News

POST TYPE

RELAX

စပိန်နွားရိုင်းသတ်ပွဲ ပထမနေ့တွင် တစ်ဦးအဝှေ့ခံရပြီး လေးဦးဒဏ်ရာရ
09-Jul-2018


မက်ဒရစ်၊ ဇူလိုင် ၈

စပိန်နိုင်ငံ ပမ်မလိုနာတွင် စနေနေ့က ကျင်းပသော စပိန်တို့၏ ချစ်စရာအကောင်းဆုံးရိုးရာဓလေ့ဖြစ်သည့် ဆန်ဖာမင်နွားရိုင်းသတ်ပွဲတော် ပထမဆုံးနေ့တွင် လူတစ်ဦးနွားဝှေ့ခံရပြီး လေးဦးဒဏ်ရာရခဲ့သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။

လွန်ခဲ့သော နှစ် ၇၀၀ ကျော်ကတည်းက ကျင်းပခဲ့သည့် နွားရိုင်းသတ်ပွဲတော်ကို သောကြာနေ့ နေ့လယ်ပိုင်းတွင် မြို့တော်ခန်းမ လသာဆောင်တွင် ရိုးရာ မီးရှူးမီးပန်းများ၊ ဗြောက်အိုးများ ပစ်ဖေါက်ကာ ဖွင့်လှစ်ခဲ့သည်။

သို့ရာတွင် အရံအတားများကန့်ထား သောလမ်းကြားထဲတွင် ရှေ့မှပြေးသူများကိုနွားသိုးများက နောက်မှလိုက်ရသည့် ပထမ ဆုံးပွဲကို စနေနေ့နံနက်က ကျင်းပခဲ့ရာ ငါးဦးဒဏ်ရာရရှိသွားသည်ဟု ကြက်ခြေနီ အဖွဲ့တာဝန်ရှိသူများက ပြောကြားသည်။

တစ်ညလုံး မိုးရွာထားသောကြောင့် လမ်းများချော်နေပြီး အချို့နွားသိုးများမှာ နွားအုပ်နှင့်ကွဲကာ အခြားလမ်းများထဲသို့ ရောက်ရှိသွားခဲ့သည်။ နွားသိုးများသည် တာလွှတ်သည့်နေရာမှ ကွင်းအထိ ၈၄၈ မီတာကို သုံးမိနစ်အတွင်း ရောက်ရှိခဲ့ ကြသည်။

ပြေးပွဲတွင် ပါဝင်သူအင်ဒီဂိုပလာဇာ ၂၉ နှစ်က ကီလို ၆၀၀ လေးတဲ့ နွားသိုးကြီးတွေက နောက်ကလိုက်လာတဲ့အတွက် ဒီလမ်းကြားထဲမှာ ပြေးရတဲ့သူတွေရဲ့ စိတ်လှုပ်ရှားမှုကတော့ ပြောမပြနိုင်အောင်ပါပဲ” ဟုပြောကြားသည်။

စပိန်နွားရိုင်းပွဲတော်သည် နှစ်စဉ် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က ပွဲတော်တွင် ပါဝင်ဆင်နွှဲသူ ၁၇၀၀၀ ခန့် ရှိခဲ့ရာ ၆၄ ဦး ဒဏ်ရာရရှိသည့်အနက် ခုနစ်ဦးမှာ နွားဝှေ့ခံရခြင်းဖြစ်သည်။ ၁၉၁၀ နောက်ပိုင်းပြေးပွဲ၌ သေဆုံးသူ ၁၆ ဦးရှိခဲ့ပြီး နောက်ဆုံးသေဆုံးမှုမှာ ၂၀၀၉ ခုနှစ်က ဖြစ်သည်။

၂၀၁၆ ခုနှစ်ပွဲတော်ရက်အတွင်း အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့ မုဒိမ်းကျင့်ခံရသည့် ဖြစ်ရပ်က ယခုနှစ်တွင်လည်း လောင်းရိပ်မိုးနေသည်။ ယခုပွဲတော်တွင် အမျိုးသမီးများ အန္တရာယ်ကျရောက်လာပါက အကူအညီတောင်းနိုင်မည့် မိုဘိုင်းလ်ဖုန်းအက်ပ်ကို ပွဲတော်တာဝန်ရှိသူများက ဖြန့်ချိပေးထားသည်။ လိင်အကြမ်းဖက်မှုကို သတိထားရန် နှိုးဆော်သည့် အနီရောင်တံဆိပ်များကိုလည်း မြူနီစီပယ်ဝန်ထမ်းများနှင့် အမျိုးသမီးအရေးလှုပ်ရှားသူများက လိုက်လံဝေငှပေးခဲ့ကြသည်။

၂၀၁၆ ခုနှစ် ပွဲတော်တွင် အမျိုးသားငါးဦးက ၁၈ နှစ်အရွယ် မိန်းကလေးကို အုပ်စုဖွဲ့မုဒိမ်းကျင့်ကာ ဗီဒီယိုရိုက်ကူးခဲ့ကြသည့် ဖြစ်ရပ်သည် စပိန်တစ်နိုင်ငံလုံးကို အမျက်ထွက်စေခဲ့ပြီး ယခုကဲ့သို့ ကြိုတင်သတိပေး နှိုးဆော်မှုများ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ တရားခံများကို ဧပြီလတွင် တရားရုံးက မုဒိမ်းမှုမြောက်သည့် လိင်စော်ကားမှုဖြင့် စွဲချက်မတင်ပဲလိင်ညှဉ်းပန်းမှုဖြင့် ပေါ့လျော့သောပြစ်ဒဏ်ပေးခဲ့သောကြောင့် ထောင်ပေါင်းများစွာသောစပိန် ပြည်သူများက ဆန္ဒပြခဲ့ကြသည်။ 

ထို့ပြင် အယူခံဝင်ရန် စောင့်ဆိုင်း နေစဉ် ယခုနှစ်ပွဲတော်မစမီ ထိုတရားခံများကို အာမခံဖြင့် လွှတ်ပေးခဲ့သော တရားရုံး၏ ဆုံးဖြတ်ချက်ကိုလည်းစပိန်ပြည်သူများက ဝိုင်းဝန်းပြစ်တင်ရှုတ်ချခဲ့ကြသည်။

F-04