရက ဆောင်ရွက်နေသည့် လူမှုကွန်ရက်စောင့်ကြည့်ရေးအဖွဲ့၏ လုပ်ဆောင်မှုများနှင့် ဆက်စပ်မှုများရှိနေနိုင်သည်ဟုလည်း ဝေဖန်မှုများထွက်ပေါ်လာသည်။ ယင်းအခြေအနေများနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးနှင့်တွေ့ဆုံပြီး ယင်းသို့ပိတ်သိမ်းလိုက်ခြင်းအကြောင်း အရင်းများနှင့် ဆက်လက်ဖြစ်ပေါ်လာမည့် အခြေအနေများကိုမေးမြန်းပြီး ပြန်လည်ဖော်ပြအပ်ပါသည်။

Voice : မင်္ဂလာပါဗျ။ ဩဂုတ် ၂၇ ရက်မှာ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ အပါအဝင် တပ်မတော်နဲ့ဆိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ အကောင့်တွေကို ပိတ်ပစ်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ တစ်ဖက်မှာကလည်း အစိုးရက လူမှုကွန်ရက်ကို စောင့်ကြည့်ဖို့ ဘတ်ဂျက်သုံးစွဲထားတာ ရှိတယ်ဆိုတော့ ဆရာရေ။ ဒီအခြေအနေတွေက ဆက်စပ်မှုတွေ ရှိနေတာလားဆိုတာ ရှင်းပြပေးပါဦး။
YNM : အကောင့်တွေပိတ်ပစ်လိုက်တာနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတော် အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးလည်း မနေ့ကဖြေထားပါတယ်ခင်ဗျ။ တပ်မတော်နဲ့ဆိုင်တဲ့ လူမှုကွန်ရက်စာမျက်နှာတွေ၊ အကောင့်တွေ ပိတ်ပစ်လိုက်တဲ့ ကိစ္စနဲ့ အစိုးရက လူမှုကွန်ရက်ကို စောင့်ကြည့်ဖို့ ဆောင်ရွက်နေတာတွေဟာ ဆက်စပ်မှုမရှိဘူး။ ဒါဟာ Facebook ကသာ သူတို့ရဲ့ စည်းမျဉ်းအရ ဆောင်ရွက်တယ်လို့လည်း ကြေညာထားပါတယ်။ ကျွန်တော် သိရသလောက်ကလည်း ဒါဟာ လုံးဝဆက်စပ်မှုမရှိပါဘူး။

Voice : တပ်မတော်ဘက်က ချက်ချင်းဆိုသလို ကာကွယ်ရေးဦးစီးချုပ်နာမည်နဲ့ ဝက်ဘ်ဆိုက်တစ်ခု လွှင့်တင်ပြီး အချက်အလက်တွေ မြန်မြန်ဖြည့်သွင်းထားတာ တွေ့ရပါတယ်။ ဒီနေရာမှာ လူပုဂ္ဂိုလ်နာမည်အစား အဖွဲ့အစည်းနာမည်နဲ့၊ .com အစား .gov.mm ဆိုတာမျိုးဆိုရင် ပိုပြီးအဆင်မပြေဘူးလား။ နောက်တစ်ခုက ဒီတပ်မတော်ရဲ့ ဝက်ဘ်ဆိုက်တစ်ခုက .gov သုံးလို့ရမရ ရှင်းပြပေးပါဦးဗျ။
YNM : .gov.mm ကို အသုံးပြုလို့ရပါတယ်။ နိုင်ငံရဲ့ အစိုးရအဖွဲ့အစည်း၊ ဌာနများအားလုံး .gov.mm ကို သုံးမယ်ဆိုသုံးလို့ရပါတယ် ခင်ဗျ။ Domain ဆိုတာကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် သတ်မှတ်သုံးစွဲလို့ရပါတယ်။

Voice : ဖေ့စ်ဘွတ်ခ်က ထုတ်ပြန်ချက်ကို ကြည့်ရတဲ့အခါကျတော့ ဒီစာမျက်နှာတွေ၊ အကောင့်တွေဟာ Community Standard နဲ့ မညီလို့ ဖြုတ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ သူတို့ရဲ့ စံနဲ့ မညီညွတ်ဘူးဆိုပြီး ဥပမာပေးထားတဲ့ ပို့စ်တစ်ခုက တပ်မတော် မိသားစုတွေ မစိုးရိမ်စာသင်တိုက်ကို ငွေပဒေသာပင် စိုက်ထူလှူဒါန်းပေးတဲ့ သတင်းတစ်ပုဒ်ပါလာတယ်။ အဲဒီ ဥပမာရဲ့အောက်မှာတော့ ဒီပို့စ်သည် တပ်မတော်မိသားစုများ မစိုးရိမ်စာသင်တိုက်ကို လှူဒါန်းနေတဲ့ သတင်းဖြစ်ပါတယ်။ ကွင်းစကွင်းပိတ်နဲ့ အဲဒီ မစိုးရိမ်စာသင်တိုက်မှာ ဆရာတော်ဝီရသူ နေထိုင်တယ်လို့ ရေးသားထားပါတယ်။ ဆိုလိုတာက Facebook Team ရဲ့ Community Standard ကို ဘယ်လိုမြင်ပါသလဲ။ 
YNM : သူတို့ရဲ့ Community Standard ဆိုတော့ သူတို့ရဲ့ Standard ဖြစ်ပါလိမ့်မယ်။ ပထဝီအနေအထား၊ လူနေမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှု စတဲ့အချက်တွေအရ ကွာခြားနိုင်တာပဲ။ အဲ့ဒီအတွက်ကတော့ သူတို့ရဲ့ Community Standard က မေးခွန်းထုတ်စရာပါ။

Voice : ပြည်တွင်းမှာ အစိုးရဝန်ကြီးဌာနတွေ အပါအဝင် စီးပွားရေးလုပ်ငန်းတွေက ဒီဖေ့စ်ဘွတ်ခ်အပေါ်မှာ သတင်းဖြန့်ဝေတာ၊ ကြော်ငြာတာတွေကို တွင်တွင်ကျယ်ကျယ်လုပ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းတွေက ကြော်ငြာတယ်ဆိုတာက မထောင်းတာပေမယ့် အစိုးရဝန်ကြီးဌာနတွေက ဒီအပေါ်လုံးဝနီးပါး သွားပြီးမှီခိုနေတာက ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
YNM : မှီခိုတာတော့ မဟုတ်ဘူးဗျ။ အစိုးရဌာနတွေက ပေးချင်တဲ့ သတင်းအချက်အလက်ကိုယူမယ့်သူအများစုက ဒီ Platform ပေါ်မှာဆိုတော့ ဌာနတွေကလည်းဒီ Social Media Platform ကို သတင်းစီးဆင်းမှုအတွက် အသုံးပြုပြီးဆောင်ရွက်ကြတယ်လို့ မြင်ပါတယ်။

Voice : e-Government လို့ဆိုလိုက်ရင်လည်း တစ်ဖက်မှာကလည်း အစိုးရပရောဂျက်တွေ လုပ်ကိုင်ခွင့်ရဖို့ အတင်းတွန်းချင်နေတဲ့ အသင်းအဖွဲ့တွေကလည်း ရှိနေမယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ အစိုးရရဲ့ သတင်းအချက်အလက်တွေကို ပြည်ပပိုင် လူမှုကွန်ရက်တစ်ခုကို ပေးနေမယ့်အစား ဒီ e-Government စနစ်ကို အောင်မြင်လာအောင် ဆောင်ရွက်ဖို့ လိုအပ်မလားဗျ။
YNM : ပြည်တွင်းအခြေစိုက် Social Media Platform တစ်ခု ရှိသင့်တယ်လို့ မြင်ပါတယ်။ ဒါမှလည်း ပိုမိုလုံခြုံပြည့်စုံတဲ့ ဝန်ဆောင်မှုတွေပေးနိုင်မယ်ထင်ပါတယ်။ e-Government စနစ် အောင်မြင်လာဖို့လည်း အရေးကြီးပါတယ်။

Voice : ပြည်သူအများစုကလည်း၊ နယ်တွေမှာဆို ပိုပြီးမြင်သာပါတယ်။ ဖေ့စ်ဘွတ်ခ်ကို သတင်းရင်းမြစ်တစ်ခုလို အသုံးချနေတာတွေ့ရပါတယ်။ ဟာဖေ့စ်ဘွတ်ခ်မှာတောင် တက်လာပြီ။ ဒီသတင်းအမှန်ပဲ ဆိုတာမျိုး တွေ့ရပါတယ်။ အဲ့ဒီတော့ သတင်းတု၊ သတင်းမှားတွေ ဖြန့်ဝေဖို့က အလွန်အင်မတန်လွယ်ကူနေတဲ့ အနေအထားပါ။ ဒီအန္တရာယ်ကရော ဘယ်လောက်အထိ ဆိုးကျိုးတွေဖြစ်လာနိုင်မလဲ။ ဒါကို ဘယ်လိုတားဆီးဖို့ လိုမလဲဗျ။
YNM : ဒီကိစ္စကိုတော့ ကျွန်တော်တို့ Forum တွေလုပ်ပြီး ဆွေးနွေးခဲ့ပါတယ်။ Community ကို Community နဲ့ပဲ ထိန်းကြရမှာပါ။ ပညာပေးအစီအစဉ်တွေလုပ်ရမယ်။ သတင်းတုသတင်းယောင်တွေကို ဆင်ခြင်သုံးသပ်နိုင်ဖို့ အရေးကြီးပါတယ်။ ဖြန့်ဝေသူတွေက Fake Account တွေကိုအသုံးပြုပြီးဖြန့် ဝေကြတာပါ။ ဒါကြောင့် ဒီလို Account မျိုးကို လက်မခံဘဲ ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ Account Registration လုပ်တဲ့အခါမှာ ID အစစ်၊ SIM  အမှန်တွေကိုသုံးဖို့အတွက် လိုအပ်တာတွေကို ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ Social Community တစ်ခုဖြစ်လာနိုင်ပါတယ်။

Voice : လက်ရှိ ဆရာတို့ ပြောပြချက်အရ ဒီကိစ္စက Facebook Team ရဲ့ ဆောင်ရွက်ချက်နဲ့ Facebook Team ရဲ့ ဆုံးဖြတ်ချက်ပဲပေါ့လေ။ မနေ့ညက မြင်ရသလောက်ဆိုရင် ဒီကိစ္စဟာ အစိုးရရဲ့ လုပ်ရပ်လို့ ယူဆနေတာတွေ အများကြီးတွေ့ရသလို ဝေဖန်ပြောဆိုနေတာတွေလည်း တွေ့ရတော့လေ။ ဒီလိုလုပ်သွားတဲ့အပေါ်မှာရော ဆရာ့အမြင်နဲ့ ဝေဖန်ချက်လေး ပြောပေးပါဦးဗျ။
YNM : သူတို့ရဲ့ဆောင်ရွက်ချက်ကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ ဒီလိုသူတို့လုပ်လိုက်တာက မြန်မာနိုင်ငံရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အနှောင့်အယှက်ဖြစ်သွားစေနိုင်တယ်ဆိုတာ သူတို့ဆင်ခြင်သင့်ပါတယ်။ ဝေဖန်ပြောဆိုနေမှုတွေကိုလည်း ဦးဇော်ဌေးက ရှင်းပြပြီးဖြစ်တဲ့အတွက် ထင်မြင်ယူဆနေကြသလို မဟုတ်ဘူးဆိုတာကို ထပ်ပြောချင်ပါတယ်။

Voice : ဆရာတို့ Social Media Monitoring Team (ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့) အနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ အပိုင်းတွေကိုလည်း ပြောပြပေးပါဦး။
YNM : Social Media Monitoring Team အနေနဲ့ လုပ်ဆောင်ချက်တွေကတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်ရဲ့ အဆိုပါ ရည်ရွယ်ချက်တွေအတိုင်းအကောင်အထည်ဖော်ဆောင်နေမယ်လို့ ထင်ပါတယ်ဗျ။ အဲဒီရည်ရွယ်ချက်တွေမှာလည်း အခုလိုကိစ္စရပ်တွေကိုဆောင်ရွက်ဖို့မပါပါဘူး။ Social Media ကိုလူငယ်တွေ လမ်းမှန်နည်းမှန် အသုံးပြုစေရေးစတဲ့ ရည်ရွယ်ချက်ကောင်းတွေပါပါတယ်။

Voice : အချုပ်အနေနဲ့ပေါ့လေ။ ဒီလိုဖြစ်ရပ်တွေလည်း ဖြစ်လာခဲ့ပြီ။ အချက်အလက်လုံခြုံမှုမရှိဘူး။ ကိုယ့်အစိုးရဝန်ကြီးဌာနတွေရဲ့ အချက်အလက်တွေကို ပြည်ပလူမှုကွန်ရက်ပေါ်မှာ တည်ဆောက်နေရတယ်။ ဒီအခြေအနေအစား လူမှုကွန်ရက်ဆိုလည်း မြန်မာပိုင်လူမှုကွန်ရက်တစ်ခုဖြစ်လာမယ်။ ဒါမှမဟုတ် အစိုးရရဲ့ ဝန်ဆောင်မှုတွေ၊ ထုတ်ပြန်ချက်တွေကို ကိုယ်ပိုင် e-Government စနစ်တစ်ခုအပေါ်မှာ အခြေတည်ထားမယ်ဆိုရင် ဒီအခြေအနေတွေက ဘယ်လိုကွာခြားသွားမှုတွေ ဖြစ်သွားမလဲဆိုတာ သုံးသပ်ပေးပါဦးဗျ။
YNM : ဒါကတော့ ဖြစ်သင့်ပါတယ်။ e-Government အထောက်အကူပြုစနစ်တစ်ခုအနေနဲ့ အခြေတည်ပြီးဝန်ဆောင်မှုပေးမယ်ဆိုရင် အချက်အလက်လုံခြုံမှုအပါအဝင် နိုင်ငံရဲ့ ပုံရိပ်ကိုပါ မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။

မောင်မန်း