News

POST TYPE

RELAX

ဒေါက်တာစန်းရွှေနှင့် တွေ့ဆုံခြင်း
01-Aug-2018

အသည်းရောင် အသားဝါ

“ဒီရောဂါတွေက သွေးစစ်မှသိတာ။ ကုသဖို့ကျတော့လည်း ပိုးကောင်ရေကို စမ်းရသေးတယ်”



တစ်ဝန်းတွင် အသည်းရောင်ရောဂါရှိသူပေါင်း ၃၂၅ သန်းတွင် သန်း ၁၉၀ သည် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးရှိမှန်း မသိရှိကြပေ။ ထို့အပြင် အသည်းရောင်ရောဂါဖြစ်ပွားသူ ၁၀ ဦးတွင် ၉ ဦးမှာ ရောဂါကူးစက်ခံနေရမှန်း မသိဖြစ်နေပြီး ဆေးရုံလူနာမှတ်တမ်းများနှင့် သုတေသနလုပ်ငန်းများ၏ လေ့လာတွေ့ရှိချက်များအရ မြန်မာနိုင်ငံ၌လည်း အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုး ဖြစ်ပွားမှုနှုန်းများပြားလျက်ရှိသည်။ ယင်းရောဂါများနှင့်ပတ်သက်၍ မြန်မာအသည်းဖောင်ဒေးရှင်း၏ အတွင်းရေးမှူး ဒေါက်တာစန်းရွှေနှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : အသည်းရောင် အသားဝါရောဂါပိုးတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး ဆရာမ။
Dr. SS : အသည်းရောင်အသားဝါပိုးတွေကတော့ အေ၊ ဘီ၊ စီ၊ ဒီ၊ အီးဆိုပြီး ရှိပေမယ့် အေနဲ့ အီးပိုးကတော့ မသန့်တဲ့ အစားအသောက်တွေနဲ့ ရေတွေ၊ မစင်တွေကနေပြီးတော့ ကူးစက်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အဖြစ်များတယ်။ သူတို့က နာတာရှည် ရောဂါတော့ မဖြစ်ဘူး။ အီးပိုးကတော့ ကပ်ရောဂါအသွင်ဖြစ်တယ်။ အေပိုးကတော့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲတိုင်းပြည်မှာဆိုရင် အသက်လေးနှစ်သားလောက်ဆို တော်တော်များများက ခုခံမှုကိုရနေပြီ။ ဘာကြောင့် လဲဆိုတော့ ရေနဲ့အစာတွေက မသန့်တဲ့အတွက်ပါ။ ဘီပိုးနဲ့ စီပိုးကျတော့ သွေးတို့၊ ခန္ဓာကိုယ်ကအရည်တို့ကနေ ကူးစက်တတ်တယ်။ လိင်ဆက်ဆံရာက တစ်ဆင့်လည်း ကူးစက်တတ်တယ်။ နောက်ပြီး သွေးနဲ့ပတ်သက်တဲ့ပစ္စည်းတွေဖြစ်တဲ့ အပ်၊ ဆေးထိုးပြွန်၊ ခွဲစိတ်ကိရိယာ၊ ခေါင်းရိတ်ဓားတွေကနေ ကူးနိုင်တယ်။ အထူးသဖြင့်တော့ သံဃာတော်တွေမှာ ခေါင်းရိတ်ဓားတစ်ခုတည်းကို ဝေသုံးလို့ ပေါက်ပြဲသွားပြီး သွေးထွက်ရင် ကူးတတ်ပါတယ်။

Voice : ဟုတ်ကဲ့။ ဒီလိုကူးစက်နိုင်တယ်ဆိုတော့ ကူးစက်မှုမရှိအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ။
Dr. SS : ကိုယ့်ဆီမှာ ဘီပိုး၊ စီပိုးရှိတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောသင့်တယ်။ လိင်ဆက်ဆံရာကနေ တစ်ဆင့်လည်း ကူးစက်တတ်တော့ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ကူးမှာစိုးရင် ကာကွယ်ဆေးထိုးထားတာတွေ၊ ကွန်ဒုံးအသုံးပြုတာတွေကို လုပ်ရမယ်။ ဒီလိုမျိုး ကူးစက်ပြန့်ပွားပုံကိုသိပြီး ကာကွယ်တဲ့နည်းလမ်းတွေကို စနစ်တကျလုပ်ရင် ရောဂါပြန့်ပွားမှုနှုန်း နည်းနိုင်တယ်။ ဒီရောဂါနှစ်ခုက Silent လို့ပြောလို့ရတယ်။ သူတို့က ရောဂါလက္ခဏာမပေါ်တတ်ဘဲ သူလိုကိုယ်လိုနဲ့ နှစ်ပေါင်းများစွာနေတတ်တယ်။ ဒီတော့ ရောဂါဖြစ်တဲ့သူတွေကလည်း မသိကြဘူး။ သိလာတဲ့အချိန်ကျတော့လည်း အသည်းကခြောက်နေပြီ။ အသည်းခြောက်ပြီး ခြောက်လလောက်ကြာတော့ အသည်းကင်ဆာဖြစ်ပြီဆိုတော့ သိတဲ့အချိန် ကျမှကုရင် အင်မတန်နောက်ကျသွားပြီ။ အခုနောက်ပိုင်း တော်တော်ခေတ်စားနေတာက တက်တူးထိုးတာပေါ့။ ဒါတွေလုပ်ရင်လည်း တစ်ခါသုံးပစ္စည်းတွေကို သုံးသင့်တယ်။ ဒီလိုမှမဟုတ်ဘဲ တစ်ယောက်ကထိုးပြီး သွေးမခြောက်ဘဲ နောက်တစ်ယောက်ထပ်ထိုးမယ်ဆိုရင် ကူးစက်မှုအရမ်းမြန်တယ်။ နားဖောက်တာလည်း ဒီအတိုင်းပဲ။ ဒီတော့ စောစောသိဖို့အတွက် စောစောစစ်ဆေးပါ။ ရှာဖွေပါ။ သွေးစစ်ပါ။ ဒီရောဂါတွေက သွေးစစ်မှသိတာ။ ကုသဖို့ကျတော့လည်း ပိုးကောင်ရေကို စမ်းရသေးတယ်။ သတ်မှတ်ထားတဲ့ ပိုးကောင်ရေရောက်ရင် ဆေးကုသမှုခံရတယ်။ အခုက ဒီရောဂါနှစ်ခုလုံးကို ကုလို့ရနေပြီဖြစ်တဲ့အတွက် ရောဂါဖြစ်တယ်ဆိုတာကို စနစ်တကျဖော်ထုတ်ဖို့ပဲ လိုအပ်တယ်။ ကိုယ်ကတစ်ဆင့် သူများကို မကူးစက်အောင်ဂရုစိုက်ရမယ်။

Voice : ဘီပိုး၊ စီပိုးရဲ့ ရောဂါလက္ခဏာတွေကို ပြောပြပေးပါဦး။ သူတို့က ဖြစ်တဲ့လက္ခဏာ အတူတူပဲလား။
Dr. SS : အတူတူပဲ။ ဒါပေမဲ့ စီပိုးကတော့ ပိုပြင်းထန်တယ်။ စီပိုးက ကင်ဆာဖြစ်ဖို့ ရာခိုင်နှုန်းပိုများတယ်။ ရောဂါလက္ခဏာတွေကတော့ ဖျားမယ်၊ နုံးမယ်၊ ပျို့အန်မယ်၊ အစားအသောက်ပျက်မယ်၊ ဗိုက်အောင့်မယ်၊ ဝမ်းအရောင်က ဘိလပ်မြေလိုဖြူမယ်၊ အသားဝါမယ်၊ ဆီးအရောင်ရင့်မယ်၊ အဆစ်အမြစ် နာကျင်မယ်။ ဘီပိုးရှိပြီး အနှစ်နှစ်ဆယ်လောက်အထိ ဘာမှမဖြစ်ဘဲနေတဲ့သူတွေလည်း ရှိတယ်။ အသည်းခြောက်လာပြီး ဗိုက်ပူတော့မှ သွားစမ်းလိုက်တော့ ရှိမှန်းသိလာကြတာ။ ပိုးကောင်ရေမများသေးဘဲ ပုံမှန်လူကောင်းလို ခုခံအားတွေကောင်းနေရင် ဘာရောဂါလက္ခဏာမှ မပေါ်ဘူး။ ရောဂါလက္ခဏာတွေပေါ်ရင်လည်း လက္ခဏာအကုန်ပေါ်တယ်။ အဲဒီလက္ခဏာတွေကနေမှ အသည်းကကြီးလာတယ်။ ဒါကရောင်တဲ့အဆင့်၊ အသည်းခြောက်တဲ့အဆင့်ကျရင်တော့ ရေဖျဉ်းစွဲလာတယ်။ ခန္ဓာကိုယ်အတွင်းက သွေးကြောတွေက ဖောင်းလာပြီးတော့ သွေးကြောထုံးလာတဲ့အတွက် သွေးအန်တယ်။ အဲဒီအခါမှာတော့ ကုရတာခက်သွားပြီ။

Voice : ဆရာမတို့ အသည်းဖောင်ဒေးရှင်းအနေနဲ့ရော ဘယ်လိုကုသမှုတွေ လုပ်ဆောင်ပေးနေပါသလဲ။
Dr. SS : ဆရာမတို့က ဒါကို ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီးတော့ အသိပညာပေးတာတွေ အဓိကလုပ်တယ်။ ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနနဲ့ အခြားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ရောဂါရှာဖွေဖော်ထုတ်တာတွေလုပ်တယ်။ ဘီပိုးမရှိတဲ့သူတွေကိုတော့ ကာကွယ်ဆေးထိုးပေးတယ်။ အန္တရာယ်များတဲ့ အုပ်စုတွေနဲ့ ဦးစားပေးတဲ့သူတွေ ရှိတယ်။ အန္တရာယ်များတဲ့ အုပ်စုတွေဖြစ်တဲ့ ဆရာဝန်၊ သူနာပြုဆရာမ၊ သံဃာတော်၊ သီလရှင်နဲ့ မိဘမဲ့ကလေးတွေပေါ့။ သံဃာတော်တွေနဲ့ သီလရှင်တွေထဲမှာ ကူးစက်မှုနှုန်းက နည်းနည်းပိုများပါတယ်။ နောက်ပြီး ၂၀၁၇ ခုနှစ်က ဖွင့်ခဲ့တဲ့ သံစစ်ကုသိုလ်ဖြစ်ဆေးခန်းကနေလည်း အသည်းရောင်အသားဝါ ဘီနဲ့ စီပိုး လူနာရှင်တွေကို ကုသမှုပေးနေပါတယ်။

Voice : အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ