News

POST TYPE

RELAX

လူးလူနဲ့ တွေ့ဆုံခြင်း
25-Jul-2016
အိပ်မက်ဆုံရာ ရာသက်ပန် Season 3 ရဲ့ Winner ဆုရှင်ဖြစ်တဲ့ လူးလူနဲ့ တွေ့ဆုံပြီး ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့အပေါ် ခံစားမှု၊ ပြိုင်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံများ၊ အခက်အခဲများ အကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : အိပ်မက်ဆုံရာ ရာသက်ပန် Season 3 ရဲ့ Winner ဖြစ်ခွင့်ရတဲ့အပေါ် ခံစားမှုကို အရင်စပြောပေးပါဦး။

LL : ပထမဆုံး အနေနဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီလိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ အကဲဖြတ်ပေးတဲ့ ဒိုင်လူကြီးမင်းတွေ၊ အားပေးတဲ့ ပရိသတ်တွေနဲ့ ကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။

Voice : လူးလူကို ပြိုင်ပွဲတစ်လျှောက်လုံး အားပေးခဲ့တဲ့ အမာခံ ပရိသတ်တွေကိုရော ဘာပြောချင်လဲ။

LL : အမာခံ ပရိသတ်တွေက Vote တွေ ပေးကြလို့ ညီမ အခုလို Winner ဖြစ်ခွင့် ရတာပါ။ သူတို့ကို အရမ်းချစ်ပြီးတော့ အရမ်းလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေပေးတဲ့ ခွန်အားကြောင့်သာ ညီမပြိုင်ပွဲမှာ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာပါ။

Voice : Grand Final ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို ဘယ်လိုအကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့လဲ။

LL : ပြိုင်ပွဲမတိုင်ခင်မှာ ညီမ လည်ချောင်းနာသွားပါတယ်။ အဲ့ဒီအတွက် အရမ်းစိတ်ဖိစီးမှုတွေ ရှိခဲ့ပါတယ်။ ပြိုင်ပွဲအတွက် Rehearsal ကျင့်တဲ့ အချိန်အထိ လည်ချောင်းနာတာ မပျောက်သေးဘူး။ ဒါပေမဲ့ ပြိုင်ပွဲနေ့မှာ အားပေးတဲ့ ပရိသတ် အများကြီးကို တွေ့လိုက်ရတော့ စိတ်ထဲမှာ အရမ်းပေါ့ပါးသွားပြီး အကောင်းဆုံး ဖျော်ဖြေလိုက်ပါတယ်။ 

Voice : ပြိုင်ပွဲမှာ သီချင်းသုံးပုဒ်ဆိုပြီး ပြိုင်ရတာဆိုတော့ ဘယ်လိုအကောင်းဆုံး ပြင်ဆင်ခဲ့လဲ။

LL : ပထမစဆိုတဲ့ အပုဒ်ကို အဆင်ပြေအောင် ကြိုးစားရတာပေါ့။ ပထမအပုဒ် အဆင်ပြေသွားတာနဲ့ နောက်အပုဒ်တွေကို ပိုပြီးတော့ ကောင်းအောင် ဆိုနိုင်တယ်လို့ ခံစားရပါတယ်။ စစဆိုတဲ့ သေရာပါမယ့် အချစ်သီချင်းကို ရွေးဖြစ်တာကတော့ ညီမရဲ့အသံနဲ့လည်း လိုက်တယ်။ ခံစားသက်ဝင်မှုကိုလည်း ပြလို့ရတယ်။ ပညာသားလည်းပါတဲ့ သီချင်းဖြစ်တဲ့အတွက် ရွေးခဲ့တာပါ။

Voice : ခြားနားချင်း လက်ဆောင်က သီချင်းအသစ်လည်း ဖြစ်နေတော့ ကိုယ်နဲ့ အသားကျအောင် ဘယ်လိုကြိုးစားခဲ့ရလဲ။

LL : ဒီသီချင်းက စဆိုဆိုချင်းတုန်းကတော့ တော်တော်အဆင်မပြေ ဖြစ်တယ်။ ညီမကလည် ချောင်းနာနေတဲ့အတွက် ကီးချိန်းတဲ့ နေရာမှာ အသံတွေ ကုန်သွားတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ တကယ်ဆိုတဲ့ အချိန်မှာ ကိုယ်လေ့ကျင့်ထားတာထက်ကို ပိုကောင်းအောင် ဆိုနိုင်ခဲ့တဲ့အတွက် အရမ်းကို အံ့သြပြီး ဝမ်းသာမိပါတယ်။

Voice : Winner Song ဖြစ်တဲ့ ပို၍လှသော မနက်ဖြန် သီချင်းမှာတော့ လူးလူ အကောင်းဆုံး သီဆိုနိုင်ခဲ့တယ်နော်။

LL : ဒီသီချင်းက ညီမ ဆိုနေကျပုံစံ မဟုတ်ဘဲ အကနဲ့ တွဲဆိုရတော့ အကကိုလည်း ကြည့်ရတာပေါ့နော်။ အကအဖွဲ့နဲ့ လိုက်ဖက်အောင် Performance လည်း လုပ်ရတာပေါ့။ စာသားပိုင်းနဲ့ သီချင်းအဝင်အထွက်ကိုလည်း မမေ့အောင် ဂရုစိုက်ရတယ်။ အကအဖွဲ့ကလည်း ဒီသီချင်းမှာ အကောင်းဆုံး ပံ့ပိုးပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။

Voice : လူးလူကို ဆိုရင် သီချင်းအလွယ်လေးတွေပဲ ဆိုတတ်တယ်ဆိုပြီး ဝေဖန်ကြတဲ့ ပရိသတ်တွေလည်း ရှိတယ်နော်။ 

LL : အဲ့ဒီလို မြင်နေကြတဲ့ ပရိသတ်တွေရဲ့ အမြင်ကို ချေဖျက်နိုင်ဖို့အတွက် ညီမ အရမ်းကြိုးစားခဲ့ရပါတယ်။ ပြိုင်ပွဲမှာ ဆိုရတဲ့ သီချင်းသုံးပုဒ်လုံးက ခက်ခက်ခဲခဲနဲ့ ဆိုခဲ့ရတာပါ။ ဒီသီချင်းတွေကို ညီမ သေချာမဆိုနိုင်ဘူး ဆိုရင်တော့ လူတွေ ဝေဖန်နေကြသလို ဖြစ်မှာပေါ့နော်။ ဒါပေမဲ့ သီချင်းသုံးပုဒ်လုံးကို အကောင်းဆုံး သီဆိုပြနိုင်တဲ့အတွက် ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။

Voice : ပြိုင်ပွဲကာလမှာရော လူးလူ Bottom မှာ ဘယ်နှခါ ထိုင်ခဲ့ရလဲ။ အဲ့ဒီအချိန်တွေတုန်းက ဘယ်လိုခံစားခဲ့ရလဲ။

LL : ပြိုင်ပွဲကာလမှာတော့ ညီမ Bottom သုံးခါ ထိုင်ခဲ့ရပါတယ်။ ပထမဆုံး စစထိုင်ရတဲ့ အချိန်ကတော့ ကိုယ်လည်း တစ်ခါမှ မထိုင်ဖူးတဲ့အတွက် အဲ့ဒီအချိန်တုန်းက တော်တော်ခံစားရတယ်။ ကိုယ်က ပထမဆုံး ထိုင်ဖူးတဲ့ အခါကျတော့ နောက်အခါတွေမှာ ကိုယ့်ရဲ့ စိတ်ကို ဘယ်လိုပြင်ဆင်ထားရမလဲ ဆိုတာ သိသွားတယ်။ နောက်တစ်ခါ ထပ်ပြီး မထိုင်ရအောင် ကြိုးစားဖို့လည်း အားမွေးဖြစ်ပါတယ်။

Voice : ပြိုင်ပွဲတုန်းက ကိုယ်နဲ့မလိုက်ဖက်တဲ့ ဂီတအမျိုးအစားတွေ ဆိုပြီး ပြိုင်ရတဲ့ အပတ်တွေ ရှိတယ်လေ။ အဲ့ဒီတုန်းက ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲ။

LL : ညီမ အဓိက အခက်အခဲ တွေ့တာတော့ ရော့ခ်သီချင်းဆိုရတဲ့ အပတ်ပေါ့။ ရော့ခ်က လူးလူရဲ့ အသံနဲ့ သိပ်မလိုက်ဘူး။ ဒါပေမဲ့ ပရိသတ်တွေက ပုံစံမျိုးစုံနဲ့ တွေ့ချင်တဲ့အတွက် ညီမ အကောင်းဆုံး တင်ဆက်နိုင်အောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ လူးလူနဲ့ ရော့ခ်သီချင်းတွေက မလိုက်ဖက်တဲ့အတွက် ဆိုရတာ သိပ်တော့ ဘဝင်မကျခဲ့ဘူးပေါ့။

Voice : ပြိုင်ပွဲမှာ ကိုယ့်ပရိသတ်ရှိသလို၊ ကိုယ့်ကို မကြိုက်တဲ့ သူတွေလည်း ရှိနိုင်တယ်လေ။ ကိုယ့်ကို ဝေဖန်မှုတွေ အပေါ်ကိုရော ဘယ်လိုစိတ်နဲ့ ဖြတ်ကျော်ခဲ့လဲ။

LL : ကိုယ့်ကို ဝေဖန်တဲ့ စကားတွေ ပြန်ကြားရတဲ့ အချိန်မှာ အစတုန်းကတော့ နည်းနည်းစိတ်မကောင်း ဖြစ်တာပေါ့နော်။ ဒါပေမဲ့ နောက်ပိုင်းမှာ ကိုယ့်ကို ဝေဖန်တဲ့ သူတွေရဲ့ ပြောစကားတွေကို ကောင်းတဲ့ဘက်က ပြန်တွေးပါတယ်။ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို အကြံပေးသလိုမျိုး စိတ်ထဲမှာ ထားပြီးတော့ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံး ပြင်ဆင်ပါတယ်။

Voice : ဂီတနဲ့ ပတ်သက်ပြီးတော့ရော လူးလူ ဘာတွေလေ့လာခဲ့ဖူးလဲ။

LL : ဂီတနဲ့ ပတ်သက်လို့ကတော့ ညီမ ငယ်ငယ်ကတည်းက ဘုရားကျောင်းမှာ သီချင်းဆိုတယ်။ ဘာသာရေး ရှိုးပွဲတွေမှာ သီချင်းဆိုပါတယ်။ ဂီတသင်တန်းကျောင်းတွေမှာတော့ လေ့လာခဲ့တာမျိုး မရှိပါဘူး။ ဝါသနာအရ သီဆိုရင်းနဲ့ပဲ လေ့လာဖြစ်ခဲ့တာပါ။ နဂိုတုန်းကတော့ တယောတွေ၊ ဘာတွေ ထိုးတတ်တယ်။ စန္ဒရားတွေ ဘာတွေ တီးတတ်တယ်။ ပြိုင်ပွဲအနေနဲ့ကတော့ အိပ်မက်ဆုံရာက ဒုတိယမြောက်ပြိုင်ပွဲပါ။ ညီမ ဆယ်တန်းအောင်ခါစတုန်းက ၂၀၁၁ ခုနှစ်လောက်တုန်းက Melody World မှာ ဝင်ပြိုင်ခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ Level 3 မှာ ပြုတ်ခဲ့ပါတယ်။

သန့်ဇင်ဦး