News

POST TYPE

RELAX

ကောင်းမြတ်နဲ့ တွေ့ဆုံခြင်း
31-Jul-2018

“ဈေးကွက်အရလည်း Ready To Wear တွေကို အထည်အလုံးအရင်းနဲ့ထုတ်ပြီး ပြန်ရောင်းလို့ရတဲ့ အနေအထားမျိုး မရှိသေးဘူး”



သရုပ်ဆောင် မိုးဟေကို၊ ရွှေမှုံရတီ၊ ဆူပါမော်ဒယ်လ် အွန်ဆိုင်း၊ M ဆိုင်းလူတို့ အပါအဝင် နာမည်ကြီးအနုပညာရှင်တော်တော်များများရဲ့ လက်စွဲဒီဇိုင်နာတစ်ဦးဖြစ်တဲ့ ကောင်းမြတ်နဲ့ တွေ့ဆုံပြီး သူဖန်တီးခဲ့တဲ့ ဒီဇိုင်းများအကြောင်း၊ လူငယ်တွေအတွက် ဖက်ရှင်နဲ့ပတ်သက်တဲ့ အယူအဆတွေအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : နာမည်ကြီး ဒီဇိုင်နာတစ်ယောက်အနေနဲ့ တစ်နှစ်ကို Collection ဘယ်နှခုလောက် ထုတ်ဖြစ်လဲ။
KM : တကယ်တော့ တစ်နှစ်ကို Collection နှစ်ခုလောက် ထုတ်ချင်တာပါ။ ဒါပေမဲ့တစ်ဖက်မှာလည်း ကိုယ့် Customer တွေကလည်း ရှိသေးတဲ့အတွက် သူတို့ကိုလည်း အချိန်ပေးရသေးတယ်။ သူတို့စိတ်ကြိုက် ဒီဇိုင်းတွေကိုလည်း ဖန်တီးပေးရသေးတယ်။ အဲ့ဒါကြောင့် တစ်နှစ်ကို Collection တစ်ခုလောက်ပဲ ထုတ်ဖြစ်ပါတယ်။

Voice : တစ်နှစ်နဲ့တစ်နှစ် ကိုယ်ဖန်တီးလိုက်တဲ့ ဒီဇိုင်းတွေ မတူအောင်၊ ဆန်းသစ်အောင်ကျတော့ ဘယ်လိုစဉ်းစားဖြစ်လဲ။
KM : အဲ့ဒါကတော့ နှစ်တစ်နှစ်မှာ ကိုယ်လုပ်ခဲ့တဲ့ ဒီဇိုင်းတွေထက် နောက်နှစ်မှာ ပိုပြီး ဆန်းသစ်အောင်၊ အရောင်တွေကအစ ကွဲပြားအောင် စဉ်းစားပြီးတော့ ဖန်တီးရပါတယ်။ ကိုယ်က ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့အတွက် ဖက်ရှင်ရေစီးကြောင်းကိုလည်း အမြဲမပြတ် လေ့လာနေရတာပေါ့နော်။ ကိုယ့်ဒီဇိုင်းက ခေတ်စားနေတဲ့ Fashion Trend တွေကိုလည်း အမီလိုက်နိုင်အောင် ကြိုးစားရတာပေါ့။

Voice : ကိုယ့်ဆီကို ရောက်လာတဲ့ Customer တွေကိုရော ဘယ်လိုဝန်ဆောင်မှုပေးလဲ။ ကိုယ့်ရဲ့လိုအပ်ချက်၊ အားနည်းချက်တွေကို ဘယ်လိုပြန်ပြီး ပြင်ဆင်ဖြစ်လဲ။
KM : ကိုယ့်ဆီကိုလာတဲ့ မင်းသမီးပဲဖြစ်ဖြစ်၊ သာမန် Customer တွေပဲဖြစ်ဖြစ် သူတို့နဲ့ လိုက်ဖက်မယ့် ဒီဇိုင်းတွေကို စိတ်ကျေနပ်မှုရတဲ့အထိ အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးပါတယ်။ မင်္ဂလာပွဲတစ်ခုပြီးသွားတိုင်း ကိုယ်ဖန်တီးပေးလိုက်တဲ့ ဒီဇိုင်းလေးကို ကြည့်ပြီး ကျေနပ်တယ်။ ကိုယ့် Customer တွေ ပြောပြတဲ့အချက်တွေထဲကနေပြီး ကိုယ့်အတွက် ပညာရသွားတာတွေလည်း အများကြီးကြုံဖူးပါတယ်။ တစ်ခါတလေ ကိုယ်မမြင်တဲ့ ရှုထောင့်တစ်ခုကို Customer က မြင်တာမျိုးလည်း ရှိပါတယ်။

Voice : မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးဒီဇိုင်နာ တော်တော်များများက Ready To Wear တွေ သိပ်မထုတ်ကြတာရော ဘာကြောင့် ဖြစ်မယ်ထင်လဲ။
KM : ကျွန်တော်တစ်ယောက်တည်း အနေနဲ့ကတော့ Ready To Wear တွေ ထုတ်ဖို့အထိ အချိန်မပေးနိုင်သေးပါဘူး။ မြန်မာပြည်က နာမည်ကြီးဒီဇိုင်နာတွေဆီကိုလာတဲ့ Customer တွေ တော်တော်များများက Ready To Wear ထက် Customized တွေကို ပိုကြိုက်ကြတာများတယ်။ ဈေးကွက်အရလည်း Ready To Wear တွေကို အထည်အလုံးအရင်းနဲ့ထုတ်ပြီး ပြန်ရောင်းလို့ရတဲ့ အနေအထားမျိုး မရှိသေးဘူး။ အဲ့ဒါတွေကြောင့်လည်း ပါပါလိမ့်မယ်။

Voice : ဖက်ရှင်ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက် ဖက်ရှင်နဲ့ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေကို မျှဝေပေးပါဦး။
KM : အဓိကကတော့ လူငယ်တွေကို ပြောချင်တာက ဘယ်ပွဲပဲသွားသွား ကိုယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင်ကို တကယ်တတ်ကျွမ်းတဲ့ ဖက်ရှင်ဒီဇိုင်နာတွေနဲ့တိုင်ပင်ပြီးတော့ ရွေးချယ်သင့်ပါတယ်။ အဲ့ဒီတော့မှ ကိုယ်စိတ်ကူးယဉ်ထားတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးကို ဝတ်ဆင်ခွင့်ရမှာပါ။ မိုးရာသီမှာတော့ ကျွန်တော်ကိုယ်တိုင်လည်း ရေစိုမှာကြောက်တဲ့အတွက် ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုးတွေပဲ ပိုဝတ်ဖြစ်တယ်။ အရောင်အနေနဲ့ကတော့ လွင်တဲ့အရောင်လေးတွေကို ဝတ်ရင်ပိုကောင်းပါတယ်။

သန့်ဇင်ဦး