POST TYPE

RELAX

ထွန်းထွန်းနဲ့ တွေ့ဆုံခြင်း
20-Aug-2018 tagged as အနုပညာ

“ကျွန်တော်တို့ မမြင်နိုင်ဘဲနဲ့၊ ကျွန်တော်တို့ မသိနိုင်ဘဲနဲ့ လုံးဝကို ကျိုးကြေပျက်စီးနေတဲ့ နိုင်ငံ့သားကောင်းကလေးတွေ အများကြီးရှိပါသေးတယ်”



နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထွန်းထွန်းနဲ့ တွေ့ဆုံပြီး အနုပညာရှင်အချို့ မူးယစ်ဆေးဝါးမှုနဲ့ အရေးယူခံခဲ့ရတဲ့အပေါ် သူ့အမြင်၊ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးများအကြောင်းနဲ့ အချစ်ရေးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : လတ်တလောမှာ မူးယစ်ဆေးဝါးမှုကြောင့် အနုပညာရှင်အချို့ ဖမ်းဆီးခံနေရတဲ့အပေါ်ကို ထွန်းထွန်းဘယ်လိုမြင်လဲ။
TT : မူးယစ်ဆေးဝါးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်နေတဲ့အရာတွေ အကုန်လုံးကို မစမ်းတာ အကောင်းဆုံးပါပဲ။ ဒါတွေက ကိုယ့်ဘဝရဲ့ တက်လမ်းတွေကို အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေပါ။ ဥပမာပြောရရင် အရက်သောက်ထားရင်တောင် ကိုယ့်ရဲ့ Personality က ချက်ချင်းကျသွားတယ်။ လူမလေးစားတော့ဘူး။ ကိုယ့်ကိုယ်ကိုယ် လေးစားအောင်နေမှ လူအများကလည်း လေးစားမှာလေ။ ကျွန်တော့်အမြင်အရတော့ မူးယစ်ဆေးဝါးကို မစမ်းတာ အကောင်းဆုံးပဲလို့ ပြောချင်ပါတယ်။ 

Voice : မူးယစ်ဆေးဝါး နွံထဲကနေ ရုန်းမထွက်နိုင်သေးတဲ့ အနုပညာရှင်တွေကိုရော ဘယ်လိုအကြံပြုစကားဆိုချင်လဲ။
TT : ဘဝတစ်ကွေ့မှာ လူဆိုတာ အတိမ်းအစောင်း၊ အခက်အခဲတွေဆိုတာ ကြုံရမှာပါပဲ။ အဲဒီအခက်အခဲတွေကြောင့် လဲကျနေရာကနေ မှန်ကန်တဲ့နည်းလမ်းတွေနဲ့ ပြန်ထနိုင်ဖို့ ကြိုးစားရမှာပါ။ အဓိက ပြောချင်တာကတော့ ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပဲလိုတယ်။ ကိုယ့်စိတ်ကိုယ် မနိုင်ရင်တော့ ဘယ်အရာမှ မစတာ အကောင်းဆုံးပဲ။ လောင်းကစားတွေ၊ ဘာတွေကတောင် မူးယစ်ဆေးဝါးနောက်မှာရှိဦးမယ်။ မူးယစ်ဆေးကတော့ တော်တော်ဆိုးပါတယ်။ အစလုပ်ဖို့ မသင့်တော်တဲ့အရာလို့မြင်မိပါတယ်။

Voice : တစ်ပတ်အတွင်းမှာ အနုပညာရှင်သုံးယောက်ကို မူးယစ်ဆေးဝါးအမှုနဲ့ အရေးယူခဲ့တာဆိုတော့ နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်လာမယ်လို့ထင်လဲ။
TT : အနုပညာရှင်အချို့ မူးယစ်ဆေးဝါးမှုနဲ့ အရေးယူခံရတယ်ဆိုပြီး သတင်းတွေတက်လာတာ ကျွန်တော်လည်းတွေ့ပါတယ်။ ဒါပေမဲ့ ဒါက လက်ချိုးရေရင် အရေအတွက် အနည်းငယ်ပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ မမြင်နိုင်ဘဲနဲ့၊ ကျွန်တော်တို့ မသိနိုင်ဘဲနဲ့ လုံးဝကို ကျိုးကြေပျက်စီးနေတဲ့ နိုင်ငံ့သားကောင်းကလေးတွေ အများကြီးရှိပါသေးတယ်။ ဒါတွေကတော့ သတင်းတွေထဲမှာ မပါတာတွေလည်း ရှိမှာပေါ့နော်။ ကျွန်တော် အထပ်ထပ်ပြောချင်တာကတော့ မူးယစ်ဆေးဝါးကို ဘယ်သူမဆို မစမ်းတာ အကောင်းဆုံးပါပဲ။

Voice : ထွန်းထွန်းမှာ ချစ်သူရှိနေတာကို ပရိသတ်တွေလည်း သိနေကြပြီလေ။ ထူးခြားတာက ဒီတစ်ကြိမ်ချစ်သူထားတဲ့အခါမှာ ထွန်းထွန်းပိုပြီး Romantic ဖြစ်နေသလားလို့ မြင်မိတယ်။
TT : ကျွန်တော်ပြောချင်တာကတော့ အကြောင်းတရားတွေ အားလုံးပေါင်းစုံသွားတဲ့အချိန်ဖြစ်လို့ပါ။ တချို့ကလည်း ထွန်းထွန်း အခုမှ အချစ်စစ်တွေ့တာလားလို့လည်း မေးကြည့်တယ်။ ဗလတောင့်ဖို့ လေ့ကျင့်တဲ့သူတစ်ယောက်က အအိပ်အစားမှန်ရတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်ရတယ်။ ကျွန်တော့်အနေနဲ့ကလည်း အချစ်နဲ့ ပတ်သက်ပြီး ဒီအရွယ်ကျမှ ဒီလိုဖြစ်တယ်ဆိုတာ အကုန်လုံးစုပြုံပြီး မှန်သွားလို့လို့ထင်ပါတယ်။ 

Voice : ကိုယ့်ချစ်သူ ကောင်မလေးကို ထိခိုက်စေမယ့် ပုံစံမျိုးတွေ အွန်လိုင်းမှာ ရေးကြ၊ ပြောကြရင် ထွန်းထွန်း ကာကွယ်ပေးတာကိုလည်း တွေ့ရတယ်။ သူ့ ကို အဆုံးအရှုံးမခံနိုင်လောက်အောင်ချစ်တာလား။
TT : အဲဒါကတော့ ကျွန်တော် ဖေ့စ်ဘွတ်ခ်မှာ ရေးခဲ့တဲ့ စာတွေက သက်သေပေါ့ဗျာ။ ကျွန်တော်လည်း လူပျိုကြီးဖြစ်လာတော့ အချစ်အကြောင်းတွေ ပြောရမှာ နည်းနည်းတော့ရှက်လာပါတယ်။ လူတစ်ယောက်အတွက် ကိုယ့်ရဲ့ တွန်းအားတစ်ခုအနေနဲ့ အချစ်နဲ့ ပတ်သက်တဲ့ စိတ်ခံစားမှုတွေက အရေးပါတဲ့ အချိန်မျိုးတွေ ရှိတတ်ပါတယ်။ အချစ်ကြောင့် ကိုယ့်ရဲ့ ရှင်သန်မှု၊ ဖြစ်တည်မှုကို ကျေနပ်ရတဲ့အချိန်အခါမျိုးလည်း ရှိတတ်ပါတယ်။ 

Voice : အွန်လိုင်းမှာ Cyber Bullying လုပ်ကြတာတွေ များလာတယ်။ ထွန်းထွန်းရော အနုပညာရှင်တစ်ယောက်အနေနဲ့ ဒီကိစ္စကို ဘယ်လိုမြင်မိလဲ။
TT : ကျွန်တော်တို့လည်း ငယ်ငယ်က ကြုံခဲ့ရဖူးတယ်။ ကိုယ့်ကို မကောင်းတာ ပြောပေမယ့်လည်း ကိုယ်ပျော်နေတဲ့အချိန်ဆိုရင်တော့ ဘာမှမဖြစ်ဘူးပေါ့နော်။ ကိုယ်စိတ်ညစ်နေတဲ့ အချိန်ဆိုရင်တော့ ပြန်ပြောမိတာမျိုးတွေရှိတယ်။ ကျွန်တော် ပြောချင်တာတော့လိုက် မခံစားတာအကောင်းဆုံးပါပဲ။ လိုက်ခံစားရင် ခံစားတဲ့သူပဲ ရှုံးတယ်။ ကိုယ့်အတွက်ကောင်းတဲ့အရာ၊ အသုံးဝင်တဲ့ အရာကိုပဲယူပေါ့နော်။ ဝေဖန်မှုဆိုတာလည်း ကိုယ်ယူမှ ရတာကိုး။ ကျွန်တော်ကတော့ နောက်ပိုင်း ဘာမှ ခေါင်းထဲ သိပ်မထည့်တော့ဘူး။ ကိုယ့်ရဲ့ရည်ရွယ်ချက်တွေ မပျောက်ဖို့က အဓိကပါပဲ။ 

သန့်ဇင်ဦး