News

POST TYPE

RELAX

ထူးခြားဆန်းကြယ်သော မြို့ပျက်ကြီးများ
25-Aug-2018 tagged as



တစ်ချိန်က လူစည်ကားခဲ့ပြီး နောက်ပိုင်းတွင် ပစ်ထားခဲ့သော မြို့ပေါင်းများစွာ နိုင်ငံအနှံ့တွင် ရှိပါသည်။ ထိုမြို့များကို တစ္ဆေမြို့များဟုခေါ်ကြသည်။ ထိုစွန့်ပစ်ထားသော မြို့များကိုပင် ယခုအခါ ကမ္ဘာလှည့်ခရီးသည်များက စိတ်ဝင်စားစွာဖြင့် သွားကြည့်သောနေရာများ ဖြစ်နေပါသည်။ 

Goussainville-Vieux Pays, Paris



ဂူဆားဗီလာဗျုပီးသည် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ရှိ ချားစ် ဒီဂေါလေဆိပ်အနီးတွင် တည်ရှိသည့် မြို့ပျက်ကြီးတစ်ခုဖြစ်သည်။ လေဆိပ်နှင့်ကပ်လျက်ရှိပြီး ပြေးလမ်းနှင့်ပင် ထိစပ်နေသည့် မြို့ပျက်ကြီးဟုဆိုနိုင်သည်။ ထိုမြို့ကို ဖျက်သိမ်းလိုက်ရခြင်းကလည်း လေဆိပ်ကြောင့် ဖြစ်သည်။ 

၁၉၇၃ ခုနှစ်က ထိုမြို့အနီးတွင် လေဆိပ်ကိုလာ ဆောက်ကြသည်။ ထိုစဉ်ကတည်းက မြို့တွင်နေထိုင်သူ အတော်များများသည် မြို့က ထွက်သွားခဲ့ကြသည်။ ပဲရစ်လေကြောင်းပြပွဲကို ပြုလုပ်စဉ် ထိုမြို့ပေါ်ကို ဆိုဗီယက်လုပ် Tupolev Tu-144 လေယာဉ်ကပျက်ကျသည်။ လေယာဉ်က မြို့ပေါ်ပျက်ကျခြင်းဖြစ်ပြီး အိမ် ၁၅ လုံးနှင့် ကျောင်းတစ်ကျောင်းကို ဖျက်ဆီးပစ်လိုက်သည်။ ရွာသား ၈ ဦးသေဆုံးပြီး လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၆ ဦးစလုံးလည်း သေဆုံးသွားခဲ့ရသည်။ 

လေယာဉ်ပျက်ကျပြီး နောက်တစ်နှစ်အကြာတွင် ချားလ်စ်ဒီဂေါလေဆိပ်ကြီး ပြီးစီးသွားသောကြောင့် ဖွင့်ပွဲလုပ်သည်။ လေဆိပ်ဖွင့်လိုက်သဖြင့် လေယာဉ်ကွင်း အတက်၊ အဆင်း လေယာဉ်သံများက မြို့လေးကို အသံတွေ ဆူညံစေသည်။ လေယာဉ်သံဆူညံမှုများကို နားမခံသာသည့်အဆုံးတွင် မြို့ပေါ်ကလူတွေ ရရာဈေးနှင့် အိမ်တွေကိုရောင်းပြီး စွန့်ပြေးကြရလေတော့သည်။ စွန့်ပစ်သွားသောမြို့ပျက်ကြီးမှာ ယနေ့တိုင် ချုံနွယ်တွေဖုံးပြီး မြို့ပျက်ကြီးတစ်ခုပမာ ဖြစ်ကျန်ခဲ့သည်။

North Brother Island, New York City



အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီတီး၊ Bronx အရပ်တွင်ရှိသော ကျွန်းလေးတစ်ကျွန်းဖြစ်သည်။ သူ့ကို မြောက်ကျွန်းဟုခေါ်ပြီး၊ သူ့အနီးတွင်ရှိသော ကျွန်းကို တောင်ကျွန်း South Brother Island ဟု ခေါ်သည်။ ကျွန်းညီနောင်ဖြစ်သည်။ ထိုကျွန်းနှစ်ခုစလုံးတွင် လူမနေသော်လည်း မြောက်ကျွန်းတွင် လူအနည်းငယ်ရှိသည်။ ၁၈၈၀ ပြည့်နှစ်က ထိုကျွန်းကို ရောဂါဖြစ်နေသူများအား လာရောက်ခွဲထားရန်နေရာအဖြစ် သတ်မှတ်ထားသည်။ 

နယူးယောက်စီတီးတွင် ဝက်သက်နှင့် တီဘီရောဂါ ဖြစ်ပွားနေသူများကို သေလုမြောပါးဖြစ်နေချိန်တွင် ဤကျွန်း၌ လာရောက်စွန့်ပစ်ထားလေ့ ရှိကြသည်။ ထိုကျွန်းတွင် လာရောက်စွန့်ပစ်ခံရသူများထဲ၌ ထင်ရှားသူတစ်ဦးမှာ တိုက်ဖွိုက်မေရီ ဆိုသူဖြစ်သည်။ သူ့ကို သေပြီဆိုကာ လာပစ်ထားပြီးမှ နှစ်ပေါင်း ၂၈ နှစ်တိုင် ဤကျွန်းတွင် ထပ်မံနေထိုင်သွားခဲ့သည်။ သူက ၁၉၃၈ ခုနှစ်မှ ကွယ်လွန်သွားသည်။ 

မြောက်ကျွန်းသည် ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်တွင် စစ်ပြန်များနေထိုင်ရန်အတွက် သတ်မှတ်ပေးထားသည့် နေရာလည်း ဖြစ်ခဲ့သည်။ ထို့နောက် ထိုကျွန်းကို ဘိန်းဖြူစွဲနေသည့် လူငယ်များအတွက် ပြန်လည်ထူထောင်ပေးရာ စခန်းကျောင်းအဖြစ်လည်း အသုံးပြုခဲ့သေးသည်။ ၁၉၆၃ ခုနှစ်တွင် လူငယ်ပြုစုပျိုးထောင်ရေးစခန်းကို ပိတ်ပစ်ခဲ့ရသည်။ နယူးယောက်စီတီးက ထိုကျွန်းကို အိုးအိမ်မဲ့များ နေထိုင်ရန်အတွက် နေရာသတ်မှတ်ပေးရန် စဉ်းစားခဲ့သေးသည်။ သို့သော် Rikers ကျွန်းရှိ ထောင်နှင့်နီးနေသောကြောင့် အကောင်အထည်မပေါ်ခဲ့ပေ။

ထိုကျွန်းကို စွန့်ပစ်ထားသည်မှာ ကြာပြီဖြစ်သောကြောင့် ပေါင်းမြက်များ ဖုံးလွှမ်းနေသည်။ ပြိုပျက်သည့် အဆောက်အအုံတွေကလည်း ပြိုပျက်နေပြီဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ထိုကျွန်းကို နယူးယောက်ဥယျာဉ်ဌာနက ငဟစ်ငှက်များ ခိုလှုံရာဒေသအဖြစ် သတ်မှတ်ကြေညာခဲ့သည်။ ထို့ကြောင့် ငဟစ်ငှက်များသည် ထိုကျွန်းတွင် လူသားတို့ အနှောင့်အယှက်ကင်းစွာဖြင့် သားပေါက်ဖွားနိုင်သော နေရာတစ်နေရာ ဖြစ်သွားခဲ့ရသည်။

Olympic Village, Wustermark



ဂျာမနီနိုင်ငံ၊ ဘာလင်မြို့စွန်တွင် Wustermark ဆိုသည့် အိုလံပစ်ရွာကြီးတစ်ရွာ ရှိသည်။ ၁၉၃၆ ခုနှစ် က နာဇီအစိုးရသည် ဘာလင်အိုလံပစ်ပွဲကျင်းပရာ၌ အားကစားသမားများ နေထိုင်ရန် တည်ဆောက်ပေးခဲ့သော အားကစားရွာဖြစ်သည်။ ဟစ်တလာက ဤအားကစားရွာကို ဝါဒဖြန့်ချိရေးအသွင်ဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ သူတို့ နာဇီများ အုပ်စိုးနေစဉ်ကာလတွင် နာဇီဂျာမနီသည် မည်မျှတိုးတက်နေကြောင်း ကမ္ဘာကို ပြလိုသောကြောင့်ဖြစ်သည်။ 

အိုလံပစ် အားကစားပွဲများကို ၁၉၃၆ ခုနှစ် အိုလံပစ်ပွဲမတိုင်မီက ရုပ်မြင်သံကြားဖြင့် တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းများ မရှိခဲ့ပေ။ ဟစ်တလာက သူ့လက်ထက်တွင် ဂျာမနီသည် မည်မျှလှပသာယာနေကြောင်း၊ အားကစားသမားတွေကို မည်သို့စောင့်ရှောက်ထားကြောင်း ပြသလိုသဖြင့် ထိုခေတ်က အားကစားရွာကို အခမ်းနားဆုံးဆောက်လုပ်ခဲ့သည်။

သို့သော် ဟစ်တလာသည် အသားအရောင်မည်းသူများနှင့် ဂျူးများကို အိုလံပစ်ပွဲမဝင်နိုင်စေရန် ကန့်သတ်ခဲ့သောကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် နိုင်ငံအများစုက ထိုသို့သတ်မှတ်လျှင် ဝင်မပြိုင်ဟု ခြိမ်းခြောက်မှ ခွင့်ပြုခဲ့ရသည်။ ထိုအားကစား ရွာတွင် အားကစားသမားပေါင်း ၄၀၀၀ တည်းခိုနေထိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ထိုအားကစားရွာကို စစ်ဆေးရုံအဖြစ် ပြောင်းလဲခဲ့သည်။ စစ်ပြီးသည့် အခါတွင်လည်း ဆိုဗီယက်တပ်များက စစ်စခန်းများအဖြစ် အသုံးပြုခဲ့သည်။ ဂျာမနီနှစ်နိုင်ငံပြန်လည်ပေါင်းစည်း ပြီးနောက်ထိုရွာကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားခြင်းခံခဲ့ရသည်။ ဂျာမနီအစိုးရက ယခုအခါ ထိုအိုလံပစ်ရွာ ဟောင်းကို ပြတိုက်များအဖြစ်ထားရှိရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Thames Town, Shanghai



တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ မိနစ် ၄၀ ခန့်သွားလျှင် ရောက်နိုင်သည့်နေရာတွင် ဆွန်ကျင်းဆိုသည့် အရပ်၌ Thames Town ဆိုသည့် မြို့ကိုတည်ထားသည်။ ထိုမြို့ကိုတည်ဆောက်စဉ်က အစိုးရသည် လူဦးရေထူထပ်ပြီး၊ ဆူညံသော ရှန်ဟိုင်းမှ၊ တိတ်ဆိတ်သော မြို့ပြတစ်ခုဆီသို့ လူများကို ပြောင်းရွှေ့နေထိုင်စေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် လူဦးရေထူထပ်သောနေရာမှ လူလျှော့ရန် ဖြစ်သည်။ 

၂၀၀၁ ခုနှစ်တွင် ရှန်ဟိုင်းစီမံကိန်းကော်မရှင်က ထိုသတ်မှတ်ထားသည့် ဆွန်းကျင်းအရပ်တွင် မြို့ သစ်တစ်မြို့ကို စတင်တည်ခဲ့သည်။ ထိုကော်မရှင်နှင့်အတူ ပူးပေါင်းတည်ဆောက်မည့် အခြားအဖွဲ့အစည်း ၈ ခုကလည်း မြို့သစ်ကိုတည်ဆောက်ရန် ပြင်ဆင်လျက်ရှိသည်။ 

ထိုမြို့ကို ကမ္ဘာ့ထင်ရှားသည် မြို့ပြဒေသနေရာများအတိုင်း ပုံတူပွားတည်ဆောက်ရန်လည်း ဆုံးဖြတ်ကြသည်။ Thames Town သည် ဗြိတိန်မှ မြို့တစ်မြို့အတိုင်း ပုံတူပွားတည်ဆောက်ရန်ဖြစ်သည်။ မြို့ကိုတည်ဆောက်ပြီး ထိုမြို့ဘေးက မြစ်ကိုပင် သိမ်းမြစ်ဟု အမည်ပြောင်းခဲ့ကြသေးသည်။ ရှန်ဟိုင်းအစိုးရသည် ထိုမြို့တည်ဆောက်ရန်အတွက် ယွမ် ၂ ဘီလီယံကျော် အကုန်အကျခံခဲ့သည်။ 

မြို့ကိုတည်ဆောက်ပြီးသော်လည်း လာနေသူမရှိ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အဆောက်အအုံတွေက ဈေးကြီးလွန်းသောကြောင့် ဖြစ်သည်။ အလယ်အလတ်တန်းစားများပင် မနေနိုင်လောက်သည့် ဈေးဖြစ်ပြီး၊ ချမ်းသာသူများလောက်သာ ဝယ်ထားနိုင်သည့်နေရာများ ဖြစ်ခဲ့ရသည်။ ထိုချမ်းသာသူတို့ကလည်း လာရောက်နေထိုင်ခြင်းမရှိ။ အပန်းဖြေရန် တစ်ခါတစ်ရံလောက်မှ လာခြင်းကြောင့် မြို့က တိတ်ဆိတ်ခြောက်ကပ်နေသည်။

E-01

(Ref: Ghost Towns) 

  • TAGS