News

POST TYPE

RELAX

မြင်းခြံတွင်ဆောက်မည့် လျှပ်စစ်စက်ရုံအတွက် AIIB က ဒေါ်လာ သန်း ၂ဝ ချေးမည်
ရန်ကုန်၊ စက်တင်ဘာ ၃ဝ

မန္တလေး တိုင်းဒေသကြီး မြင်းခြံဒေသတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ စီမံကိန်းအတွက် အာရှအခြေခံ အဆောက်အအုံများ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က အမေရိကန် ဒေါ်လာ သန်း ၂ဝ ချေးပေးမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန် ပြောဆိုသည်။

လျှပ်စစ်ဓာတ်အား ၂၂၅ မဂ္ဂါဝပ် ထွက်ရှိမည့် အဆိုပါ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်စက်ရုံ စီမံကိန်းမှာ မြန်မာနိုင်ငံတွင် အကြီးဆုံး သဘာဝ ဓာတ်ငွေ့သုံး စက်ရုံအဖြစ် မှတ်တမ်းဝင်မည်ဖြစ်ကြောင်း AIIB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် စက်တင်ဘာလ ၂၇ ရက်မှ ၂၈ ရက်နေ့အထိ AIIB ဘဏ် ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေး အပြီးတွင် မြန်မာသို့ ဒေါ်လာ သန်း ၂ဝ ချေးပေးရန် သဘောတူ ဆုံးဖြစ်ခဲ့ခြင်း ဖြစ်သည်။ အလားတူ ပါကစ္စတန်နိုင်ငံ၏ ရေအားလျှပ်စစ် စီမံကိန်းအတွက်လည်း အမေရိကန် ဒေါ်လာ သန်း ၃ဝဝ ချေးပေးရန် AIIB က ကြေညာခဲ့သည်။

“ဒီစီမံကိန်း နှစ်ခုလုံးက အဲ့ဒီနှစ်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ဆာလောင်မှုကို ဖြည့်ဆည်းရာမှာ အထောက်အကူပြုမှာ ဖြစ်သလို AIIB ရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ကိုက်ညီပြီး စရိတ် သက်သာတဲ့ စီမံကိန်းများဖြစ်ရေး ဦးတည်ချက်နဲ့လည်း ကိုက်ညီပါတယ်”ဟု ဘဏ်ဥက္ကဋ္ဌ Jin Liqun က ပြောဆိုသည်။

AIIB ဘဏ်သည် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးမှုအတွက် ၂ဝ၁၆ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံအထိ ငွေရေးကြေးရေး ထောက်ပံ့ရန် ရည်ရွယ်ထားကြောင်း အဆိုပါဘဏ်က ကြေညာထားသည်။