News

POST TYPE

RELAX

ဇင်ဝိုင်းနဲ့ တွေ့ဆုံခြင်း
28-Aug-2018

“ရုံတင်ပြသရေးစနစ် မှားယွင်းမှုတစ်ခုဖြစ်ရင် ကျွန်တော်တို့ ရုပ်ရှင်လောက ပျက်စီးသွားနိုင်ပါတယ်”



ရုပ်ရှင်ဇာတ်ကားတွေကို ရုံတင်ပြသရေးစနစ်နဲ့  ပတ်သက်ပြီး ထုတ်လုပ်သူအချို့နဲ့  သဘောထားကွဲလွဲမှုရှိခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ၊ သရုပ်ဆောင်ဇင်ဝိုင်းနဲ့ တွေ့ဆုံပြီး၊ လက်ရှိ ရုံတင်ပြသရေးစနစ်အကြောင်း ထုတ်လုပ်သူအချို့နဲ့  သဘောထားကွဲလွဲမှုအပေါ် သူ့အမြင်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ရိုက်ထားပြီး ရုံမတင်ရသေးတဲ့ ရုပ်ရှင် ဇာတ်ကားတွေပုံနေတဲ့ ပြဿနာကို ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌတစ်ယောက်အနေနဲ့  ဘယ်လို တာဝန်ယူဖြေရှင်းပေးခဲ့လဲ။
ZW : ရုပ်ရှင်ဇာတ်ကားတွေကို ရုံတင်ပြသရေး စနစ်အတွက် ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ထုတ်လုပ်သူ ဆယ့်လေးငါးယောက်လောက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ ရုံဆိုလည်း တစ်အုပ်စု၊ နှစ်အုပ်စုဆိုပြီး ခွဲခြားပြီးတော့ ကြည့်လို့မရပါဘူး။ လက်ရှိမှာ ထုတ်လုပ်သူ ၉၉ ဦးရဲ့ ဇာတ်ကားပေါင်း ၂၄၁ ကားက ရုံတင်ပြသခွင့်ရဖို့ စောင့်ဆိုင်းနေရပါတယ်။ ဒါတောင်မှ ဒီနှစ် ဇူလိုင်လ ၂၆ ရက်နေ့အထိပဲ ဆင်ဆာကျထားတဲ့ ဇာတ်ကားအရေအတွက်ပါ။ လာမယ့် အောက်တိုဘာလမှာ ဆင်ဆာကျလာမယ့် ဇာတ်ကားတွေရှိပါသေးတယ်။ ကျွန်တော်က ထုတ်လုပ်သူအားလုံးရဲ့ အကျိုးစီးပွားမျှတစွာရအောင် စဉ်းစားဆုံးဖြတ်ရတာ ဖြစ်ပါတယ်။ 

Voice : ဇာတ်ကားတွေကို လက်ရှိရုံတင်ပြသတဲ့ စနစ်ကို ပရိသတ်တွေ နားလည်အောင် ရှင်းပြပေးပါဦး။
ZW : လက်ရှိမှာတော့ ကျွန်တော်တို့က တစ်သုတ်မှာ ရုံပတ်ငါးပတ်အတွက် ဇာတ်ကားတွေကိုပြသဖို့ ချိတ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို တန်းစီစနစ်နဲ့ တစ်ပတ်ပြတယ်။ ၂၀၁၇ ခုနှစ်အတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကို တန်းစီစနစ်နဲ့ တစ်ပတ်ပြပါတယ်။ ရုံရှင်စိတ်ကြိုက် ဇာတ်ကားတွေကို ရွေးချယ်ပြသတာကတော့ သုံးပတ်ပါ။ အဲ့ဒါပြီးရင်တော့ နောက်ငါးပတ်မှာ ပြသမယ့် ဇာတ်ကားတွေကို ရွေးချယ်ကြပါတယ်။ ရုံရှင်စိတ်ကြိုက်စနစ်မှာတော့ ကျွန်တော်တို့က ဘာမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါဘူး။ ဒီနေ့ ဆင်ဆာကျရင် နောက်နေ့မှာ ရုံရှင်က ကြိုက်တယ်ဆိုရင် ပြလို့ရပါတယ်။ တန်းစီစနစ်ဆိုတာက ရုံရှင်စိတ်ကြိုက်ချည်းပဲ ဖြစ်နေတဲ့အတွက် ၂၀၁၆၊ ၂၀၁၇ ခုနှစ်အတွင်း ရိုက်ထားတဲ့ ဇာတ်ကားတွေကို မဖြစ်မနေပြပေးဖို့ ရုံရှင်များအပေါ်ကို ဖိအားပေးပြီးလုပ်ထားတဲ့စနစ်ပါ။ ဒါကလည်း အများက သဘောတူထားတဲ့ စနစ်ပါပဲ။

Voice : လက်ရှိ ရုံတင်ပြသမှုစနစ်အရဆို ပြသခွင့်ရမယ့် ရုံအရေအတွက် နည်းသွားနိုင်သလို၊ ဝင်ငွေလည်း လျော့သွားနိုင်တယ်လို့ ပြောဆိုကြတာတွေလည်း ရှိတယ်နော်။
ZW : ကျွန်တော့်ဘက်ကတော့ ကိုယ်လုပ်ပေးနိုင်တဲ့ အတိုင်းအတာအတွင်းမှာ ထုတ်လုပ်သူတွေအတွက် ညီမျှမှုဖြစ်အောင် ကြိုးစားပေးရပါတယ်။ ရုံတင်ပြသခြင်းစနစ်ဆိုတာက ရုတ်တရက်ကြည့်မယ်ဆိုရင် ရုံရှင်နဲ့ ထုတ်လုပ်သူတွေရဲ့ အကျိုးစီးပွားပဲလို့ ထင်စရာရှိပါတယ်။ မဟုတ်ပါဘူးခင်ဗျာ။ ရုံတင်ပြသရေးစနစ်မှားသွားရင် မှန်ခြင်း၊ မှားခြင်းပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့ ရုပ်ရှင်လောကရဲ့ ရှေ့ရေးနဲ့ပါ သက်ဆိုင်နေပါတယ်။ ရုံတင်ပြသရေး စနစ်မှားယွင်းမှုတစ်ခုဖြစ်ရင် ကျွန်တော်တို့ ရုပ်ရှင်လောက ပျက်စီးသွားနိုင်ပါတယ်။ တစ်ဖက်စောင်းနင်းဖြစ်သွားနိုင်ပါတယ်။ ပြသရေးစနစ် မှန်ကန်သွားရင်လည်း ကျွန်တော်တို့ ရုပ်ရှင်လောက ရှေ့ရေးက တိုးတက်နိုင်ပါတယ်။

Voice : လက်ရှိ ရုံတင်ပြသရေးစနစ်ကို ထုတ်လုပ်သူအချို့က မကြိုက်ကြတာမျိုးတွေလည်း ရှိတဲ့အပေါ်ကိုရော ဘာပြောချင်လဲ။
ZW : ရုံတင်ပြသရေး စနစ်ဆိုတာက ကျွန်တော်တစ်ဦးတည်း ဆုံးဖြတ်ခြင်းမဟုတ်ပါဘူး။ ရုပ်ရှင်အစည်းအရုံးမှာ အမှုဆောင်အယောက် ၂၀ ရှိပါတယ်။ နာယကကြီးများအဖွဲ့ ရှိပါတယ်။ တကယ်တမ်းဆုံးဖြတ်မယ်ဆိုရင် ပြီးခဲ့တဲ့လ ၂၆ ရက်နေ့က လုပ်ခဲ့တဲ့ပြသ၊ ညှိနှိုင်းအစည်းအဝေးမှာကတည်းက ဆုံးဖြတ်လို့ရပါတယ်။ သို့သော် ကျွန်တော် တစ်ဦးတည်း ဆုံးဖြတ်တယ်လို့ ဖြစ်မှာစိုးတဲ့အတွက်၊ အာဏာရှင်ဆန်မှာ စိုးတဲ့အတွက် ဩဂုတ်လ ၄ ရက်နေ့ မှာ ထုတ်လုပ်သူများရဲ့ အသံကို သီးခြားနားထောင်ပါတယ်။ ဩဂုတ်လ ၁၂ ရက်နေ့မှာ ရုံရှင်များရဲ့ အသံကို သီးခြားနားထောင်ပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့မှာ အမှုဆောင်အဖွဲ့နဲ့ နာယကကြီးများကို ဖိတ်ကြားပြီး စဉ်းစားဆုံးဖြတ်ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ မှ အားလုံးကို အသိပေးခဲ့တာပါ။

Voice : ဒီကိစ္စမှာ ဦးဇင်ဝိုင်းနဲ့ သဘောထားကွဲလွဲကြတဲ့သူတွေထဲမှာ လက်ရှိဇာတ်ကားတွေ အများကြီး ရိုက်နေကြတဲ့ အင်အားကြီးတဲ့ ထုတ်လုပ်သူတွေလည်း ပါနေကြတယ်နော်။
ZW : ကျွန်တော်တို့ကတော့ အင်အားကြီးတဲ့ ထုတ်လုပ်သူမို့ မျက်နှာသာပေးထားမယ်။ အင်အားငယ်တဲ့ ထုတ်လုပ်သူမို့ မျက်နှာလွှဲထားမယ်ဆိုပြီး လုပ်လို့မရပါဘူး။ ထုတ်လုပ်သူ အများစုရဲ့ ဆန္ဒကို ကြည့်ရပါတယ်။ ဇာတ်ကားတွေကောင်းအောင် ထုတ်လုပ်ကြတဲ့ ကုမ္ပဏီတွေလည်း များစွာရှိပါတယ်။ ကျွန်တော်ကတော့ ဒီလမ်းကြောင်းပေါ်မှာပဲ၊ ဒီမူနဲ့ပဲ သွားနေတာပါပဲ။ ကျွန်တော်နဲ့ သဘောထားတိုက်ဆိုင်တဲ့အခါမှာ တကယ့်ခေါင်းဆောင်ကောင်းကြီး၊ အရည်အချင်းပြည့်ဝတဲ့ လူကြီး၊ အားကိုးလောက်တဲ့ ဦးဌေးဖြစ်ကြမှာပါပဲ။ ကျွန်တော်သွားနေတဲ့ မူဘောင်က မိမိအကျိုးစီးပွားနဲ့ လွဲချော်သွားတဲ့အခါမှာ ကျွန်တော်သည် လူဆိုးဖြစ်မှာပဲ၊ ဗီလိန်ဖြစ်မှာပါပဲ။ 

သန့်ဇင်ဦး