News

POST TYPE

RELAX

ရွှေမှုံရတီနဲ့ တွေ့ဆုံခြင်း
05-Aug-2018

“ဇာတ်ကားတွေ အွန်လိုင်းမှာ ပျံ့တာများလို့  ထုတ်လုပ်သူတွေက မရိုက်တော့ဘူးဆိုရင် ရုပ်ရှင်ဆိုတာက ဗီဒီယိုလိုပဲ ထပ်ပြီး ပျောက်ကွယ်သွားမှာကို သဲတို့ အရမ်းကြောက်ပါတယ်”



နာမည်ကျော်သရုပ်ဆောင်ရွှေမှုံရတီနဲ့ တွေ့ဆုံပြီး “ငဒူ” ရုပ်ရှင် ဇာတ်ကား အွန်လိုင်းမှာ ပျံ့သွားတဲ့အပေါ် ခံစားမှု၊ ရုပ်ရှင်ဈေးကွက်ရဲ့ အလားအလာနဲ့ သူငယ်ချင်းဇေရဲထက်နဲ့ ဆက်ဆံရေးအကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ကိုယ်ပါဝင်သရုပ်ဆောင်ထားတဲ့ “ငဒူ” ရုပ်ရှင်ဇာတ်ကား အွန်လိုင်းမှာ ပျံ့သွားတဲ့အပေါ် ဘယ်လိုခံစားရလဲ။
SMYT : “ငဒူ” ရုပ်ရှင် အွန်လိုင်းမှာပျံ့သွားတဲ့အတွက် သဲတို့အနေနဲ့ကတော့ ဘာမှမဆုံးရှုံးပါဘူး။ မြန်မာနိုင်ငံမှာက ရုပ်ရှင်ရုံထဲကိုလာပြီးတော့ အချိန်ပေးပြီး မကြည့်နိုင်တဲ့သူတွေ အများကြီးရှိတယ်။ အွန်လိုင်းမှာ “ငဒူ” ရုပ်ရှင်ပျံ့သွားတော့ အကုန်လုံးက Share ကြတယ်၊ ကြည့်ကြတယ်။ အနုပညာပိုင်းအရ ကြည့်မယ်ဆိုရင် သဲတို့ရဲ့ အက်တင်တွေ သရုပ်ဆောင်ထားတာတွေ၊ ကြိုးစားထားတာတွေကို အားလုံးမြင်ရတယ်။ သဲတို့အတွက် မိုင်းနတ်ဖြစ်စရာမရှိပါဘူး။ ပရိုဂျူဆာဘက်က ကြည့်မယ်ဆိုရင်တော့ သူတို့ကုန်ထားရတဲ့ အချိန်တွေ၊ ငွေတွေ၊ လူအင်အားတွေ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အရမ်းနှမြောဖို့ကောင်းပါတယ်။

Voice : တချို့ ရုပ်ရှင်ဇာတ်ကားတွေဆို ရုံမတင်ရသေးခင်တောင် အွန်လိုင်းပေါ်ပျံ့လာတော့ ထုတ်လုပ်သူတွေလည်း နောက်ဇာတ်ကားတွေ ထုတ်ရိုက်ဖို့ တော်တော်လေး စွန့်စားရမယ်ထင်တယ်နော်။
SMYT : ထုတ်လုပ်သူတွေအတွက်က ရုပ်ရှင်တစ်ကားရိုက်ထားပြီးရင် နှစ်နှစ်လောက်မှ သူတို့အတွက် ငွေပြန်ပေါ်တာပါ။ ဇာတ်ကားအတွက် သူတို့က ငွေတွေကို ရင်းနှီးမြှုပ်နှံထားရတာပါ။ ဇာတ်ကားရုံတင်တဲ့အချိန်မှာ အွန်လိုင်းပေါ်ပျံ့သွားတယ်ဆိုရင် ပရိုဂျူဆာတွေအတွက် ဆုံးရှုံးနစ်နာမှုတွေ အများကြီးရှိပါတယ်။ သဲပြောချင်တာကတော့ ကိုယ်ချင်းစာစိတ်သာရှိမယ်ဆိုရင် ရုပ်ရှင်ဇာတ်ကားတွေကို အွန်လိုင်းပေါ်တင်တာမျိုးက မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ ပရိုဂျူဆာတွေက လူရော၊ စိတ်ရော၊ အချိန်တွေ၊ ငွေတွေရော မြှုပ်နှံထားရပြီးမှ ထင်ထားသလို ဖြစ်မလာရင် နောက်ထပ်ဇာတ်ကားတွေရိုက်ဖို့ တော်တော်လေးစဉ်းစားကြတော့မှာပါ။

Voice : ဗီဒီယို ဈေးကွက်ပျက်ပြီးတဲ့နောက်မှာ ရုပ်ရှင်ကိုပဲ အားကိုးပြီး ရိုက်နေကြတာဆိုတော့ ရုပ်ရှင်ဈေးကွက်ပါ ထပ်ပျက်သွားရင် အနုပညာရှင်တွေအတွက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ။
SMYT : ရုပ်ရှင်ဇာတ်ကားတွေ အွန်လိုင်းမှာ ပျံ့သွားတဲ့အတွက် သဲတို့အနေနဲ့ကတော့ ဘာမှထိခိုက်စရာလည်း မရှိဘူး။ နစ်နာစရာလည်း မရှိဘူး။ လူတိုင်းက သဲတို့ရဲ့ အက်တင်တွေ၊ ကြိုးစားထားတာတွေကို ကြည့်ရတဲ့အတွက် သဲတို့အတွက်က ကောင်းတယ်။ ဒါပေမဲ့ သဲတို့က ထုတ်လုပ်သူတွေဘက်ကိုလည်း ပြန်ပြန်ကြည့်ပေးရတယ်။ ပရိုဂျူဆာတွေ ရှိနေလို့သာ သဲတို့ ဇာတ်ကားတွေ ရိုက်နေရတာပါ။ သူတို့မရှိရင် မင်းသား၊ မင်းသမီးဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူး။ ဇာတ်ကားတွေ အွန်လိုင်းမှာ ပျံ့တာများလို့ ထုတ်လုပ်သူတွေက မရိုက်တော့ဘူးဆိုရင် ရုပ်ရှင်ဆိုတာက ဗီဒီယိုလိုပဲ ထပ်ပြီး ပျောက်ကွယ်သွားမှာကို သဲတို့ အရမ်းကြောက်ပါတယ်။

Voice : အနုပညာလောကမှာ သဲနဲ့ဇေရဲထက်က တော်တော်လေး ခင်ကြတယ်နော်။ ကိုယ့်ဖေ့စ်ဘွတ်ခ်မှာ ဇေရဲထက်က သဲအပေါ်ထားတဲ့ ခင်မင်မှု သံယောဇဉ်တွေကို အမှတ်ရတဲ့အကြောင်း ရေးထားတာလည်း ဖတ်ရတယ်။
SMYT : သူနဲ့ သဲက ဒါရိုက်တာ ကိုပြည်ဟိန်းသီဟရိုက်တဲ့ ဗီဒီယိုဇာတ်ကားတစ်ကားမှာကတည်းက စခင်လာကြတာပါ။ အခုဆို လေးနှစ်ခွဲ၊ ငါးနှစ်လောက်ရှိပြီ။ သဲတို့နှစ်ယောက်က တအားခင်ကြတယ်။ အမြဲတမ်းလည်း တွေ့ဖြစ်ကြတယ်။ အခုနောက်ပိုင်း ရုပ်ရှင်ကားကြီးတွေ ရိုက်တော့မှသာ မဆုံဖြစ်ကြတော့တာပါ။ သူက သဲအကြောင်းကို ကောင်းကောင်းနားလည်တယ်။ တစ်ခါတလေကျရင် သဲတအားဆိုးတာတွေကိုလည်း သူသည်းခံတယ်။ ယနေ့အချိန်အထိ သဲကို သူတစ်ခါမှ အပြစ်မပြောဖူးဘူး။ ကိုယ်လည်း အသက်ကြီးလာတာ ပါချင်ပါမှာပေါ့လေ။ သူ့ရဲ့ သဲအပေါ်မှာထားတဲ့ မေတ္တာတွေ၊ စေတနာတွေ၊ အနစ်နာခံတာတွေ အားလုံးကို သတိရလာတယ်။ အဲဒါကြောင့် ဖေ့စ်ဘွတ်ခ်မှာ စာလေးရေးတင်လိုက်တာပါ။

Voice : နှစ်ယောက်က အသက်လည်းကွာပေမယ့် ရင်းရင်းနှီးနှီး ပေါင်းဖြစ်ကြတာကရော ဘယ်လိုကြောင့်ဖြစ်မလဲ။
SMYT : သဲနဲ့ ကိုဇေရဲထက်က အသက်ဆယ်နှစ်ကျော်လောက် ကွာပါတယ်။ သဲက သူ့ကို ရင်ထဲမှာ အရမ်းရင်းနှီးတယ်။ ရွယ်တူချင်းလိုလည်း ခံစားရတယ်။ သဲက နင်နဲ့ ငါနဲ့ ပြောတာကိုလည်း သူက ခွင့်လွှတ်တယ်။ ဘေးကပရိသတ်တွေအနေနဲ့ ကြည့်မယ်ဆိုရင်တော့ သဲက ကိုယ့်ထက်အသက်ကြီးတဲ့သူ့ကို နင်နဲ့ငါနဲ့ပြောတာက ရိုင်းတာပေါ့နော်။ သဲကတော့ ကိုဇေရဲထက်ကို အစ်ကိုတစ်ယောက်လို၊ သူငယ်ချင်းတစ်ယောက်လို ခံစားမိပြီးတော့ ခေါ်တာပါ။ သူကလည်း သဲကို ခွင့်လွှတ်ပေးတယ်ဆိုတော့ နှစ်ယောက်က ရင်းရင်းနှီးနှီး ပေါင်းဖြစ်ကြတာပါ။

Voice : ကိုယ့်အတွက် မိတ်ဆွေစစ်လို့  ယူဆရတဲ့သူတွေကို ပိုပြီးတန်ဖိုးထားလာတာက ကိုယ်လည်း အသက်ကြီးလာတာကြောင့်ရော ဆိုင်မလား။
SMYT : ဟုတ်တယ်။ အဲ့ဒါအမှန်ပဲ။ အတုနဲ့အစစ်ကို ကောင်းကောင်းခွဲတတ်လာတယ်။ ဘယ်သူက ကိုယ့်အပေါ်ကို မေတ္တာစစ်ပေးတာလည်းဆိုတာကို ခွဲခြားတတ်လာတယ်။ အရာရာတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်လို့ သဲခံယူထားတယ်။ သဲကို မေတ္တာအစစ်ထားရင် သဲကလည်း အစစ်ပဲပြန်ပေးမှာပဲ။ သဲကို မေတ္တာအတုပေးရင် အတုပဲ ပြန်ပေးမှာပဲ။ ဒါသည် လုပ်ယူတာ မဟုတ်ဘူး။ တစ်ဖက်ကပေးတာနဲ့ အပေးအယူမျှကြတာပါ။ အသက်ကြီးလာတဲ့အချိန်မှာ ကိုယ့်အတွက် အရမ်းအရေးကြီးပါတယ်၊ လိုအပ်ပါတယ်ဆိုတဲ့ လူတွေကိုပဲ အချိန်ပေးဖြစ်တော့တယ်။ ကိုယ့်အတွက် ဘဝတစ်ခု မဟုတ်တာတွေကို အချိန်မပေးဖြစ်တော့ဘူး။

သန့်ဇင်ဦး