News

POST TYPE

RELAX

အေးဝတ်ရည်သောင်းနဲ့ တွေ့ဆုံခြင်း
23-Aug-2018

“သူများတွေလို ဒါက ငါ့ရဲ့ချစ်သူပါဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ပုံမတင်တာကျတော့ ဖူးစာဆိုတာက ပြောလို့မရဘူးလေ”



သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့တွေ့ဆုံပြီး၊ လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း၊ ဇာတ်လမ်းရွေးချယ်ရိုက်ကူးမှုတွေအကြောင်း၊ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အေးဝတ်ရည်သောင်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုအကြောင်းကနေစပြီး ပြောပြပေးပါဦး။
AWYT : လတ်တလောကတော့ ပေါက်စီကြော်ငြာလေးတွေ ရိုက်ဖြစ်တယ်။ ကိုယ့်ကို ဖိတ်ထားတဲ့ ပွဲလေးတွေတက်ဖြစ်တယ်။ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်တယ်။ ဇာတ်ကားရိုက်ဖို့ကတော့ ပြောထားတာလေးတွေ ရှိတယ်။ တချို့လာပြောတဲ့ ဇာတ်လမ်းလေးတွေကျတော့ ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာကို မကြိုက်လို့၊ ကိုယ်နဲ့အဆင်မပြေလို့ ငြင်းလိုက်ရတာလေးတွေ ရှိပါတယ်။ ရိုက်ဖို့ပြောထားတာတော့ အောက်တိုဘာလထဲမှာ တစ်ကားရှိတယ်။ ဒီဇင်ဘာလထဲမှာ တစ်ကားရှိပါတယ်။

Voice : ဒါရိုက်တာအဝေး ရိုက်ကူးမယ့် “အရုပ်ကျရာ ဆေးစက်ထင်” ရုပ်ရှင်မှာ ပေါက်စီပါမယ်လို့သိထားတာပါ။ ဘယ်လိုကြောင့် မရိုက်ဖြစ်တော့တာလဲ။
AWYT : အဲဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းတအား ကောင်းပါတယ်။ သူတို့ဇာတ်ညွှန်း ပြင်ဆင်ထားတဲ့ အပိုင်းလေးတွေလည်း ပေါက်စီကြိုက်ပါတယ်။ ပေါက်စီကို ကမ်းလှမ်းလာတဲ့ ကာရိုက်တာကိုလည်း ကိုယ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက် အရမ်းကြီး မပေါ်လွင်တဲ့ ကာရိုက်တာမျိုး ဖြစ်နေတယ်။ ကိုယ်ရိုက်ပြီးသွားတော့မှ ပရိသတ်အတွက် ဘာမှလည်း မထူးခြားတာမျိုး မဖြစ်ချင်ဘူးလေ။ ကိုယ့်အတွက် လုပ်ကွက်လေးတစ်ခုရချင်တဲ့အတွက်၊ ပရိသတ်ကို သေချာလုပ်ပြချင်တဲ့အတွက် အဲ့ဒီကားကိုတော့ မရိုက်ဖြစ်တော့တာပါ။

Voice : ဇာတ်လမ်းတွေ ရွေးတဲ့အခါမှာကျတော့ ဘယ်လိုစံနှုန်းတွေ သတ်မှတ်ပြီးတော့ ရွေးဖြစ်လဲ။
AWYT : ပေါက်စီတို့ ငယ်ငယ်တုန်းကတော့ ဇာတ်ကားတွေရိုက်ရင် အရည်အသွေးထက်၊ အရေအတွက်ကို ပိုပြီးတော့ ဦးစားပေးခဲ့တယ်။ ငယ်တဲ့အချိန်တုန်းကတော့ ဇာတ်ကားတွေ ရိုက်နေရရင်ကို ပျော်နေတာပေါ့နော်။ အသက်ကြီးလာတော့ ဇာတ်ကားကောင်းကောင်းလေးတွေ ပိုရိုက်ချင်လာတယ်။ ကိုယ်လုပ်တဲ့ အလုပ်တစ်ခုစီတိုင်းကို အရာထင်တာကို ပိုကြိုက်တယ်။ မလုပ်ရင်လည်း မလုပ်နဲ့ ၊ လုပ်ပြီဆိုရင်လည်း ကောင်းကောင်းမွန်မွန်၊ သေသေသပ်သပ်လေးနဲ့ ပရိသတ်ရှေ့ကို ရောက်သွားမယ့် ဇာတ်လမ်းမျိုးတွေ ပိုရိုက်ချင်တယ်။ 

Voice : လက်ရှိ အချစ်ရေးအခြေအနေကရော အေးအေးဆေးဆေးပဲလား။ ချစ်သူနဲ့  စုံတွဲပုံတွေ ဖေ့စ်ဘွတ်ခ်မှာ တင်တာမတွေ့ရဘူးနော်။ 
AWYT : ပေါက်စီရဲ့ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲ။ အဆင်ပြေပါတယ်။ ပေါက်စီက ချစ်သူကိုထုတ်မပြဘဲ Silent တွဲတာမျိုး မဟုတ်ပါဘူး။ သူ့ကိုလည်း ဘယ်မှမသွားခိုင်း၊ ဘယ်သူမှမြင်အောင် မပြတာမျိုးလည်းမဟုတ်ပါဘူး။ ပေါက်စီတို့ တစ်ခါတလေ အပြင်တွေဘာတွေ သွားကြတာမျိုး၊ မုန့်သွားစားကြတာမျိုးတွေ ရှိပါတယ်။ သူများတွေလို ဒါက ငါ့ရဲ့ချစ်သူပါဆိုပြီး ဖေ့စ်ဘွတ်ခ်မှာ ပုံမတင်တာကျတော့ ဖူးစာဆိုတာက ပြောလို့မရဘူးလေ။ အဲဒါကြောင့်ပါ။

Voice : ကြိုမမြင်ရတဲ့ ကံကြမ္မာကြောင့် ကိုယ့်ရဲ့အချစ်ရေးကို သိုသိုသိပ်သိပ်လေး ထားချင်တာလား။
AWYT : သူနဲ့ ကိုယ်နဲ့က ဖူးစာပါမှပဲ ညားကြမှလေ။ အခုချိန်မှာက ချစ်သူဘဝပဲရှိသေးတယ်။ ဖူးစာမပါရင်လည်း လမ်းခွဲသွားနိုင်တာပဲလေ။ အဲဒါကြောင့် ပေါက်စီတို့က သူယူမယ့်အမျိုးသမီးအတွက်လည်း ကြည့်ရမယ်၊ ကိုယ်ယူရမယ့် အမျိုးသားအတွက်လည်း ကြည့်ရမယ်။ မပေါင်းဖြစ်ကြရင်ပေါ့နော်။ ပေါင်းဖြစ်ရင်တော့ ပြဿနာမရှိပါဘူး။ အဲဒီတော့ ရည်းစားဘဝမှာ ဒါကတော့ ငါ့ရည်းစားပါဆိုပြီး ပြထားပြီးမှ၊ နောက်ပိုင်း ပြတ်သွားရင် ချစ်တဲ့အချိန်တုန်းက ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေကို ဖျက်လိုက်ရမှာ ပေါက်စီက နှမြောတယ်။ အဲဒါကြောင့် ဓာတ်ပုံရိုက်ပြီးတော့ တင်တာမျိုးတွေ မလုပ်တာပါ။

Voice : လက်ရှိအသက်အရွယ်မှာ အချစ်ဆိုတာကို ကိုယ်မြင်တဲ့အမြင်ကရော ဘယ်လိုမျိုးဖြစ်မလဲ။
AWYT : အချစ်ကတော့လေ ချစ်နေတဲ့ အချိန်ကတော့ ကောင်းတာပေါ့နော်။ အရွယ်တစ်ခု ရောက်လာတဲ့အချိန်မှာ ချစ်တဲ့အချစ်ကတော့ ပိုပြီးတော့ တည်ငြိမ်တာပေါ့။ ငယ်ငယ်တုန်းကကျတော့ ချစ်သူအပေါ် စိတ်မချတာတို့၊ နည်းနည်း မိုက်ရူးရဲဆန်တာတို့ရှိတာပေါ့။ အခု အသက်အရွယ်မှာကျတော့ ချစ်သူအပေါ် နားလည်မှုပေးတာ၊ ယုံကြည်မှုထားတာကျတော့ ငယ်ငယ်ကနဲ့ မတူတော့ဘူး။ ငယ်တုန်းကတော့ ကိုယ့်ချစ်သူ ဘာပြောပြောမယုံဘူး။ ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ တစ်ချိန်လုံး ဖုန်းတွေဆက်တာပေါ့နော်။ အခုကျတော့ သူလည်း သူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ပေါ့နော်။ ပေါက်စီကကျတော့ ကိုယ် ဒီမှာ အလုပ်လုပ်နေရင်၊ နောက်ကြောင်းမအေးရတဲ့၊ စိတ်ပူရတဲ့ ရည်းစားမျိုး မလိုချင်ဘူး။

သန့်ဇင်ဦး