News

POST TYPE

RELAX

ကာပျူရှင် မြေအောက်သင်္ချိုင်း
18-Aug-2018


ကာပျူရှင် မြေအောက်သင်္ချိုင်း (Capuchin Catacombs) သည် အီတလီနိုင်ငံတောင်ပိုင်း၊ စစ္စလီမြို့၊ ပါလာမိုအရပ်တွင် တည်ရှိသော ရှေးဟောင်းမြေအောက်သင်္ချိုင်းကြီးတစ်ခု ဖြစ်သည်။ ယနေ့ ထိုမြေအောက်သင်္ချိုင်းသည် ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်သည့်နေရာတစ်နေရာအဖြစ် ရပ်တည်လျက်ရှိသည်။ ထို့ပြင် သမိုင်းဆိုင်ရာ အထိမ်းအမှတ်နေရာ တစ်နေရာအဖြစ်လည်း နာမည်ကျော်သည်။ 


ကာပျူရှင်သင်္ချိုင်းသည် ၁၆ ရာစုခန့်ကတည်းက သင်္ချိုင်းဖြစ်သည်။ ရှေးကဘုန်းတော်ကြီးများ ကွယ်လွန်ချိန်တွင် မြှုပ်နှံရန် မြေအောက်ခန်းများကို သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ၁၅၉၉ ခုနှစ်က စတင်ပြီး ဘုန်းတော်ကြီးတစ်ပါးကို မမ်မီကဲ့သို့စီမံပြီး မြေအောက်တွင် ထားရာက မမ်မီဇာတ်လမ်းစခဲ့သည်ဟု ဆိုရမည်။ 


အလောင်းများသည် မြေအောက်တွင် ကြွေသားဖြင့် ပြုလုပ်ထားသည့် အကန့်များအတွင်း ထားရှိပြီး ထိုအတိုင်း ခန်းခြောက်သွားစေရန် စီစဉ်ထားကြသည်။ ဘုန်းတော်ကြီးများကို သူတို့အသက်ရှင်စဉ်က အဝတ်အစား၊ ဆင်မြန်းသော ကြိုးများဖြင့် ထားကြသည်။ သေပြီးနောက် မပုပ်မသိုးစေရန် စီစဉ်ထားခဲ့သည်။ ကြိုးဖြင့်ချည်ထားသည့် အလောင်းများသည် အပြစ်အတွက် စီရင်ထားခြင်းဟုလည်း ဆိုကြသည်။ 


ကာပျူရှင် မြေတိုက်သည် အလွန်ထူးဆန်းသည့် သင်္ချိုင်းနေရာတစ်နေရာဖြစ်သည်။ ကမ္ဘာလှည့်ခရီးသွားများကလည်း အရိုးစုအလောင်းနှင့် အတိတ်သမိုင်းကို သိချင်သောကြောင့် လာကြသည်။ ထိုမြေအောက်တွင် ယနေ့ဆိုလျှင် အရိုးစုအလောင်းပေါင်း ၈၀၀၀ ကျော်ရှိသည်။ ယခင်က ဘုန်းတော်ကြီးများအတွက်သာဟု ဆိုသော်လည်း နောက်ပိုင်းတွင် ဒေသအတွင်းမှ ထင်ရှားသူများ၊ သူဌေးကြီးများကိုပါ လာရောက်မြှုပ်နှံခဲ့ကြသည်။ အထက်တန်းလွှာ မင်းမျိုးမင်းနွယ်တို့၏ သားသမီးများနှင့် ဇနီးများကိုပါ အရိုးခြောက်များကြားတွင် တွေ့ရမည်ဖြစ်သည်။ ထိုသင်္ချိုင်းကို မမ်မီပြတိုက်ဟူ၍လည်း ခေါ်ကြသည်။ နံရံတစ်လျှောက် အလောင်းကောင် အရိုးခြောက်များကို အဝတ်အစားများဝတ်ကာ ချိတ်ဆွဲပြသထားနိုင်ခြင်းက ထူးခြားသည့် နေရာတစ်နေရာ ဖြစ်စေခဲ့သည်။



၁၅၉၉ ခုနှစ်ကတည်းက ပထမဆုံး မြှုပ်နှံခဲ့သည့် ဘုန်းတော်ကြီးအလောင်းကို နှစ်ပေါင်း ၄၀၀ ကြာပြီးသည့်တိုင် ဝင်ပေါက်အနီးတွင် ပြသထားသည်။ အစောပိုင်းက ဘုန်းတော်ကြီးများ သက်သက် သတ်မှတ်ထားသော်လည်း နောက်ပိုင်း နာမည်ကျော် သူဌေးများ၏ အလောင်းများကိုပါ လက်ခံလိုက်သောကြောင့် လူများက ပိုပြီး စိတ်ဝင်စားသွားကြသည်ဟုဆိုသည်။



သင်္ချိုင်းဂူထဲကို ဝင်လိုက်သည်နှင့် ခြေလှမ်းတိုင်း ကျောစိမ့်လောက်အောင် ခံစားရသည်။ မျက်တွင်း ဟောက်ပက် အရိုးခေါင်းများက ကိုယ့်ကိုစိုက်ကြည့်နေသလို ခံစားရမည်ဖြစ်သည်။ သေဆုံးသူများကို သံဝေဂအနေနှင့် ကြည့်သည်ဖြစ်စေ၊ ကြောက်စရာကောင်းမှုတစ်ခုခုကို ခံစားချင်သောကြောင့် ကြည့်သည်ဖြစ်စေ ရသတစ်မျိုးမျိုးကိုတော့ ပေးစေမည်ဖြစ်သည်။



၁၈၇၁ ခုနှစ်တွင် နောက်ဆုံး ဘုန်းတော်ကြီးတစ်ပါးဖြစ်သည့် ရီကာဒိုကို မြှုပ်နှံခဲ့သည်။ နောက်ပိုင်း ပြင်ပလူပုဂ္ဂိုလ်များ လာထားကြသည်။ တရားဝင် ထိုသင်္ချိုင်းထဲသို့ လည်ပတ်ခွင့်ပြုခြင်းကို ၁၈၈၀ ပြည့်နှစ်တွင် စတင်ခဲ့သည်။ နောက်ဆုံးမြှုပ်နှံခြင်း ၁၉၂၀ ပြည့်နှစ်တွင် အမိန့်ထုတ်ပြီး ရပ်ဆိုင်းလိုက်သည်။ ယနေ့အထိ အရိုးခြောက်အလောင်းပေါင်း ၈,၀၀၀ ခန့်နှင့် မမ်မီအဖြစ် စီမံထားသည့် အလောင်းပေါင်း ၁,၂၅၂ ခုရှိသည်။



ထင်ရှားသည့် လူကြည့်များပြီး စိတ်ဝင်စားမှု အခံရဆုံး မမ်မီအလောင်းမှာ ၁၉၁၈ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့က မွေးဖွား ပြီး ၁၉၂၀ ဒီဇင်ဘာ ၆ ရက်နေ့က သေဆုံးသွားသည့် ၁ နှစ် ၁၁ လ သမီး အလောင်းဖြစ်သည်။ သူ့အလောင်းကို “အိပ်နေသည့် အလှ” ဟု တင်စား အမည်ပေးထားသည်။ ယနေ့တိုင်း မျက်နှာလေးက သနားစရာ အကောင်းပကတိအတိုင်း ရှိနေသည်။ ပညာရှင်များက အလောင်းအပေါ်မှ ဓာတ်မှန်ရိုက်ကြည့်ရာတွင် အတွင်းပိုင်း ကိုယ်ခန္ဓာမှာလည်း မပျက်မစီးရှိနေသည်ဟုဆိုသည်။ 

ကလေးအလောင်းကို သီးသန့် အခေါင်းလေးထဲတွင် ထည့်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ အပေါ်မှ မှန်အုပ်ပြီး ပြသထားသည်။ 


မိုးစက်


(Ref: Unusual Places)