News

POST TYPE

RELAX

အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် တွေ့ဆုံခြင်း
08-Aug-2018 tagged as

ကလေးငယ် အဝလွန်ပြဿနာ

ကျောင်းနေအရွယ်ကလေးတစ်ဦးသည် နေ့စဉ်အာဟာရကို ပြည့်ဝစွာ စားသုံးရန်လိုအပ်ပါသည်။ ထိုသို့စားသုံးမှသာလျှင် ဦးနှောက်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေပြီး အချိန်မတိုင်မီ ဖြစ်ပွားလာနိုင်သည့် မကူးစက်တတ်သည့်ရောဂါများ ဖြစ်ပွားခြင်းကိုလည်း ကာကွယ်နိုင်မည်ဖြစ်သည်။ ရန်ကုန်မြို့တွင် အသင့်စားအစားအစာများ စားသုံးမှုများခြင်းကြောင့် ကလေးငယ် အဝလွန်ပြဿနာ ဖြစ်ပွားမှုများလာကြောင်း သိရသည်။ အဆိုပါ အကြောင်းအရာများနှင့်ပတ်သက်၍ အာဟာရပညာရှင် ဒေါက်တာညီညီကျော်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : ကျောင်းနေအရွယ် ကလေးတစ်ယောက်မှာ ဘယ်လို အာဟာရဓာတ်တွေရှိနေဖို့ လိုအပ်ပါသလဲ။
Dr.NNK : အဓိကတော့ ကလေးတွေမှာ အာဟာရကြီး ငါးခုလိုတယ်။ အဲဒီအထဲက အရေးကြီးတာက ကစီဓာတ်(Carbohydrate)၊ အသားဓာတ် (Protein)၊ အဆီဓာတ်(Fats)တွေကတော့ ကယ်လိုရီကို ရစေတယ်။ နောက်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပြည့်ဝအောင် မျှမျှတတ ကျွေးပေးဖို့လိုတယ်။ ကျွန်တော်တို့ဆီမှာ ကလေးတော်တော်များများက ဗီတာမင် ချို့တဲ့နေတာရှိတယ်။ တချို့ကျတော့လည်း မလိုအပ်ဘဲ အားဆေးတွေသောက်ပြီး ဗီတာမင်တွေပိုနေပြီး တကယ်လိုအပ်တဲ့သတ္တုဓာတ်တွေနဲ့ တခြားဓာတ်တွေ ချို့တဲ့နေတာ ဖြစ်တတ်တယ်။ အကြံပေးချင်တာက ကလေးကိုမလိုအပ်ဘဲနဲ့ အားဆေးလေးမျိုး၊ ငါးမျိုးလောက် တိုက်တာမျိုးတွေ မလုပ်သင့်ဘူး။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကလည်း လိုအပ်တာထက်ပိုသွားရင် လူကိုပြန်ပြီး ဒုက္ခပေးနိုင်တယ်။

Voice : ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပိုသွားတဲ့အခါမှာ ဘယ်လိုဒုက္ခတွေ ဖြစ်စေနိုင်ပါသလဲ။
Dr.NNK : ဗီတာမင် အေ၊ ဒီ၊ အီး၊ ကေရယ်က ဆီးထဲကနေ ပြန်မထွက်နိုင်ဘဲ ခန္ဓာကိုယ်ထဲမှာပဲ ရှိနေတယ်။ ဒီတော့ ကလေးတွေက မူးဝေလာမယ်၊ အော့အန် လာမယ်၊ ဗိုက်တွေနာလာမယ်။ တစ်ခုချင်းစီမှာ များရင်များသလို ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဗီတာမင်က ချို့တဲ့တာများတယ်။ လိုအပ်တာထက် ပိုသွားပြီဆိုရင်လည်း ဗီတာမင်ကနေ ကိုယ်ခန္ဓာကို ဒုက္ခပေးနိုင်တယ်။ အစားအသောက်ကို ပြည့်ပြည့်ဝ၀ကျွေးပြီးတော့ လိုအပ်လို့ အားဆေးတိုက်မယ်ဆိုရင်လည်း တစ်မျိုးလောက်ဆိုရပါပြီ။ အခုတွေ့နေရတာက ကလေးမိခင်တွေက ကြော်ငြာတွေကိုမြင်ပြီးတော့ နှစ်နာရီခြားတစ်ခါ တစ်မျိုးစီ တိုက်နေတာတွေ့ရတယ်။ ဒါတွေဟာ လုံးဝ လွဲမှားပါတယ်။ အစားအသောက် တစ်ခုတည်းကနေတော့ ဗီတာမင်ဓာတ်က အလွန်အကျွံ မဖြစ်ဘူး။

Voice : ဟုတ်ကဲ့။ အစာအုပ်စုကြီး ငါးစုဆိုတာကို ရှင်းပြပေးပါဦး။
Dr.NNK : ကစီဓာတ်ဆိုတဲ့ သကြားဓာတ်ပါတဲ့ အစားအစာတွေက ဆန်၊ ဂျုံ၊ ပြောင်း၊ ကန်စွန်းဥ၊ အာလူးပေါ့။ မြန်မာနိုင်ငံမှာတော့ အခြေခံ အစားအသောက်က ထမင်းပေါ့။ အသားဓာတ်ကတော့ အသားတွေ၊ နွားနို့၊ ကြက်ဥတွေကရတယ်။ အဲဒီမှာပြောချင်တာက ငါးကိုလည်း ကလေးတွေ စားတတ်အောင် ကျွေးဖို့လိုတယ်။ ဒီနိုင်ငံမှာ ကလေးတွေက ငါးစားတာ အရမ်းနည်းတယ်။ ကြက်သားတို့၊ အမဲသားတို့၊ ဝက်သားတို့ အစားများတယ်။ ဖြစ်နိုင်ရင်တော့ အနီရောင်အသားတွေကို တစ်ပတ်ကိုတစ်ရက်ထက် ပိုမကျွေးစေချင်ဘူး။ အဖြူရောင်အသားတွေဖြစ်တဲ့ ငါး၊ ပုစွန်၊ ကြက်သားတွေကိုတော့ ကျွေးစေချင်တယ်။ အသားဓာတ် ပြည့်ဝမှသာလျှင် ကလေးတွေက အရပ်ထွက်လာပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးလာမယ်။ ကြက်ဥကို ကျွေးရင်လည်း တစ်နေ့ကိုတစ်လုံးထက် ပိုမကျွေးသင့်ဘူး။ ကြက်ဥအနှစ်ထဲမှာပါတဲ့ Choline ဓာတ် က မှတ်ဉာဏ်စွမ်းအားကို ပိုကောင်းစေပါတယ်။ အဆီဓာတ်ကတော့ နှစ်မျိုးရှိတယ်။ ကောင်းတာနဲ့ မကောင်းတာပေါ့။ အဆီဓာတ်ဆိုတာကို စားတဲ့အခါမှာ ကောင်းတဲ့အဆီဓာတ်ကို ရွေးစားပေးဖို့လိုတယ်။ ဥပမာ - အပြင်မှာ အလွယ်တကူရနေတဲ့ ဆီကြော်မုန့်တွေက မကောင်းဘူး။ ပြည့်ဝဆီတွေဖြစ်တဲ့အတွက် ကလေးတွေက အသက်ကြီးလာတဲ့အခါမှာ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေစပြီး ဖြစ်လာနိုင်တယ်။ ဒီတော့ ကောင်းတဲ့အဆီကိုပဲ ရွေးပြီးကျွေးဖို့လိုတယ်။ အဲဒါတွေက ပဲပိစပ်ဆီစသဖြင့် မပြည့်ဝတဲ့ဆီတွေကို အသုံးပြုတာမျိုး၊ ထောပတ်သီးလိုမျိုး ကျွေးတာတွေကိုလုပ်ရင် ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုအားကိုလည်း ကောင်းစေတယ်။ နောက်ကောင်းတဲ့အဆီထဲမှာ ပင်လယ်ငါးမှာပါတဲ့ အဆီတစ်မျိုးက ကလေးဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အရမ်းကောင်းတယ်။ အဲဒီလို ငါးတွေကို တစ်ပတ်တစ်ရက်လောက် ကျွေးသင့်တယ်။ ဗီတာမင်လို့ခေါ်တဲ့ သက်စောင့်ဓာတ်တွေက အများကြီး ရှိပါတယ်။ အဲဒီအထဲမှာ ကလေးတွေကို အာဟာရဖြစ်စေတာက အသီးအရွက်တွေစားမှပဲရမယ်။ ဗီတာမင်တစ်ခုချင်းစီမှာ ဘာတွေပါလဲပြောမယ့်အစား ကလေးတွေကို အသီးအရွက်ကျွေးမယ်ဆိုရင် အရောင်ငါးမျိုးနဲ့ ကျွေးသင့်တယ်။ အနီရောင်ရှိတဲ့ အသီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ပန်းသီးမျိုးပေါ့။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ။ အဖြူရောင်ရှိတဲ့ ဂေါ်ဖီ၊ မုန်ညင်းထုပ်တွေ၊ အဝါနဲ့ အနီရောင်ရှိတဲ့ ရွှေဖရုံသီး၊ မုန်လာဥနီ၊ သင်္ဘောသီးလိုမျိုးတွေနဲ့ ခရမ်းရောင်ရှိတဲ့ ခရမ်းသီး၊ စပျစ်သီးတွေပေါ့။ အဲဒီအရောင်ငါးမျိုးထဲမှာမှ တစ်နေ့ကို အရောင်သုံးမျိုးပါအောင် ကျွေးသင့်တယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကလည်း အသီးအရွက်တွေကရတော့ အဲဒီလိုသာကျွေးနိုင်ရင် လုံလောက်တယ်ပေါ့။

Voice : ကလေးတွေမှာ အာဟာရချို့တဲ့ရင် ဘယ်လိုထိခိုက်မှုတွေ ရှိလာနိုင်ပါသလဲ။
Dr.NNK : စာမလိုက်နိုင်တာတွေ ဖြစ်လာနိုင်တယ်။ မိဘတွေစိတ်ပူတဲ့ အပိုင်းပဲလေ။ ဒီက ကလေးတွေက အသားစားတာ တအားနည်းတယ်။ အနီရောင်ရှိတဲ့အသားကို တစ်ပတ်တစ်ရက်တောင် မစားဖြစ်တဲ့ကလေးတွေရှိတယ်။ သူတို့မှာ သံဓာတ်တွေ ချို့တဲ့လာနိုင်တယ်။ အနီရောင်အသား မစားဘူးဆိုရင်လည်း သံဓာတ်ကြွယ်ဝတဲ့ ဟင်းနုနယ်တို့၊ ကန်စွန်းရွက်စတဲ့ အစိမ်းရင့်ရင့် အရွက်တွေ အများကြီးရှိပါတယ်။ အဲဒီအစားအစာတွေမကျွေးဘဲ ကလေးက တဖြည်းဖြည်း သံဓာတ်ချို့တဲ့လာတဲ့အချိန်မှာမှ အလွယ်နည်းနဲ့ လက်ဖက်ထမင်းကျွေးကြတယ်။ လက်ဖက်က သံဓာတ်ရဲ့စုပ်ယူမှုအားကို လျော့ကျစေတဲ့အတွက် သွေးအားနည်း ရောဂါဖြစ်လာတယ်။ သွေးအားနည်းလာတာနဲ့အမျှ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း နှောင့်နှေးစေတယ်။ ကြာလာတော့ မှတ်ဉာဏ်စွမ်းအားတွေ ချို့တဲ့လာတာပေါ့။ မြန်မာနိုင်ငံမှာ အခုလက်ရှိတွေ့နေရတာကတော့ လက်ဖက်စားတဲ့ပြဿနာကြောင့် ကလေးတွေ ဉာဏ်ရည်ချို့တဲ့တာ ဖြစ်လာနိုင်တယ်ဆိုတာပဲ။

Voice : အသင့်စား အစားအသောက်တွေကြောင့် ဖြစ်လာနိုင်မယ့် ကျန်းမာရေး အခြေအနေတွေကိုလည်း ပြောပြပေးပါဦး။
Dr.NNK : အသင့်စား လေဖောင်းမုန့်တွေထဲမှာ ပြည့်ဝဆီတွေ အများကြီးပါတဲ့အတွက် ကလေးတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချို၊ သွေးတိုး၊ နှလုံးသွေးကြောကျဉ်းရောဂါတွေ ဖြစ်လာနိုင်တယ်။ နောက်တစ်ခုက အရသာရှိအောင် လုပ်ထားရတဲ့အတွက်ကြောင့် ဆိုဒီယမ်လို့ခေါ်တဲ့ ဆားဓာတ်လည်း တအားပါတယ်။ များတော့ ဒီလိုလေဖောင်းမုန့်တွေကို စားလေ့စားထ ရှိနေတဲ့ကလေးတွေက အိမ်မှာ သဘာဝဖြစ်တဲ့ အသီးအနှံတွေကိုကျွေးတဲ့အချိန်မှာ လုံးဝကျွေးမရတော့ဘူး။ သူတို့လျှာပေါ်က အရသာခံစနစ်တွေက ပြောင်းသွားပြီးတော့ ငန်တာကိုပဲ စားချင်တဲ့စိတ်က ပေါ်နေတယ်။ ဒါကြောင့် ကလေးကိုအစားအစာ ကျွေးရတဲ့နေရာမှာ ခက်လာတယ်။ မိဘတွေကို အကြံပြုချင်တာက ကလေးအသက် ၁၀ နှစ်မပြည့်ခင် အချိန်အထိကို လက်ထဲကိုမုန့်ဖိုးပေးပြီး စားခိုင်းမယ့်အစား အိမ်ကနေ ကိုယ်တိုင်လုပ်ထားတဲ့ အစားအစာတွေကို ထည့်ပေးတာ အကောင်းဆုံးပါပဲ။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားလိုပါသလဲ။
Dr.NNK : ကလေးမိဘတွေစိတ်ဝင်စားတဲ့အပိုင်းက ဉာဏ်ကောင်းဖို့ပဲ။ အစားအသောက်စားတဲ့နေရာမှာ ဉာဏ်ကောင်းဖို့အတွက် လိုသလို ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုအတွက်လည်း လိုပါတယ်။ ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးဖို့အတွက် အသားဓာတ် များများစားပေးပါ။ မြန်မာနိုင်ငံက ကလေးတွေက ကျန်တဲ့နိုင်ငံက ကလေးတွေနဲ့ ယှဉ်လိုက်တဲ့အချိန်မှာ ဖွံ့ဖြိုးမှုနှေးပြီး လူကောင် သေးကြတယ်။ ဒါဟာ မျိုးရိုးဗီဇကြောင့်လည်းပါသလို ကျွန်တော်တို့စားနေတဲ့ အစားအသောက်တွေကြောင့်လည်းပါတယ်။ ဒီမှာက ထမင်းစားရင် ဇလုံကြီးနဲ့ အများကြီးကို အသားလေး နှစ်တုံးလောက်နဲ့ ပြီးသွားတယ်။ အဲဒီလိုစားနေတာဟာ မှားပါတယ်။ ထမင်းစားမယ်ဆိုရင် ထမင်းပန်းကန်ပြားပေါ်မှာ လေးပုံတစ်ပုံကို ထမင်းထည့်ရမယ်။ နောက်ထပ်တစ်ပုံကို ဟင်းထည့်ပြီး ကျန်တဲ့နှစ်ပုံကို အသီးအရွက်တွေကို စုံစုံလင်လင် ထည့်စားပေးရင် ကလေးကကြီးထွားပြီး ဉာဏ်ရည်ဖွံ့ဖြိုးမှု ကောင်းလာစေပါတယ်။

Voice : အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS