News

POST TYPE

RELAX

နေခြည်ဦးနဲ့ တွေ့ဆုံခြင်း
24-Aug-2018 tagged as အနုပညာ

“အပျိုမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ကျဖူးတယ်၊ Living  Together နေတယ်ဆိုတဲ့ စကားတွေပြောတာ မကောင်းပါဘူး”

လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်မှာ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေခံနေရတဲ့ နာမည်ကျော် Beauty Blogger နေခြည်ဦးနဲ့တွေ့ဆုံပြီး အချစ်ရေးကိစ္စကြောင့် ဝေဖန်ခံနေရတဲ့အပေါ် သူ့ခံစားမှုနဲ့ ဖြေရှင်းချက်တွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။
 
Voice : နေခြည်ဦးရဲ့ အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဂယက်တွေ ထွက်ပေါ်လာတာ ဘာကြောင့်လို့ထင်လဲ။
NCO : ဂယက်တွေထွက်ပေါ်လာတာကတော့ နေခြည်တို့နှစ်ယောက်ရဲ့ စတင်တွေ့ဆုံမှုကြောင့်လို့ ထင်ပါတယ်။ သူနဲ့ကိုယ်နဲ့ စတွေ့တဲ့အချိန်တုန်းက သူက ဘော့စ်ပေါ့နော်။ သူ့ရဲ့ဆိုင်ဖွင့်ပွဲကိုသွားရင်းနဲ့ နေခြည်တို့ တွေ့ကြတယ်။ အဲ့ဒီတုန်းကတော့ နေခြည့်မှာလည်း ရည်းစားရှိတာပေါ့နော်။ နောက်ပိုင်းမှာ နေခြည်တို့ ကြိုက်သွားတော့ ဂယက်ကစပြီပေါ့။ နေခြည်တို့ရဲ့တွေ့ဆုံမှုမှာ တခြားလူတွေလည်း ပါဝင်ပတ်သက်နေတာပေါ့။ နေခြည့်အနေနဲ့ ပြောရရင်တော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ကာယကံရှင်တွေက အသိဆုံးပါ။ အခုချိန်အထိလည်း သူ့ကို နေခြည် လိပ်ပြာသန့်သန့်နဲ့ ချစ်တယ်။ 

Voice : ကိုယ်ရွေးချယ်လိုက်တဲ့ ချစ်သူကရော ကိုယ့်အပေါ် ဘယ်လောက်အထိ ဖေးမကူညီပေးလဲ။
NCO : သူက နေခြည့်ကို အရမ်းချစ်ပါတယ်။ အရမ်းလည်း သည်းခံတယ်။ အရမ်းလည်း အလိုလိုက်တယ်။ ကိုယ်ကလိုက်ပြီးတော့ တစ်ဖက်သတ် လိုက်ချစ်နေရတာမဟုတ်ဘူး။ သူအရမ်းချစ်လို့ ကိုယ်ကသူ့အပေါ် နားလည်ပေးပြီး ချစ်ခဲ့တယ်။ အဲ့ဒါကြောင့်လည်း နေခြည်တို့ အချစ်ရေးက အခုချိန်အထိ အေးအေးဆေးဆေး သာသာယာယာ ဖြစ်နေတာပေါ့နော်။ နေခြည်တို့ စကြိုက်ကတည်းကလည်း အများကြီးပြောခံခဲ့ရတာပါ။ အခု ကြိုက်ပြီးရှစ်လ၊ ကိုးလလောက်ရှိတာတောင် ဒီစကားတွေ ပြောခံနေရတုန်းဆိုတော့ အပူတွေများလိုက်တာ၊ အမုန်းတွေများလိုက်တာလို့ပဲ တွေးပါတယ်။ ဒီဂယက်ကြောင့် နေခြည်တို့ရဲ့ Relationship ကို လုံးဝအထိခိုက်မခံပါဘူး။ နှစ်ယောက်လုံးက အေးအေးဆေးဆေးပါပဲ။ ဒါပေမဲ့ ကိုယ့်ပရိသတ်တွေကတော့ စိတ်ပူတာပေါ့နော်။ ကိုယ့်ကို မုန်းတီးတဲ့သူတွေ၊ မနာလိုတဲ့သူတွေအတွက်ကျတော့ တိုက်ခိုက်ဖို့အတွက် ခွင်ဖြစ်သွားတာပေါ့။

Voice : တချို့တွေကဆို အိမ်ထောင်ကျဖူးတယ်ဆိုပြီး ပြောကြတာတွေတောင် ရှိတယ်နော်။ ဒီလိုဝေဖန်တိုက်ခိုက်မှုတွေကြောင့် ဘယ်လောက်အထိ ခံစားခဲ့ရလဲ။
NCO : နေခြည့်ကို ပြည်ပမှာ ကျောင်းတက်တုန်းက ပါမောက္ခတွေနဲ့တောင် ပေးစားတယ်။ အိမ်ထောင်ကျဖူးတယ်ဆိုပြီး ပြောကြတယ်။ တချို့ကျတော့ ကောင်လေးတစ်ယောက်နဲ့ Living Together နေဖူးတယ်လို့ ပြောကြတယ်။ အရင်တုန်းက နေခြည့်မှာ ရည်းစားဟောင်းတစ်ယောက် ရှိခဲ့ပါတယ်။ သူနဲ့နေခြည်က ရန်ကုန်၊ မန္တလေးလောက်နေတာပါ။ ကျောင်းလည်းမတူပါဘူး။ သေချာလည်း စုံစမ်းကြည့်ကြပါဦးလို့။ သူများသားသမီးကို အသရေဖျက်တယ်ဆိုတာ နေခြည်က နားလည်ပေးနိုင်လို့၊ သည်းခံပေးနိုင်လို့ပါ။ တခြားနေရာမှာဆို ဒီလိုမျိုးသည်းခံပေးနိုင်မှာ မဟုတ်ပါဘူး။ အပျိုမိန်းကလေးတစ်ယောက်ကို အိမ်ထောင်ကျဖူးတယ်၊ Living Together နေတယ်ဆိုတဲ့ စကားတွေ ပြောတာမကောင်းပါဘူး။ 

Voice : သူများရည်းစားကိုလုသွားတဲ့၊ စနှိုက်ကြော်မဆိုပြီး ကိုယ့်ကို နာမည်တပ်ကြတဲ့ အပေါ်မှာရော ဘယ်လိုပြန်ဖြေရှင်းချင်လဲ။
NCO : အဲ့ဒီလိုပြောကြတဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ငယ်ငယ်တုန်းကဆို သူငယ်ချင်းတွေထဲမှာ စနှိုက်ကြော်မဆိုပြီး နာမည်တပ်ခံရတဲ့ မိန်းကလေးတွေ တွေ့တုန်းက ဒီလောက်မခံစားမိဘူး။ ကိုယ်တိုင်အပြောခံရတဲ့အချိန်မှာ ကိုယ့်ဂုဏ်သိက္ခာအရရော၊ ကိုယ့်အသိုင်းအဝိုင်းအရရော စိတ်မကောင်းတော်တော် ဖြစ်မိတယ်။ ဘာဖြစ်လို့များ ကိုယ့်ကိုမှ အဲ့ဒီလောက်အထိ ပြောကြလဲပေါ့နော်။ နေခြည်တို့ ကြိုက်ကြတာကြာပြီလေ။ အခုထိ ဒီသတင်းတွေကို ဘာလို့များ ဖြန့်ချင်နေကြတာလဲလို့  နေခြည်လည်း စဉ်းစားပါတယ်။ နေခြည့်ပုံစံ၊ နေခြည့်အသိုင်းအဝိုင်းအရ ယောကျာ်းတစ်ယောက်ကို ဒီလိုမျိုးလုပ်စရာမလိုပါဘူး။ နေခြည်က သူချစ်ကို ရွေးထားတာပါ။ နေခြည့်ကို အရမ်းချစ်တဲ့ ယောကျာ်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာပါ။ 

Voice : ဒီလိုမျိုး ဝေဖန်တိုက်ခိုက်မှုတွေရှိလာတဲ့အခါမှာ နေခြည့်ချစ်သူကရော ဘာပြောသေးလဲ။
NCO : သူကတော့ ဖြေရှင်းမယ်ပြောပါတယ်။ သူဖြေရှင်းလိုက်မယ်ပေါ့နော်။ နေခြည်ကတော့ မဖြေရှင်းနဲ့တော့လို့ ပြောလိုက်တယ်။ ဒီလိုမျိုးကိစ္စဆိုတာက သူဝင်ရောက်ဖြေရှင်းလိုက်ရင် ပိုပိုကြီးလာဖို့ပဲရှိတယ်။ နင်ရော အဆင်ပြေတယ်၊ ငါရော အဆင်ပြေတယ်။ နှစ်ယောက်စလုံးအဆင်ပြေတဲ့ အချိန်မှာ နေခြည်တို့ အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တယ်။ ကိုယ့်မိဘ၊ သူ့ မိဘကိုတော့ နားလည်အောင် နည်းနည်းရှင်းပြရတာပေါ့နော်။ နေခြည့်အဖေကတော့ အခု နေခြည့်ကို သိပ်စကားမပြောဘူး။ မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို အဲ့ဒီလိုပြောကြတာ ဘယ်မိဘက သည်းခံနိုင်မှာလဲ။ နေခြည့် ချစ်သူကိုတော့ ပြောထားတယ်။ ဘာမှ ဝင်ဖြေရှင်းပေးစရာမလိုဘူး။ နေခြည်တို့ နှစ်ယောက်ချစ်တာ နေခြည်တို့ အသိဆုံးပဲ။ မနက်ဖြန်တောင် ဘာဖြစ်မှန်းမသိတာကို နေခြည်တို့ ကိစ္စကိုလူတွေက ဘာလို့ အဲ့ဒီလောက်ကြီး စိတ်ဝင်စားနေတာလဲမသိဘူး။

သန့်ဇင်ဦး