News

POST TYPE

RELAX

အောင်ရဲထွေးရန်ပွဲ၌ အနီးကပ်ဆုံးရှိခဲ့သူနှင့်တွေ့ဆုံခြင်း
08-Aug-2018

နှစ်သစ်ကူးညက အောင်ရဲထွေးနှင့်အတူ တစ်ဝိုင်းတည်း ထိုင်နေခဲ့သည့် ကိုချမ်းကျော် (ဓာတ်ပုံ -Myanmar Now)
(Facebook ဟာသရုပ်သံတိုများကြောင့် လူသိများလာခဲ့သည့် အောင်ရဲထွေးပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ပါတီရန်ပွဲကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသားသုံးဦးကို ရဲကထိန်းသိမ်းခဲ့ပြီး လူသတ်မှုဖြင့် လနှင့်ချီကာ စစ်ဆေးခဲ့သည်။

ပြီးခဲ့တဲ့လက ၎င်းတို့သုံးဦး စွဲချက်မတင်မီ ပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံအနှံ့မှ လူအများ၏ ဝေဖန်မှုများ၊ အငြင်းအခုံများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ကိုအောင်ရဲထွေးသေဆုံးသည့်ညက အခင်းဖြစ်ပွားရာ ရန်ကုန် သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်ရှိ The One Entertainment တွင် နှစ်သစ်ကူးပါတီဆင်နွဲသည့် ရာနှင့်ချီသောလူများအနက်မှ အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ်ဆုံးတွင်ရှိခဲ့သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပါသည်။

ထိုစဉ်ကမျက်မြင်တွေ့ရှိခဲ့သူ ကိုချမ်းကျော်ကို Myanmar Now က တွေ့ဆုံမေးမြန်းရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်ကို နောက်ဆုံးတွင်လက်ခံခဲ့ပြီးနောက် သြဂုတ်လအစောပိုင်းတွင် ရန်ကုန်ရှိလုံခြုံသောနေရာတစ်ခုတွင် တွေ့ဆုံခဲ့ကြသည်။ အဆိုပါတွေ့ဆုံမေးမြန်းခန်းမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။)

Myanmar Now : ပထမဆုံးမေးချင်တာက အစ်ကိုက အဲ့ဒီအချိန်မှာ အောင်ရဲထွေးနဲ့ အဲ့နေရာမှာ ဘယ်လိုဖြစ်လို့ရှိနေတာလဲ။ ပြီးတော့ အစ်ကိုနဲ့သူနဲ့ ဘယ်လိုများပတ်သတ်လဲ။
ဖြေ : ကျွန်တော်နဲ့အောင်ရဲထွေးနဲ့ကတော့ ပတ်သက်မှုမရှိဘူး။ သူ့ကောင်မလေးက ကျွန်တော့သူငယ်ချင်း။ ပြီးတော့ ကျွန်တော့မိန်းမနဲ့ ကျောင်းနေဖက်ဖြစ်တယ်။ အဲဒီညက ကျွန်တော်တို့ အဲဒီပွဲသွားဖို့ရှိတယ် လိုက်မလားဆိုတော့ သူတို့က လိုက်ချင်တယ်ဆိုပြီးလိုက်လာတာ။ ကျွန်တော်တို့ဝိုင်းမှာ ရှိနေတယ်။

အဲဒီဝိုင်းက ရှင်းရှင်းပြောရရင် VVIP ပေါ့။ တော်ရုံသာမန် Regular တို့ VIP တို့ သူတို့ခွဲထားတယ် လက်ပတ်တွေနဲ့။ အဲ့လိုလူတွေတက်လို့မရဘူး။ VVIP ဆို VVIP သူ့အဆင့်အတန်းနဲ့ သူရောင်းတာ။ သူတို့ (ဆိုင်က) ရောင်းပြီးသားသူတွေပေါ့။

အဲဒီတုန်းက VVIP တစ်ဝိုင်းကို (လက်မှတ်ခ) ၁၅ သိန်းထင်တယ်။ ၁၀ သိန်းလား၊ ၁၅ သိန်းလား သိပ်မမှတ်မိတော့ဘူး။

Myanmar Now : ပြဿနာက ဘယ်လိုစဖြစ်တာလဲ။ ပြဿနာဖြစ်တဲ့အချိန်မှာ အစ်ကိုက ဘယ်နေရာမှာရှိနေတာလဲ။
ဖြေ : ပြဿနာဖြစ်တဲ့အချိန်မှာ ကျွန်တော်က ကျွန်တော့ဝိုင်းရဲ့ ထိုင်ခုံမှာထိုင်နေတာ။ သူ့ကောင်မလေးနဲ့ သူနဲ့ (အောင်ရဲထွေးတို့နှစ်ဦး) က လက်ရမ်းပေါ့၊ ဝရံတာလိုဟာမျိုး။ အဲ့ဒီလက်ရမ်းရှေ့မှာ သူတို့နှစ်ယောက်က ဖက်ပြီးကနေတာ။ ကနေရင်းနဲ့အောက်ကနေ အဲ့ဒီကောင်လေးတွေက သူ့ကိုမြင်လို့လားမသိဘူး အပေါ်တက်လာပြီးတော့ ဘာမပြောညာမပြောနဲ့ သူ့ကောင်မလေးဆီကနေ ဆွဲလုပြီးတော့ ဝိုင်းရိုက်တယ်။

ရိုက်တော့ ဟိုကောင်လေးမှောက်နေတယ်။ ကျွန်တော်တောင် ထတော့ ကျွန်တော့သူငယ်ချင်းတစ်ယောက်က “ဟာအစ်ကို ... အစ်ကိုနဲ့မဆိုင်ဘူး”ဆိုပြီး ကျွန်တော့ကို ဆွဲချလိုက်တယ်။ ကျွန်တော်က ပြန်ထိုင်လိုက်တယ်။ ပြန်ထိုင်လိုက်တဲ့အချိန်မှာ အောင်ရဲထွေးက မှောက်နေတယ်။ ပါးစပ်ထဲကနေသွေးတွေ ထွက်လာတော့ အဲဒီကျမှ လုံခြုံရေးတွေက သူ့ကိုအပြင်ကို ခေါ်သွားတယ်။ ခေါ်သွားတဲ့အချိန်မှာ ကျွန်တော့မိန်းမနဲ့ သူ့ကောင်မလေးက လိုက်သွားတော့ ကျွန်တော်က ကျွန်တော့မိန်းမ လိုက်သွားပြီဆိုတော့ နောက်ကနေ လိုက်သွားတယ်။ ဝင်းထိပ်ရောက်တော့ The One ကတာဝန်ရှိတဲ့သူတွေက သူတို့ကားနဲ့ ဆေးရုံပို့ပေးတယ်။ ပို့ပေးမယ်ဆိုတော့ ကျွန်တော်နဲ့ ကျွန်တော့မိန်းမက နေခဲ့တယ်။ ဆေးရုံကို သူ့ကောင်မလေးက လိုက်သွားတယ်။

Myanmar Now : သူတို့ကအပေါ်တက်ပြီး ခိုက်ရန်ပြုတယ်လို့ပြောတယ်။ သူတို့ဆိုတာ ဘယ်သူ့ကိုပြောတာလဲ။ ဒီရဲက ထုတ်ပြန်ထားတဲ့သုံးယောက်ကို ပြောတာလား။ သူတို့တွေပါလား။
ဖြေ : အေးပေါ့၊ အေးပေါ့။ ပါတယ်ပါတယ်။ ပါတယ်ဆိုတာ အဲ့ဒီမှာ ဟိုကောင့်ကိုဆေးရုံပို့မယ်ဆိုတော့၊ လုံခြုံရေးတွေက ဓာတ်ပုံရိုက်ယူထားလိုက်တယ်။ The One က လုံခြုံရေးတွေက သူတို့ကို ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် ဒီကောင်တွေမှန်းသိလို့ ဒီကောင်တွေ နောက်နေ့ သွားအဖမ်းခံတာလေ။

Myanmar Now : ရန်ပွဲဖြစ်ပြီးနောက်ပိုင်း ပါတီကရပ်သွားလား။ ဆက်ပြီးပျော်မြူးနေကြလား။
ဖြေ : ပါတီကတော့ မရပ်သွားဘူး။ သူကဆက်ပြီးသူ့ ဒီဂျေဖွင့်ရမဲ့အချိန်တိုင်းတော့ သူ့ဟာသူ အပိုင်းလိုက်ဖွင့်နေတာ။ ပွဲကတော့ မပျက်သွားပါဘူး။

Myanmar Now : အဲ့ဒီအချိန်ကကော ရန်ပြုခဲ့တဲ့သူတွေက ဘယ်နေရာမှာရှိနေလဲ။
ဖြေ : ဖြစ်ပြီးသွားမှကို ပြောတာလား။ ဖြစ်ပြီးသွားတော့ ပထမတော့ ဟိုသုံးယောက်ကို ဖမ်းထားတယ်။ The One က တာဝန်ရှိတဲ့သူက သူ့ကောင်မလေးကိုမေးတယ် အမှုဖွင့်မလား။ သူ့ကောင်မလေးကတော့ ပြောတယ်။ သိပ်ဒဏ်ရာမကြီးဘူးထင်လို့ အမှုမဖွင့်ဘူးဆိုတော့ သူတို့ပြန်လွှတ်လိုက်တယ် ထင်ပါတယ်။ ပထမတော့ သူတို့ဖမ်းထားတာ။ ဖမ်းထားပြီး ဓာတ်ပုံတွေဘာတွေ သူတို့ရိုက်ယူထားလိုက်တယ်။ ဓာတ်ပုံရိုက်ယူပြီး ဖမ်းထားလို့လဲ ရဲစခန်းမှာ နောက်နေ့ သွားအဖမ်းခံတာလေ။

Myanmar Now : အဲ့လူတွေက အစ်ကိုတို့နဲ့ ရန်ငြိုးရန်စ ရှိတဲ့သူတွေလား။ အရင်တုန်းကမြင်ဖူးလား။
ဖြေ : ကျွန်တော်မြင်လည်း မမြင်ဖူးဘူး။ ရန်ငြိုးရန်စလည်းမရှိဘူး။ ဒါပေမဲ့အောင်ရဲထွေးကို မြင်တာနဲ့တက်ရိုက်တယ်ဆိုတော့ ဒီကောင်တွေကတော့ (အချင်းချင်း) ရန်စရှိခဲ့လို့ဖြစ်မယ်။

Myanmar Now : အောင်ရဲထွေး ဆေးရုံရောက်သွားတဲ့အချိန်မှာ အစ်ကိုတူတူပါသွားလား။
ဖြေ : မပါပါဘူး။ သူ့ကောင်မလေးပဲပါတယ်။

ကျွန်တော်နဲ့ကျွန်တော့မိန်းမက ကျန်ခဲ့တယ်။ ကျွန်တော့မိန်းမက (ဆေးရုံကို) လိုက်သွားမယ်ဆိုတော့ ကျွန်တော်က ကျွန်တော့မိန်းမကို သွားခေါ်တယ်။ ပြီးတော့ အဲဒီဝိုင်းမှာ ခဏထိုင်တယ်။ ကျွန်တော်တို့လဲ ခဏနေတော့ ပြန်တော့တာပဲ။

Myanmar Now : အဲ့ဒီအချိန်မှာ ခုနကရန်ဖြစ်တဲ့သူတွေနဲ့ တွေ့သေးလား။
ဖြေ : မတွေ့တော့ဘူး။

Myanmar Now : ရဲကတော့ ထုတ်ပြန်တာ သုံးယောက်လို့ပြောတယ်။ အစ်ကို့အမြင် ဘယ်နှစ်ယောက်ရှိလဲ။
ဖြေ : ကျွန်တော့အမြင်လဲ သုံးလေးယောက်ပါဘဲ။ အဲဒီလောက်ပါဘဲ။ သူတို့က အုပ်စုလိုက် တက်လာတယ်ဆိုတော့။

Myanmar Now : ပြီးခဲ့တဲ့ရက်ပိုင်းက ဒီအမှုနဲ့ပတ်သက်ပြီး သတင်းတွေဖတ်ရမှာပေါ့။ မျက်မြင်သက်သေတွေက (လူသတ်တရားခံ) ဘယ်သူတွေမှန်း သဲသဲကွဲကွဲ မသိဘူး။ အထူးသဖြင့် စားပွဲထိုးတွေပေါ့။ လုံခြုံရေးတွေကို တရားရုံးက စစ်မေးပါတယ်။ လုံခြုံရေးတွေကလည်း ဘယ်သူမှန်း ရှင်းရှင်းလင်းလင်း မသိဘူးလို့ပြောပါတယ်။ ဆိုတော့ ဒီဟာက တကယ်မမြင်နိုင်တဲ့အကွားအဝေးမှာ ရှိနေတာလား။ ဒါမှမဟုတ် ရန်ပွဲဖြစ်နေတာကို စားပွဲထိုးတွေ (လုံခြုံရေးတွေ) က ရှင်းရှင်းလင်းလင်း မြင်နေရလား။
ဖြေ : ရှင်းရှင်းလင်းလင်းတော့ မမြင်ရလောက်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီရုံကြီးက မှောင်နေတယ်။ ကျွန်တော်တို့တောင်မှ အပြင်ရောက်တော့မှ ဒီကောင်တွေကို မီးရောင်အောင်ရောက်တော့မှ ဒီကောင်တွေမှန်း သိတာလေ။ ဦးထုပ်ဆောင်းထားတယ်။ ပြီးတော့ Hoody(ခေါင်းစွပ်အင်္ကျီပွ) ပေါ့။ Hoody ဆောင်းထားတယ်။ အထဲမှာတော့ စားပွဲထိုးတွေပြောတာ ဖြစ်နိုင်တယ်။ သဲသဲကွဲကွဲ မမြင်ရလောက်ဘူး။ အပြင်ရောက်တော့မှ အောင်ရဲထွေးကို လုံခြုံရေးတွေနဲ့ အပြင်ရောင်တော့မှ “သူတို့လုပ်တာ … သူတို့လုပ်တာ”လို့ ဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ယူထားလိုက်တဲ့အတွက် အဲ့ဒီရောက်မှ ကျွန်တော်တို့သိတာ၊ ဒီကောင်တွေမှန်း။

Myanmar Now : CCTV (လုံခြုံရေးကင်မရာ) မှတ်တမ်းကော ရှိလား။ ဘာကြောင့်လဲဆိုတော့ အင်မတန်မှ ဈေးကြီးတဲ့စားသောက်ဆိုင်ကြီး ဖြစ်နေတော့လေ။ အစ်ကို သတိထားမိသလောက် CCTVမှတ်တမ်းတွေကောရှိလား။
ဖြေ : CCTV ကတော့ သူတို့တပ်ထားရင်တော့ ရှိမှာပေါ့။ နဲနဲတော့ သူတို့တပ်ထားမှာ။

Myanmar Now : ဒီကိစ္စကို တိုက်ရိုက်ညွှန်းတာ မဟုတ်ပေမဲ့ သမ္မတက ပြောတာရှိပါတယ်။ တရားရေးဘက်ကလည်း ဒါကိုပြန်ပြီး စိစစ်ဖို့လုပ်နေတယ်။ တကယ်လို့သာ အစ်ကို့ကို သက်သေစာရင်းထဲမှာ ထည့်မယ်ဆိုရင် အစ်ကိုသွားရောက်ပြီး သက်သေထွက်ပေးဖို့ရှိလား။
ဖြေ : အခုလိုပြန်ခေါ်မယ်ဆိုရင် ကျွန်တော် သေချာပေါက်သွားရောက်ဖြေမှာပါ။

Myanmar Now : အောင်ရဲထွေးနဲ့ ရန်ဖြစ်ခဲ့တဲ့သူတွေက ဘယ်လိုလူမျိုးလဲ။ အစ်ကိုတို့အဲ့ဒါကို သိရလား။
ဖြေ : ကျွန်တော်မသိဘူးဗျ။ အဲ့ဒါတော့။

Myanmar Now : ဒီအမှုက အင်မတန်မှကို နာမည်ကြီးတဲ့အမှုဆိုတော့ တချို့ကလည်း ခန့်မှန်းပြောဆိုတာတွေ ရှိတယ်။ မိသားစုကို ဖိအားပေးတာ ခြိမ်းခြောက်တာတွေ ရှိကောင်း ရှိနိုင်တယ်ဆိုပြီး။ အစ်ကိုကကော အဲ့ဒါကို မစိုးရိမ်ဘူးလား။ အစ်ကို့ကို လာပြီးရန်လုပ်မှာဖိအားပေးမှာ။
ဖြေ : ကျွန်တော်အဲ့ဒါတော့မကြောက်ဘူး။

Myanmar Now : ဘာကြောင့် Myanmar Now ကိုလက်ခံပြီး စကားပြောလဲ။
ဖြေ : ကျွန်တော်လဲ ကျွန်တော့ဟာကျွန်တော် ကောင်းကောင်းမွန်မွန် မှန်မှန်ကန်ကန်နေတာ။ သမ္မတကိုယ်တိုင် နိုင်ငံတော်တရားရေးအရ ဖောက်ဖျက်ရာကျတဲ့ အမှုမျိုးတောင်မှ ဒီလိုနာမည်ကြီး အမှုမျိုးတောင်မှ ဒီလိုတရားသူကြီးက ကွင်းလုံးကျွတ် လွှတ်ပေးတယ်ဆိုတော့၊ ကျွန်တော့်အမြင်အရ ကျွန်တော့အဖေတုန်းကတောင်မှ ကားတိုက်မှုလေးမှာ မတော်တဆမှု ဖြစ်တာတောင်မှ တော်တော် ရှင်းယူရတဲ့ခေတ်မှာ အခုလို လူမြင်ကွင်းမှာ ဂျာနယ်တွေမှာပါသလိုပေါ့ တက်ရိုက်သွားပြီး လူသေသွားတဲ့ဟာကို ကွင်းလုံးကျွတ် လွတ်တယ်ဆိုတာ ဒါ … တရားသူကြီးကို ကျွန်တော် လေးစားတယ်။(ရယ်လျက်)

Myanmar Now : အောင်ရဲထွေး သေဆုံးပြီးနောက်မှာ သူ့မိသားစုက အင်မတန်မှကိုမှ တက်တက်ကြွကြွနဲ့ တရားခံတွေ ဖမ်းပေးဖို့ဆိုပြီး သတင်းမီဒီယာတွေကို ဖြေတယ်။ သူ့သားက အင်မတန်မှကို အပြစ်ကင်းစင်တယ်လို့ပြောတယ်။ ဒါပေမဲ့ အခုဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ သူတို့ဟာ ပျောက်နေတယ်။ သူတို့အသံတိတ်နေတယ်။ ဘာ့ကြောင့်လို့ထင်လဲ။
ဖြေ : ငွေကြေးကြောင့်လို့တော့ ကျွန်တော်ကထင်တယ်။ ဒါကတော့ ကျွန်တော့အထင်ပေါ့။ သူများကိုလည်း မပြောကောင်းပါဘူး။ သူတို့ကျေနပ်လောက်တဲ့အထိ ငွေကြေး ပံ့ပိုးပေးလိုက်လို့လားမသိဘူး။ ကျွန်တော်ထင်တယ်။

Myanmar Now : အစ်ကိုနဲ့ ကိုအောင်ရဲထွေး ကောင်မလေးနဲ့ကော ဒီကိစ္စပြောဖြစ်လား။
ဖြေ : အခုနောက်ပိုင်း ကျွန်တော်နဲ့က သိပ်မပြောဖြစ်ဘူးဗျ။

Myanmar Now : ကျွန်တော်တို့သူ့ကိုဆက်သွယ်ပါတယ်။ ဒါပေမဲ့ဆက်သွယ်ဖို့ အင်မတန်ခက်တဲ့ အခြေအနေပါ။ သူကကော ဒီဆုံးဖြတ်ချက်ချပြီးနောက်မှာ တစ်စုံတစ်ရာ အံ့အားသင့်တာရှိပါသလား။
ဖြေ : သူကတော့ဒီလိုမျိုးဖြစ်နေတယ်ဆိုတာ သိနေတဲ့ပုံစံဘဲ။ ဟိုတလောက ကျွန်တော်တို့ဆုံတော့ အချိန်တန်ရင်လည်း သူတို့က သူတို့ဟာသူတို့ ပြီးသွားမှာတဲ့။ သူက သူကြားသလောက်တော့ သူ့ကောင်လေးအိမ်က လျှော်ကြေးပေးတာကို လက်ခံမယ်ထင်တယ်တဲ့။ အဲ့လိုမျိုးတော့ ပြောဖြစ်တာပေါ့။

Myanmar Now : တရားရုံးက သက်သေမခိုင်လုံတဲ့အတွက် လွှတ်တယ်လို့ပြောပါတယ်။ သူ့မိသားစုက ဒီသုံးယောက်က အကယ်၍သာ တရားခံမဟုတ်ဘူးဆိုရင် ဘာလို့သတ်တဲ့သူတွေကို မရှာဘဲ နှုတ်ဆိတ်နေတယ်ထင်လဲ။
ဖြေ : ဒီသုံးယောက်မသတ်ဘူးလို့ ဘယ်သူပြောတာလဲ။

Myanmar Now : ကျွန်တော်ဆိုလိုတဲ့သဘောက သက်သေမခိုင်လုံတဲ့သဘော။ သူတို့ကိုလွှတ်တာက သတ်တယ်၊ မသတ်ဘူး ဆုံးဖြတ်တာ မဟုတ်ဘဲနဲ့၊ သက်သေမခိုင်လုံဘူး ဆိုပြီးတော့ လွှတ်လိုက်တဲ့သဘောဆိုတော့။
ဖြေ : သက်သေမခိုင်လုံဘူးဆိုတာ သူတို့မခိုင်လုံတဲ့သက်သေတွေ စစ်ဆေးမေးမြန်းလို့ပေါ့။ ဒါပဲပေါ့။

Myanmar Now : တခြားဖြည့်စွက်ပြောချင်တာ။ ကျွန်တော်မေးသင့်လျက်သားနဲ့ ကျန်ခဲ့တဲ့မေးခွန်းတွေရှိရင် ပြောပေးပါဦး။
ဖြေ : တရားရေးကိစ္စတော့ ကျွန်တော် ပြောချင်တာပေါ့။ လူမြင်ကွင်းမှာ ဒီလိုမျိုး လူလည်ခေါင်မှာ ဒီလိုမျိုးဖြစ်သွားတဲ့ အမှုကြီးကို တရားသူကြီးက ရဲကလည်း ကန့်ကွက်နေတဲ့ကြားထဲက တရားသူကြီးက ဒီလိုမျိုး အမိန့်ချလိုက်တာ ကျွန်တော်လဲ တော်တော်အံ့သြမိတယ်။ အံ့သြမိလို့လည်း ကျွန်တော်အခု အစ်ကိုတို့ လာမေးတာကို လက်ခံစကားပြောတာ။ နို့မို့ဆို ကျွန်တော်ဖြေမှာမဟုတ်ဘူး။

Myanmar Now