News

POST TYPE

RELAX

ဒေါ်လာဈေးတက်မှုအပေါ် ကျွမ်းကျင်သူများ၏ အမြင်များ
16-Aug-2018
မြန်မာနိုင်ငံတွင် တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူးသေးသည့် အမေရိကန်ဒေါ်လာနှုန်းထားတစ်ရပ်ဖြစ်သည့် တစ်ဒေါ်လာလျှင် ၁၅၀၀ ကျပ်ကျော်သို့ ဩဂုတ်လ ၁၅ ရက်နေ့က ရောက်ရှိလာခဲ့သည်။ ထိုဈေးနှုန်းသို့ ရောက်ရှိလာခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူများကို ဆက်သွယ်မေးမြန်းထားသည့် သုံးသပ်ချက်အမြင်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

“အခုပြည်တွင်းမှာတော့ ဒေါ်လာဈေးက တက်သင့်တာထက် နည်းနည်းလေး ပိုတက်နေတယ်”
ဦးရဲမင်းဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စီးပွားရေးကော်မတီအဖွဲ့ဝင်)

ဒေါ်လာဈေးက နိုင်ငံတကာမှာလည်း တက်နေတာဆိုတော့ ကျအောင်တော့ လုပ်လို့မရဘူး။ တက်သင့်တာထက် မတက်အောင်ပဲ လုပ်လို့ရမယ်။ ဥပမာ - ဘတ်ငွေဈေးက ၅ ရာခိုင်နှုန်းတက်နေတာကို ကျပ်ငွေဈေးက ၅ ရာခိုင်နှုန်းပဲ တက်ရမယ်ပေါ့နော်။ ဒါမျိုးဖြစ်အောင်တော့ လုပ်လို့ရမယ်။ ဒေါ်လာဈေးမတက်အောင်လည်း လုပ်လို့မရဘူး။ အခုပြည်တွင်းမှာတော့ ဒေါ်လာဈေးက တက်သင့်တာထက် နည်းနည်းလေး ပိုတက်နေတယ်။ အဲဒါမျိုးမဖြစ်အောင် လုပ်လို့ရမယ်။ ပြီးတော့ ကုန်ဈေးနှုန်းတွေ မတက်အောင် လုပ်နိုင်မယ်။ လောင်စာဆီဈေးတွေ၊ ဆေးဝါး၊ စားသောက်ကုန်ဈေးတွေ မတက်အောင်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက သွင်းကုန်အဓိက အသုံးပြုနေတဲ့နိုင်ငံဆိုတော့ အဓိကသွင်းကုန်တွေ ဈေးမတက်အောင်လုပ်ရမယ်။ ကုန်ဈေးနှုန်းမတက်အောင် ပံ့ပိုးရမယ်ပေါ့။ အဲဒီလို ဆိုတဲ့နေရာမှာ အစိုးရက သွင်းကုန်တွေကို ခြောက်လတန်သည်၊ ခုနစ်လတန်သည် အချိန်ကာလတစ်ခုသတ်မှတ်ပြီး အခွန်ကင်းလွတ်ခွင့်ပေးပြီး တင်သွင်းခွင့်ပေးတာမျိုး၊ လောင်စာဆီ၊ ဆေးဝါးနဲ့ စားသောက်ကုန်တွေကို အစိုးရကသွင်းပြီး ပြန်ရောင်းပေးတာမျိုးတွေ လုပ်ပေးသင့်တယ်။ ဒါပေမဲ့ အခုဒေါ်လာဈေးတက်တာမှာ ဗဟိုဘဏ်က ကန့်သတ်ချက် ပယ်ဖျက်ပေးလိုက်တာနဲ့ မဆိုင်ပါဘူး။ တစ်ခုက သွင်းကုန်လုပ်ငန်းရှင်တွေကို ဘဏ်တွေကတစ်ဆင့် ဗဟိုဘဏ်ကနေပြီး ဒေါ်လာ သန်း ၃၀၀၊ ၄၀၀ ထုတ်ချေးဖို့ လုပ်တာမျိုးရှိတယ်။ ဒါကလည်း ကောင်းတဲ့ကိစ္စပါ။ အဲဒီတော့ ဗဟိုဘဏ်က ပယ်ဖျက်ပေးလိုက်တော့ ပြင်ပပေါက်ဈေးအတိုင်း ဖြစ်သွားတော့ ဘဏ်တွေကလည်း သူတို့ပိုက်ဆံကို လွယ်လွယ်ထုတ်ချေးလာမှာပေါ့။

“အခုက တစ်ရက်ကို ငါးကျပ်၊ တစ်ဆယ် တက်နေတာဆိုတော့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတာက ပိုကောင်းမလို ဖြစ်နေတယ်”
ဦးအောင်ဇော်ဦး (သွင်းကုန်လုပ်ငန်းရှင်)

ဒေါ်လာဈေးတက်နေတာတော့ တရိပ်ရိပ်တက်နေတာဆိုတော့ စိုးရိမ်ရတာပေါ့။ အခုဟာက ဘာကြောင့်တက်မယ်၊ ဘယ်လောက်တက်မယ်ဆိုတာက မှန်းထားတာမရှိဘူး။ တက်ရတဲ့အဓိကအကြောင်းအရင်းကတော့ Export (ပို့ကုန်) နည်းပြီး Import (သွင်းကုန်) များလို့ပေါ့။ နိုင်ငံခြားငွေလိုအပ်ချက်များနေတာပေါ့။ ဒေါ်လာဈေးတက်တာက ဗဟိုဘဏ်ရဲ့ ပေါ်လစီနဲ့ အစိုးရရဲ့ ပေါ်လစီပေါ် မူတည်ပါတယ်။ အဓိကက သွင်းကုန်သမားတွေ ပိုထိခိုက်ရတာပေါ့။ ပို့ကုန်သမားတွေလည်း မထိခိုက်ဘူးလားဆိုတော့ သူတို့လည်း ထိခိုက်တာပဲ။ ငွေဈေးက နည်းသွားတော့ Local ဈေး Raw Material (ကုန်ကြမ်း) ဈေးက တက်တယ်လေ။ ဒါပေမဲ့ နိုင်ငံခြားမားကက်ကကျတော့ လိုက်မတက်လာတော့ ရောင်းရဝယ်ရတာ ခက်တာပေါ့။ အဓိက ငွေကြေးမတည်ငြိမ်ရင် Exchange Rate က သတ်မှတ်ရတာ ခက်တာပေါ့။ Exchange Rate သတ်မှတ်ရတာခက်ရင် Export မှာရော၊ Import မှာရော ပိုပြီးတော့ Risk များတာပေါ့။ Risk များတဲ့ အခါကျတော့ Export ရောင်းရင်လည်း ပိုများနေတာမျိုး၊ ဘာဖြစ်လို့ဆိုတော့ ငွေကြေးက မသေချာဘူးလေ။ ပို့ကုန်သွင်းကုန်လုပ်တဲ့လူတွေက ဒေါ်လာနဲ့လုပ်တာဆိုတော့ ဈေးနှုန်းတည်ငြိမ်နေမှ လုပ်လို့ကောင်းတာ။ အခုက တစ်ရက်ကို ငါးကျပ်၊ တစ်ဆယ်တက်နေတာဆိုတော့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတာက ပိုကောင်းမလိုဖြစ်နေတယ်။ အခုလိုမျိုးသာ နေ့တိုင်းတက်နေရင် ရောင်းရေးဝယ်ရေးမှာ ပိုထိခိုက်လာနိုင်တယ်။ ဈေးကွက်အရတော့ လိုအပ်ချက်ရှိသလောက်ကို တက်နေဦးမှာပါပဲ။ အဓိကက နိုင်ငံခြားငွေ များများရအောင်လုပ်မှ ရမယ်။ အခုဈေးတက်ရတဲ့အကြောင်းအရင်းကတော့ Supply (ရောင်းလိုအား) နဲ့ Demand (ဝယ်လိုအား) မှာ Demand က များတာကြောင့်ပါ။ ကမ္ဘာမှာ ဒေါ်လာတန်ဖိုးတက်နေတာကြောင့်လည်း ပါပါတယ်။ တခြားနိုင်ငံမှာလည်း တက်နေတယ်။ ကိုယ့်နိုင်ငံမှာလည်း တက်နေတာဆိုတော့ အစိုးရအနေနဲ့ ဒေါ်လာများများရမယ့်နည်းလမ်းကို ရှာသင့်ပါတယ်။

“ဘဏ်တွေကလည်း လက်ထဲကိုင်ထားတာကို ရောင်းတာမဟုတ်ဘူး။ သူဝယ်ထားတာကို ရောင်းတာ”
ဦးဖေမြင့် (CB Bank၊ ဦးဆောင်ညွှန်ကြားရေးမှူး) 

ဗဟိုဘဏ်က သတ်မှတ်ချက်ဘောင်ပယ်ဖျက်တာ ၁၃ ရက်နေ့ကတည်းက ပယ်ဖျက်တာ။ အဲဒီ မတိုင်ခင်ကတည်းက အပြင်ငွေလဲကောင်တာတွေက ရောင်းချင်သလိုရောင်း၊ ဝယ်ချင်သလိုဝယ်နေကြတာ။ ဘယ်သူမှလဲ အရေးမယူဘူး။ အခုဖြစ်နေတာက အမှိုက်ပုံမှာ အမှိုက်မပစ်ရဆိုပေမယ့် အဲဒီအောက်မှာ အမှိုက်သွားပစ်နေကြတယ်။ အခုက အဲဒီအမှိုက်ပုံကြီးကို ဖယ်လိုက်တဲ့သဘောပဲ။ ဥပဒေကို မလိုက်နာကြတဲ့အတွက် ဆိုင်းဘုတ်ကြီးကိုဖြုတ်တာ ပိုကောင်းတယ်ဆိုပြီး ဖြုတ်လိုက်တာ။ ဒီဟာကြောင့် တက်တာတော့ မဟုတ်ဘူး။ တက်တာလည်း မကောင်းဘူးပေါ့နော်။ အပြင်ပိုက်ဆံရှိတဲ့သူတွေကတော့ ဒေါ်လာတွေ ဝယ်ထားကြတယ်။ ဈေးတက်တဲ့အခါ ပြန်ရောင်းကြတာ။ အဲဒါတွေကို မလုပ်အောင် တကယ်လိုတဲ့သူကိုလည်း သတ်မှတ်ဈေးနဲ့ ဝယ်လို့ရအောင် အစိုးရက လုပ်ပေးရမှာ။ ဒီလိုတွေ တက်နေတဲ့အတွက် သွင်းကုန်တွေ သွင်းတဲ့အခါ ဈေးတက်သွားမယ်။ ဒါကြောင့် ဒီအတိုင်းပစ်ထားမယ့်အစား တစ်ခုခုတော့ လုပ်ပေးသင့်တယ်။ အရင်အစိုးရတောင် လုပ်ပေးသေးတာပဲ။ ဘဏ်တွေကလည်း လက်ထဲကိုင်ထားတာကို ရောင်းတာမဟုတ်ဘူး။ သူဝယ်ထားတာကို ရောင်းတာ။ လက်ထဲကဟာတွေက သူ့ပစ္စည်းမဟုတ်ဘူးလေ။ အပ်ထားတဲ့သူတွေ ပစ္စည်း။ အပြင်ကဝယ်တဲ့ဟာပဲ ပြန်ရောင်းတာ။ အဝယ်များရင် များများရောင်းတယ်။ အဝယ်နည်းရင် နည်းနည်းရောင်းတယ်။ ဘဏ်တွေကတော့ များများဝယ်ပေးစရာလည်း မရှိဘူး။ ၁၀ နဲ့ဝယ်ရင် ၁၅ ကျပ်နဲ့ ရောင်းတယ် ၅ ကျပ်မြတ်တယ်။ နိုင်ငံတော်ကလည်း ဘဏ်တွေကို ဒေါ်လာရောင်းပေးမယ်ဆိုရင် ကောင်းတာပေါ့။ အစိုးရကလည်း အများကြီး မရောင်းပေးနိုင်ဘူး။ တစ်ရက်ကို တစ်သိန်းရောင်းပေးတာကလည်း တစ်ရက်တစ်သိန်းက များတာမှ မဟုတ်တာ။ တစ်ရက်ကို ဈေးကွက်ထဲမှာ အရောင်းအဝယ်က အများကြီး ဖြစ်နေတာ။ သူကလည်း တတ်နိုင်တာ လုပ်ပေးတာပေါ့။ ဒီလိုတွေတက်တဲ့အတွက် အောက်ခြေက ဝင်ငွေနည်းတဲ့သူတွေကို ထိတာပေါ့။ အစိုးရဝန်ထမ်းတွေလည်း ပါတယ်။ ပညာရှင်တွေကလည်း ၁၅၀၀ ကျော်မယ်လို့တော့ ခန့်မှန်းထားကြတယ်။ အခုလိုတက်တာကတော့ အကျိုးရလဒ် မကောင်းဘူးပေါ့။ 

“ဓာတ်ဆီ၊ ဒီဇယ်၊ ဆေး ကျွန်တော်တို့တစ်ကိုယ်လုံးက နိုင်ငံခြားက ပစ္စည်းတွေချည်းပဲဆိုတော့ အားလုံးဈေးတက်မှာ”
ဒေါက်တာစိုးထွန်း (ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်)

အခုလို ဒေါ်လာဈေးတက်တာ ဗဟိုဘဏ်က ကန့်သတ်ချက်နှုန်း ဖြေလျှော့တာနဲ့ တကယ်တမ်းတော့ မဆိုင်ဘူး။ ဘဏ်တွေနဲ့ Money Changer တွေ လုပ်လို့ကိုင်လို့ရအောင် လုပ်ပေးတာ။ အရင်ကတည်းကလည်း ဒီအတိုင်းရောင်းနေတာကို တရားဝင်ဖြစ်သွားအောင် ပယ်ဖျက်ပေးလိုက်တာ။ လူတွေကကျတော့ အမြင်မှားသွားတာ။ ဗဟိုဘဏ်က ထိန်းချုပ်မှုမရှိဘူး။ ပယ်ဖျက်လိုက်ပြီဆိုပြီး အဲလိုနားလည်မှုလွဲသွားတာ။ လွဲပြီးတော့ ဒေါ်လာဈေးတက်မှာပဲဆိုပြီး လိုက်ဝယ်ကြတယ်။ အဲဒီဂယက်ကြောင့် တက်တာပဲ။ တကယ်တမ်းကျတော့ နားလည်မှုလွဲတာပဲ။ နောက်တစ်ချက်က ဗဟိုဘဏ်အနေနဲ့ ရောင်းမယ်ဆိုတဲ့ဟာ ထုတ်မရောင်းတာလည်း ပါတာပေါ့။ ငွေချေးမယ်၊ ရောင်းမယ်လို့ပြောတယ်။ သို့သော် အခုချိန်အထိ ထွက်မလာဘူး။ ဒါလည်း သူ့အပေါ် ယုံကြည်မှုကျလာတယ်။ နောက်တစ်ချက်က ဗဟိုဘဏ်ကနေ စာထုတ်တဲ့အချိန်မှာ ဖတ်တဲ့အခါ နားလည်မှုလွဲတယ်။ ဒီထက် ဆက်မတက်အောင် ဗဟိုဘဏ်ကနေ ချေးတာတို့၊ ထုတ်ရောင်းတာတို့ လုပ်ရမှာပေါ့။ လေနဲ့ပြောထားပြီး ဘာမှမလုပ်ရင် ပိုဆိုးနိုင်တာပေါ့။ ဒီလိုတက်တာ ဘဏ်တွေမှာတော့ ဘာမှမဖြစ်ဘူး။ သွင်းကုန်လုပ်တဲ့သူတွေမှာ ပြဿနာရှိတယ်။ သုံးစွဲတဲ့သူတွေအတွက် ကုန်ဈေးနှုန်းကြီးလာမယ်။ အလုပ်လက်မဲ့ဖြစ်လာတာများမယ်။ စီးပွားရေးကျပ်တည်းလာမယ်။ ဓာတ်ဆီ၊ ဒီဇယ်၊ ဆေး ကျွန်တော်တို့ တစ်ကိုယ်လုံးက နိုင်ငံခြားက ပစ္စည်းတွေချည်းပဲဆိုတော့ အားလုံးဈေးတက်မှာ။ 

ဟိန်းမြတ်စိုး၊ နွယ်နီ