News

POST TYPE

RELAX

ဗဟိုဘဏ်တွင် နိုင်ငံခြားသားပညာရှင်များ ခန့်အပ်ရန်လိုအပ်သည်ဟု ဒေါက်တာဦးမြင့်၏ အကြံပြုချက်အပေါ် အမြင်များ
06-Aug-2018
မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုတွင်ကျယ်စေရေးနှင့် လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံခြားသားပညာရှင်များ ခန့်အပ်ရန်လိုအပ်ကြောင်း ဘောဂဗေဒပညာရှင် ဒေါက်တာဦးမြင့်က ဩဂုတ်လ ၄ ရက်က ရန်ကုန်မြို့ UMFCCI ၌ ပြုလုပ်သည့်ဟောပြောပွဲ၌ အကြံပြု ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ အကြံပြုချက်အပေါ် ဘဏ်လုပ်ငန်းဆိုင်ရာနှင့် စီးပွားရေးပညာရှင်အချို့၏ ထင်မြင်ယူဆချက်များနှင့်ပတ်သက်၍ ကောက်နုတ်ဖော်ပြအပ်ပါသည်။

(ဒေါက်တာဦးမြင့်သည် ဦးသိန်းစိန်အစိုးရလက်ထက်တွင် အထူးစီးပွားရေးအကြံပေးအဖြစ်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂတွင် Senior Economist အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီးပွားရေးဌာနတွင် Chief of Economic အဖြစ်လည်းကောင်း လုပ်ကိုင်ခဲ့ဖူးပြီး အခြားသော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများတွင်လည်း စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် လုပ်ကိုင်ခဲ့ဖူးသည့် ပညာရှင်တစ်ဦးဖြစ်သည်။)

“UK ဆိုရင်လည်း သူ့ဗဟိုဘဏ်ဥက္ကဋ္ဌကို ကနေဒါနိုင်ငံသားကို ခန့်ထားတယ်”
ဦးသန်းလွင် (ဘဏ်လုပ်ငန်းဆိုင်ရာပညာရှင်)

နိုင်ငံခြားသားပညာရှင်တွေ ခန့်အပ်ဖို့က အခုနေဆိုရင် ပိုလိုအပ်တာပေါ့။ ခင်ဗျားတို့လည်း ဝေဖန်နေတာမဟုတ်လား။ ဦးသိန်းစိန်လက်ထက်တုန်းကတော့ ပြည်တွင်းက ပညာရှင်တွေနဲ့ဖွဲ့ထားတဲ့ ဗဟိုဘဏ်အကြံပေးအဖွဲ့ဆိုပြီး ဖွဲ့ခဲ့တယ်။ ဆရာမြင့် ပြောသွားတာပေါ့။ ပြည်တွင်းပြည်ပ ဝိုင်းလုပ်ကြပေါ့။ ပြည်တွင်းပြည်ပ ပေါင်းလုပ်တော့ ပေါ်လစီတွေပိုပြီးတော့ ကောင်းလာမလားပေါ့။ ဒါကကောင်းတဲ့အချက်ပါ။ ပြည်တွင်း ပြည်ပပညာရှင်တွေ ပေါင်းလုပ်ကြတာက။ ပြည်တွင်းမှာ လုံလောက်တဲ့ပညာရှင် မရှိတော့ဘူးဆိုရင် ပြည်ပက ပညာရှင် ငှားပါလားပေါ့။ ဒါကလည်း ကောင်းတဲ့အချက်ပါ။ နိုင်ငံခြားမှာလည်း အတွေ့အကြုံရှိတယ်ဆိုရင် ခေါ်ပေါ့။ UK ဆိုရင်လည်း သူ့ဗဟိုဘဏ်ဥက္ကဋ္ဌကို ကနေဒါနိုင်ငံသားကို ခန့်ထားတယ်။ ကိုယ့်နိုင်ငံကလည်း ကိုယ့်နိုင်ငံသားကိုပဲ ခန့်ချင်ကြတာဆိုတော့ နိုင်ငံခြားပညာရှင်ကို အကြံပေးတော့ ခန့်လို့ရတယ်။ အခုက ဗဟိုဘဏ်ကို သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်အောင် လုပ်ထားပြန်တော့ သူ့ကိုပြန်ပြီး Check and Balance လုပ်မယ့်အဖွဲ့အစည်းက မရှိပြန်ဘူး။ 

“လူအဟောင်းတွေပဲ ပြန်မသုံးဘဲ တချို့နေရာတွေမှာ သွေးသစ်လောင်းဖို့ လိုအပ်တယ်”
ဒေါက်တာမောင်မောင်လေး (ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၊ ဒုတိယဥက္ကဋ္ဌ)

အဓိကက မြန်မာနိုင်ငံက နှစ်ပေါင်း ၃၀ လောက် ကိုယ့်ဘာသာနေခဲ့တာရော၊ ပြီးတော့ နိုင်ငံခြားသားတွေကို မယုံကြည်တာလည်းရှိတယ်။ နိုင်ငံခြားသား ပညာရှင်တွေက သူတို့ကတော့ စာအုပ်ကြီးအတိုင်းတော့လုပ်မှာ။ ဒါပေမဲ့ သူတို့မှာ နိုင်ငံတကာ အတွေ့အကြုံတွေရှိတယ်။ သူတို့ဆီက သူများတွေ အမှားလုပ်ခဲ့ဖူးတဲ့အရာတွေကို ကိုယ်က သင်ခန်းစာယူလို့ရမယ်။ သူပြောသွားတဲ့အထဲမှာ ဗဟိုဘဏ်မှာ နိုင်ငံခြားသားပညာရှင်တွေ ခန့်ဖို့လိုတယ်ဆိုတာက မှန်ပါတယ်။ ဒါပေမဲ့လည်း ဘဏ်လုပ်ငန်းနဲ့ ဗဟိုဘဏ်ပိုင်းဆိုင်ရာမှာ အရမ်းတော်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြောင်းလဲလာမှုတွေ၊ ကုန်သွယ်ရေး၊ ငွေကြေးစနစ်တွေကို ဘာမှသေချာမသိတဲ့သူမျိုးဆိုရင်တော့ အဆင်ပြေနိုင်မှာ မဟုတ်ဘူး။ နိုင်ငံခြားသားခေါ်တိုင်းလည်း အဆင်ပြေမှာတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံက အခုက ဒေါ်လာပဲရှိတော့လို့။ အရင်ကလို FEC တွေဘာတွေရှိရင် အဲဒီ နိုင်ငံခြားသားပညာရှင်တွေတောင် ဒီကအတွေ့အကြုံသစ်တွေ ပြန်ယူသွားဦးမယ်။ လက်ရှိ ဗဟိုဘဏ်မှာလည်း တကယ်တော်တဲ့သူတွေ ရှိပါတယ်။ နိုင်ငံခြားသားပညာရှင်တွေရဲ့ အတွေ့အကြုံတွေရယ်၊ နိုင်ငံမှာ တကယ် လက်တွေ့လုပ်နေတဲ့သူတွေ အားလုံးပေါင်းလုပ်ကြရင်တော့ ပိုကောင်းလာမှာပေါ့။ အစိုးရအနေနဲ့ကလည်း လူအဟောင်းတွေပဲ ပြန်မသုံးဘဲ တချို့နေရာတွေမှာ သွေးသစ်လောင်းဖို့ လိုအပ်တယ်။

“ဗဟိုဘဏ်က တချို့ကိစ္စတွေ မထိန်းကျောင်းနိုင်တာနဲ့ပတ်သက်ပြီး ပညာရှင်ခေါ်လည်း ထိန်းကျောင်းနိုင်မှာ မဟုတ်ဘူး”
ဦးရဲမင်းဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးကော်မတီ၊ အဖွဲ့ဝင်)

အကြံပေးက ခန့်နိုင်ရင် အကျိုးရှိတာပေါ့။ ခန့်မယ်၊ မခန့်ဘူးကတော့ ဗဟိုဘဏ်ကပဲ ဆုံးဖြတ်မှာလေ။ လက်ရှိလည်း နိုင်ငံခြားသား အကြံပေးတွေက ရှိပြီးသား။ ကျွန်တော်တို့ပြဿနာက အဲဒီလူတွေရဲ့အကြံကို ဗဟိုဘဏ်က နားထောင်လား၊ မထောင်လားက ရှိသေးတယ်။ အကြံပေးတွေက ရှိတယ်။ အသစ်ထပ်ခန့် တယ်၊ ခန့်ပြီး နားမထောင်လည်း အလကားပဲလေ။ လာတဲ့အကြံပေးသည် မြန်မာနိုင်ငံရဲ့ အခြေအနေကိုလည်း နားလည်ဦးမှ။ မြန်မာနိုင်ငံအကြောင်းကို နှံ့နှံ့စပ်စပ် သိတဲ့သူဆိုရင်တော့ ကောင်းတာပေါ့။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ Banking Sector အကြောင်း သိတဲ့သူဆိုရင် ပိုကောင်းတာပေါ့။ အဲလိုမဟုတ်ဘဲ ဒီအတိုင်း နိုင်ငံခြားဘဏ်က ပညာရှင်တစ်ယောက်ကိုခေါ်လိုက်ရင် သူအရင်ဆုံးကြုံရမှာက မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေ သူဘာမှနားမလည်ဘူး။ မြန်မာနိုင်ငံမှာ ဘဏ်တွေရှိတယ်။ ငွေလဲကောင်တာတွေရှိတယ်။ အဲဒီလိုရှိရဲ့သားနဲ့ ဒေါ်လာတွေ ဘာလို့ မှောင်ခိုရောင်းဝယ်နေတာလဲဆိုတာ သူမသိဘူး။ အားလုံးကိုသိတဲ့သူမှ အကျိုးရှိတဲ့အကြံကို ပေးနိုင်မှာ။ အကြံပေးခေါ်ရင်တော့ သင့်တော်တဲ့အကြံပေးက မြန်မာနိုင်ငံအကြောင်းကို ကောင်းကောင်းနားလည်တဲ့ ပညာရှင်ဖြစ်ဖို့လိုတာပေါ့။ အကြံပေးခေါ်ပြီးရင်လည်း အဲဒီအကြံပေးရဲ့စကားကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ အကြံပေးက သူ့ဟာသူ ပြောချင်တာပြော၊ ငါလည်း လုပ်ချင်တာလုပ်မယ်ဆို ဘာမှမထူးဘူးလေ။ ဗဟိုဘဏ်က တချို့ကိစ္စတွေ မထိန်းကျောင်းနိုင်တာနဲ့ပတ်သက်ပြီး ပညာရှင်ခေါ်လည်း ထိန်းကျောင်းနိုင်မှာ မဟုတ်ဘူး။ ပညာမတတ်လို့ မထိန်းကျောင်းနိုင်တာ မဟုတ်ဘူး။ ပညာတတ်ကြတယ်။ ထိန်းကျောင်းနိုင်တဲ့ငွေကြေး၊ နည်းပညာစွမ်းရည်တွေက ရှိသေးတယ်။ အဲဒါတွေရှိမှ ထိန်းကျောင်းနိုင်တာ။ ဒေါ်လာဈေးတက်တယ်၊ ကျတယ်။ ဘဏ်အတိုးနှုန်းကို တိုးမယ်တို့၊ ချမယ်တို့၊ ဈေးကွက်ထဲ ဝင်ဝယ်မယ်တို့၊ ရောင်းမယ်တို့ဆိုရင် သူ့လက်ထဲမှာ ပိုက်ဆံရှိမှဖြစ်မှာ။ ဈေးကွက်က သူ့ထက်ပိုက်ဆံပိုရှိနေရင် ဘယ်လိုမှ ထိန်းကျောင်းလို့မရဘူး။ မြန်မာပြည် ဈေးကွက်ထဲမှာရှိတဲ့ ဒေါ်လာပမာဏထက် သူက ပိုချမ်းသာမှ ဝင်ထိန်းကျောင်းနိုင်မှာ။ ဒါတွေကြောင့် နိုင်ငံခြားသားပညာရှင် ရောက်လာလည်း ဘာမှမလုပ်နိုင်ဘူး။ သူက အကြံပဲပေးနိုင်တာကိုး။ တစ်ရက်ကို ဒေါ်လာသန်း ၅၀ ရောင်းပေးပါလို့ အကြံပေးက ပြောတယ်။ ဗဟိုဘဏ်မှာ တစ်ရက်ကို ဒေါ်လာသန်း ၅၀ ရောင်းပေးနိုင်တဲ့ ပမာဏမရှိရင် သူ့အကြံက အလကားပဲ။ 

“ဒီနေ့ ဗဟိုဘဏ်မှာရှိတဲ့ မြန်မာတွေနဲ့တင် မလုံလောက်တော့ဘူး”
ဦးလှမောင် (စီးပွားရေးပညာရှင်)

ဗဟိုဘဏ်က စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ကနေလွတ်ပြီး သီးခြားရပ်တည်ခွင့်ရှိတဲ့ အဖွဲ့အစည်းတစ်ခုပေါ့။ ဗဟိုဘဏ်ရဲ့လုပ်ငန်းတွေက အများကြီး။ နိုင်ငံတော်ရဲ့ ငွေကြေးလည်ပတ်မှုကို သေချာစိစစ် သုံးသပ်နေရမယ်။ နိုင်ငံတော်အစိုးရရဲ့ ပိုငွေ၊ လိုငွေကိုလည်း ကူညီဆောင်ရွက်ပေးနေရတယ်။ ဗဟိုဘဏ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ငွေစက္ကူတွေ ထုတ်လုပ်ခွင့်ရှိတယ်။ ပြည်တွင်းလှည့်လည်ငွေ နည်းလား၊ များလားဆိုတာ အမြဲတမ်း စောင့်ကြည့်ရတယ်။ မြန်မာငွေ တန်ဖိုးကျရင် တက်အောင်လုပ်ရတယ်။ တန်ဖိုးတက်လွန်းရင် ကျအောင်လုပ်ရတယ်။ နိုင်ငံခြားငွေ လဲလှယ်ရေးကလည်း ဗဟိုဘဏ်ရဲ့ သက်ဆိုင်ခွင့်ထဲမှာပါတယ်။ ကုန်ဈေးနှုန်းတွေ တက်၏၊ မတက်၏၊ ဘဏ်တွေမှာ ငွေကြေး အကျပ်အတည်းဖြစ်လာရင် ဝင်ထိန်းပေးရတယ်။ ဝင်ကူပေးရတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌဆိုတာ လွန်ခဲ့တဲ့ငါးနှစ်က လုပ်ခဲ့တယ်။ အခုဆက်ပြီးတော့ ခန့်တယ်။ အသက်ကလည်း ၈၀ ရှိပြီ။ ဦးမြင့်က ထောက်တယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌက သူ့ရဲ့ကိုယ်ရေးသမိုင်းနဲ့ပတ်သက်ပြီး ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်လောက် ပညာတွေတတ်ခဲ့လဲ၊ အစဉ်အလာ ဘယ်လောက်ရှိခဲ့လဲဆိုတာကို ပြည်သူတွေကို အသိပေးဖို့လိုပြီလို့ သူကပြောတယ်။ အခု မြန်မာပြည် ငွေကြေး အခက်အခဲဖြစ်တာတို့၊ ဒေါ်လာတွေ အရမ်းတက်ပြီး မြန်မာကျပ်ငွေတွေ အရမ်းကျတာတို့၊ ဘတ်ဂျက်လိုငွေက GDP ရဲ့ ၄ ရာခိုင်နှုန်းကျော် ကုန်တာတို့ဆိုတာ စီးပွားရေးကို ထိခိုက်ကြန့်ကြာစေတယ်ဆိုပြီး ဒေါက်တာဦးမြင့်က ပြောတာ။ အဲဒီပြဿနာတွေကို ဖြေရှင်းနိုင်ဖို့က ဒီနေ့ ဗဟိုဘဏ်မှာရှိတဲ့ မြန်မာတွေနဲ့တင် မလုံလောက်တော့ဘူး။ အကြံပေးပုဂ္ဂိုလ် လိုအပ်တာပေါ့။ အဲဒါကြောင့် ဒေါက်တာဦးမြင့် အကြံပေးချက်ဖြစ်တဲ့ ဗဟိုဘဏ်မှာ ကျွမ်းကျင်ပညာရှင် လိုတယ်ဆိုတာကို ထောက်ခံပါတယ်။

အောင်သီဟ၊ နွယ်နီ