News

POST TYPE

RELAX

ပုဂံတွင် ညဈေးဖွင့်ရန်ပြင်
06-Aug-2018
မန္တလေး၊ ဩဂုတ် ၅

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ပထမဆုံး ညဈေးတန်းကို ယခုလကုန်ဖွင့်နိုင်ရန် ပြင်ဆင်နေကြောင်း ပုဂံညဈေးဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးခင်မောင်နုက ပြောကြားသည်။

အဆိုပါ ပုဂံညဈေးဖွင့်လှစ်နိုင်ရန် မန္တလေးတိုင်းအစိုးရအဖွဲ့ထံ လုပ်ငန်းစီမံချက်များ ဇူလိုင်လနောက်ဆုံးပတ်အတွင်းက တင်ပြထားပြီး ပုဂံဒေသခံများ ဝင်ငွေရရှိ စေရန်ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ဒေသခံတွေ လုပ်ငန်းကိုင်ငန်းလေးတွေရအောင်ပါ။ တစ်ပိုင်တစ်နိုင် ညပိုင်းလေးပေါ့။ ပုဂံမှာက နေဝင်ချိန်ကြည့်ပြီးရင် သွားစရာနေရာ မရှိတော့ဘူး။ ဧည့်သည်တွေအနေနဲ့လည်း ရိုးရာအစားအသောက်တွေ စားနိုင်မယ်။ အမှတ်တရပစ္စည်းလေးတွေ ဝယ်နိုင်မယ်။ ပြည်ပနိုင်ငံတွေမှာက ရှိတယ်။ ဒီပုဂံမှာသာ မရှိဘူးဖြစ်နေတယ်။ ဒီလထဲမှာ ဒါမှမဟုတ် ဒီလကုန်လောက်ဖွင့်နိုင်အောင် ကြိုးစားနေတယ်” ဟု ဦးခင်မောင်နုက ရှင်းပြသည်။

အဆိုပါညဈေးတွင် ဆိုင်ခန်းပေါင်း ၂၀၀ ခန့် ရောင်းချနိုင်ရန်စီစဉ်ထားရာ လက်ရှိအချိန်၌ ဆိုင်ခန်းလျှောက်လွှာများ ခေါ်ယူနေကြောင်း၊ ဆိုင်ခန်းကို ယာယီအမိုးများဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး ဆိုင်ခန်းလျှောက်လွှာ ၁၇၀ ကျော် ထုတ်ယူထားပြီဖြစ်ကြောင်း၊ ဆိုင်ခန်းတိုင်း ရေ၊ မီး အသုံးပြုခွင့်ပေးမည်ဖြစ်ကာ ဝန်ဆောင်ခ ဆိုင်ခန်းတစ်ခန်းလျှင် ကျပ်သုံးရာကောက်ရန် လျာထားကြောင်း ပုဂံညဈေး ဖြစ်မြောက်ရေးကော်မတီ လုပ်ငန်းစီမံချက်များအရ သိရသည်။

“ဒီလိုညဈေးဖွင့်တာက ကောင်းတယ်။ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့။ ဒီနေရာမှာ အကုန်ရမယ်။ ဈေးလည်း ချိုရမယ်။ မြို့ပေါ်မှာ ညဘက်ဖွင့်ထားတဲ့ဆိုင်တွေကိုပါ ဒီညဈေးကို ဆွဲခေါ်နိုင်ရင် ပိုကောင်းမယ်”ဟု ပုဂံဈေးသည်များ ဆပ်ကော်မတီ အတွင်းရေးမှူး ကိုတင်လင်းအောင်က ပြောကြားသည်။

ယင်းညဈေးကို ပုဂံမြို့သစ်ဈေးကြီး အနီးတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ရိုးရာပစ္စည်းများ၊ အစားအသောက်များရောင်းချနိုင်ရန် ပုဂံညဈေးဖြစ်မြောက်ရေးကော်မတီက စီစဉ်နေခြင်းဖြစ်သည်။

M-05