News

POST TYPE

RELAX

မြတ်ကေသီအောင်နဲ့ တွေ့ဆုံခြင်း
16-Aug-2018
“အိမ်ထောင်မပြုတော့တာကလေ အိမ်ထောင်တစ်ခုတည်းမှာတင် အရမ်းစိတ်ကုန်သွားလို့ပါ”



သရုပ်ဆောင်မြတ်ကေသီအောင်နဲ့ တွေ့ဆုံပြီး၊ အိမ်ထောင်ထပ်မပြုတော့ဘဲ တစ်ကိုယ်တည်းဘဝကို ဖြတ်သန်းဖို့ ဆုံးဖြတ်ဖြစ်တဲ့အကြောင်း၊ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အယူအဆတွေနဲ့ ရည်းစားဦးအကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အရွယ်ရလာတဲ့ မိန်းမတစ်ယောက် တစ်ယောက်တည်းနေရင် သွေးတိုးစမ်းတဲ့ယောကျာ်းတွေ ရှိတတ်တယ်လေ။ မကေရော ကြုံရလား။
MKTA : ဒါကတော့ မိန်းမမှ၊ ယောကျာ်းမှ မဟုတ်ပါဘူး။ ယောကျာ်းတွေ တစ်ယောက်တည်းနေရင်လည်း မိန်းမတွေက သွေးတိုးစမ်းတယ်လေ။ အွန်လိုင်းမှာတောင် တစ်လောတုန်းက ဖတ်လိုက်ရသေးတယ်။ မိန်းမမယူဘူးလားလို့ခဏခဏမေးလို့ဓားနဲ့ ထိုးလိုက်တယ်ဆိုတာလေ။ မိန်းမကလည်း ယောကျာ်းတစ်ယောက်တည်းဆိုရင် စိတ်ဝင်စားတယ်လေ။ သူမိန်းမ မယူတော့ဘူးလား၊ ဘာလို့မယူတာလဲ သိချင်တယ်လေ။ ယောကျာ်းတွေကလည်း မိန်းမတစ်ယောက်က လှနေရဲ့သားနဲ့၊ ချောနေရဲ့သားနဲ့ ဘာလို့ နောက်အိမ်ထောင်မပြုတော့တာလဲလို့ တွေးကြတာပဲလေ။

Voice : နောက်အိမ်ထောင်မပြုတော့ဘဲ တစ်ယောက်တည်းနေသွားဖို့ မကေ ဆုံးဖြတ်ထားတာကရော သေချာသွားပြီလား။
MKTA : အမှန်တော့ နောက်အိမ်ထောင်မပြုတော့တာကလေ၊ အိမ်ထောင်တစ်ခုတည်းမှာတင် အရမ်းစိတ်ကုန်သွားလို့ပါ။ အိမ်ထောင့်တာဝန်ဆိုတာက တကယ်ထမ်းဆောင်ရတာလေ။ ပါးစပ်က ပြောနေလို့လည်း မရဘူး။ ယောကျာ်းအကြိုက်တွေချည်းပဲ ခေါင်းထဲမှာ ထားနေရတော့လည်း အစ်မမလုပ်နိုင်တော့ဘူး။ ကိုယ့်အကြိုက်ပဲ ကိုယ်လုပ်ချင်တော့တယ်။ ကိုယ့်အကြိုက် ဆယ့်နှစ်နာရီအထိ အိပ်မယ်။ ထချင်တဲ့အချိန်ထမယ်။ သွားချင်တဲ့ နေရာသွားမယ်။ စားချင်တာ စားမယ်။ အိမ်မပြန်လာဘဲ သူငယ်ချင်းအိမ်မှာ ဝင်အိပ်ရင်လည်း အိပ်လိုက်မယ်။ အဲဒီလိုနေလာတာ ဆယ်နှစ်လောက်ရှိပြီဆိုတော့ အိမ်ထောင်ဆိုတာနဲ့ကိုယ်ကလန့်နေရော။ တစ်ခါတလေကျရင် ကိုယ့်ကို ယူချင်တယ်လို့ပြောရင်တောင် အဲဒီလူနဲ့ မပတ်သက်တော့ဘူး။

Voice : ယောကျာ်းတစ်ယောက်ရဲ့ လွှမ်းမိုးမှုအောက်မှာ မနေချင်တော့ဘဲ၊ ကိုယ်တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေချင်တော့တာလား။
MKTA : အစ်မက လွတ်လွတ်လပ်လပ်နေရတဲ့ဘဝကို ပိုကြိုက်တာပေါ့နော်။ ကိုယ်အိမ်ထောင်ကျကတည်းက ယောကျာ်းနဲ့ ကိုယ်နဲ့ကလည်း နီးနီးကပ်ကပ်နေရတာမဟုတ်ဘူး။ တစ်နေရာစီဆိုတော့ ကိုယ့်ကိုယ်ကိုယ် အပျိုလို့ပဲ အောက်မေ့နေတယ်။ ဒီအိမ်ထဲမှာပဲနေရတယ်။ ကိုယ်အပျိုတုန်းက အိပ်တဲ့ ခုတင်မှာပဲ ပြန်အိပ်ရတယ်၊ ကိုယ့်မိသားစုနဲ့ အတူနေရတယ်ဆိုတော့၊ ငါမင်္ဂလာဆောင်လိုက်တာ ဘာအတွက်လဲလို့တောင် ကိုယ့်ဟာကိုယ် ပြန်စဉ်းစားမိတယ်။ ယောကျာ်းက အဝေးမှာဆိုတော့ ကိုယ်တစ်ခုခု တိုင်ပင်စရာရှိလည်း တိုင်ပင်လို့မရဘူး။ အားကိုးစရာရှိလည်း အားကိုးလို့မရဘူး။

Voice : ကိုယ်ကြုံဖူးခဲ့တဲ့ အိမ်ထောင်ရေးမှာရော ကိုယ့်အတွက် ဘယ်လို သင်ခန်းစာတွေရခဲ့လဲ။
MKTA : လင်မယားဆိုတာမျိုးက၊ မိန်းမနဲ့ ယောကျာ်း အိမ်ထောင်ပြုကြတယ်ဆိုတာက တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်အထိ ဖေးမကူညီပေးနိုင်မလဲဆိုတာကို တွေးပြီးယူခဲ့ကြတာပေါ့နော်။ ကိုယ့်ကိုကျတော့ ဘာမှကူညီဖေးမမပေးဘဲ ကိုယ်ကပဲ ဖြည့်ဆည်းပေးနေရတယ်။ ဘာလေးကြော်ပေးပါဦး၊ ဘာလေးပို့ပေးပါဦး၊ ဘာလိုချင်လို့၊ အမေ့ဆီသွားပါဦးနော်၊ မျိုးစုံလုပ်ပေးရတယ်။ ကြာလာတော့ ကိုယ်က ကိုယ့်အတွက်လည်းလုပ်ရတယ်၊ ကိုယ့်မိသားစုအတွက်လည်း လုပ်ရတယ်ဆိုတော့ သိလာတယ်လေ။ အရင်တုန်းက အမေတို့က ယောကျာ်းမယူပါနဲ့ပြောရင် အမေတို့တုန်းက ယူခဲ့ပြီးတော့ဆိုပြီး၊ ပြန်ပြောဖြစ်တယ်။ တကယ်တမ်း ကိုယ်အိမ်ထောင်ပြုလိုက်တော့မှ အရမ်းမွန်းကျပ်စရာကောင်းတယ်။ နားလည်မှုရဖို့အတွက် တအားကြီးညှိယူရတယ်။ ကြာလာတော့ အစ်မ အဲဒီဒဏ်တွေကို မခံချင်တော့ဘူး။ 

Voice : ရုပ်သံအင်တာဗျူးတစ်ခုမှာ မကေဘဝမှာ တွေ့ခဲ့ဖူးတဲ့ အချစ်ဦးကို ပြန်တွေ့ချင်တယ်လို့ ပြောခဲ့တာ ကြားခဲ့ဖူးပါတယ်။
MKTA : အဲဒါကတော့ MRTV4 ရုပ်သံလိုင်းကနေ လွှင့်ခဲ့တဲ့ “ Let’s Talk ” အစီအစဉ်မှာ ပြောခဲ့တာပါ။ အဲဒီတုန်းက အစ်မပြောခဲ့တာက သူ့ကို ပြန်ဆုံချင်တာမဟုတ်ပါဘူး။ သူ့လိုလူမျိုးက တစ်ကျပ်ရှိနေရင်တောင် ကိုယ့်ကိုသုံးမတ်လောက်ပေးသုံးပြီး သူက တစ်မတ်တည်းသုံးတဲ့သူမျိုးပါ။ သူက အစ်မရုပ်ရှင်ရိုက်တာကိုပဲ လက်မခံနိုင်တာပါ။ ကျန်တာ ဘာလိုချင်လဲ ကြိုက်တာပြော၊ မရဘူးဆိုတာ မရှိစေရဘူးဆိုတဲ့ ယောကျာ်းမျိုးဆိုတော့ အခုချိန်မှာ ကိုယ်ကလည်း ရုပ်ရှင်တွေ အများကြီး မရိုက်တော့ဘူးလေ။ အဲဒီလို လူမျိုးလေးများ ရရင်တော့ ပြန်လိုချင်တယ်လို့ ပြောမိတာပါ။

သန့်ဇင်ဦး