News

POST TYPE

RELAX

ချမ်းမြေ့မောင်ချိုနဲ့ တွေ့ဆုံခြင်း
09-Jul-2018 tagged as အနုပညာ



“သမီး အကောင်းဆုံး ကြိုးစားတယ်။ ထွက်ခဲ့ရရင်လည်း ကျေကျေနပ်နပ်ကြီး ထွက်မယ်”

ပရိသတ်တွေ စိတ်ဝင်တစားနဲ့ စောင့်ကြည့်အားပေးနေကြတဲ့ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲမှ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ချမ်းမြေ့မောင်ချိုနဲ့တွေ့ဆုံပြီး ပြိုင်ပွဲမှာ တွေ့ကြုံရတဲ့ အခက်အခဲများ၊ အမှတ်တရများ အကြောင်း၊ Winner ဆုရှင်ဖြစ်ဖို့ စိတ်ကူးအိပ်မက်များ အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : မိုးရာသီသီချင်းတွေနဲ့ သီဆိုယှဉ်ပြိုင်ရတဲ့အပတ်တုန်းက မောင်ချို့ကို မိန်းကလေးဆန်ဆန်လေး ပြင်ဆင်ထား တာကို တွေ့ရတော့ ပရိသတ်တွေလည်း အမြင်ဆန်းသွားတယ်။ ကိုယ်တိုင်ရော ဘယ်လိုခံစားမှုရှိလဲ။
CMMC : အစကတော့ မိန်းကလေးဆန်ဆန်လေး ဝတ်ကြည့်တာ အဆင်မပြေဘူးထင်ရတယ်။ ဒါပေမဲ့လည်း ကိုယ်ဆိုရမယ့် သီချင်းအပေါ်လိုက်ပြီးတော့ ဝတ်ဆင်ရတာဆိုတော့ အဝတ်အစားအကြောင်းကို ခေါင်းထဲ သိပ်မထည့်ပါဘူး။ ကိုယ်ဆိုရမယ့် သီချင်းကိုပဲ အကောင်းဆုံးဆိုနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပုံမှန်ဆိုရင်တောင်သမီးက အပြင်သွားရင် ဂျင်းဘောင်းဘီ၊ စပို့ရှပ်၊ ဂျင်းဘောင်းဘီနဲ့ အင်္ကျီအကွက် ကလေးတွေ ဝတ်ရတာ ပိုကြိုက်ပါတယ်။

Voice : ဒိုင်တစ်ဦးဖြစ်တဲ့ ဦးသိန်းတန်က မောင်ချိုသီချင်းဆိုတဲ့အခါ စကားလုံးပီသမှု အားနည်းတာနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြခဲ့တဲ့အပေါ်မှာရော ဘယ်လိုခံစားရလဲ။
CMMC : ညီမဘက်ကတော့ သီချင်းတိုင်းကို စကားလုံးပီပီသသနဲ့ဆိုနိုင်အောင် ကြိုးစားခဲ့ပါတယ်။ Vocal Guide လုပ်ပေးတဲ့ တီချယ်ထရေစီကိုလည်း မေးတယ်။ တီချယ်ကလည်း သင်ပြပေးတယ်။ သမီးဘက်ကလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်။ သေချာတော့ မပီပြင်သေးပေမယ့် နောက်ထပ်ယှဉ်ပြိုင်ရမယ့် အပတ်တွေမှာတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒီတစ်ပတ်မှာတော့ ပရိသတ်တွေကို ကတိပေးထားတဲ့အတိုင်း စာသားမမေ့အောင် သီဆိုနိုင်ခဲ့တာကို ကျေနပ်ပါတယ်။

Voice : ကိုယ့်ရဲ့ အမေကလည်း တစ်ချိန်က အဆိုတော်တစ်ယောက်ဆိုတော့ ပြိုင်ပွဲကာလမှာ ကိုယ့်ကို ဘယ်လိုအကြံပြုပေးတာ၊ သင်ပြပေးတာမျိုးရှိလဲ။
CMMC : အမေကတော့ ကိုယ်ကျရာ သီချင်းမှာ အကောင်းဆုံးဆိုနိုင်ဖို့အတွက် ပြောတယ်။ အိမ်မှာလည်း သမီးအတွက် သူဘုရား ရှိခိုးပေးတယ်။ ညညဆိုရင်လည်း သမီး အဆင်ပြေလားလို့ ဖုန်းဆက်မေးတယ်။ သမီးသီချင်းကျင့်ပြီဆိုရင်လည်း အမေ့ကိုနားထောင်ခိုင်းတယ်။ အမေက လိုအပ်ချက်တွေကို ပြန်ပြောတယ်။ သမီးက နားထောင်တယ်။ အမေက သမီးကို စိတ်ဓာတ်မကျအောင်လည်း အမြဲတမ်းအားပေးပါတယ်။

Voice : ပရိသတ်အများစုရဲ့ ချစ်ခင်အားပေးမှုတွေရခဲ့တဲ့အပေါ်မှာရော ဘယ်လိုခံစားမှုရှိလဲ။
CMMC : သမီးကို ကြိုက်တဲ့ ပရိသတ်တွေရှိသလို၊ မကြိုက်တဲ့ ပရိသတ်တွေလည်း ရှိမှာပေါ့နော်။ လူလူချင်းက အကြိုက်ချင်းမတူတဲ့အတွက် သမီးအဲ့ဒါကို လက်ခံနိုင်ပါတယ်။ သမီးကို မကြိုက်တဲ့ ပရိသတ်တွေလည်း ကြိုက်လာအောင် ကြိုးစားသွားမှာပါ။ သမီးကို အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးအရမ်းတင်တယ်။ အရမ်းလည်း ချစ်ပါတယ်။ သမီးသီချင်းဆိုတဲ့အခါမှာ အမှားလေးတွေ ရှိခဲ့ရင်တောင် အပြစ်မမြင်ဘဲနဲ့ ဆက်ချစ်ပေးတယ်။ Vote တွေလည်း အများကြီးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Voice : တချို့ ပြိုင်ပွဲဝင်တွေဆို အရည်အချင်းရှိပေမယ့် Voting စနစ်နဲ့ ရွေးတာဖြစ်တဲ့အတွက် ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာသွားရတာမျိုးရှိတယ်။ Winner စနစ်နဲ့ ရွေးတာကို ကိုယ်တိုင်ရော ဘယ်လိုမြင်မိလဲ။
CMMC : ဒီပြိုင်ပွဲကနေ သမီးထွက်ခဲ့ရရင်လည်း ကျေကျေနပ်နပ်ကြီး ထွက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ။ ပြိုင်ပွဲဖြစ်တဲ့အတွက် တစ်ပတ်ကို တစ်ယောက်တော့ ထွက်ကိုထွက်ရမှာပါ။ သမီး အကောင်းဆုံး ကြိုးစားတယ်။ ထွက်ခဲ့ရရင်လည်း ကျေကျေနပ်နပ်ကြီးထွက်မယ်။ ပြိုင်ပွဲကနေ ထွက်ခဲ့ရရင်လည်း ဂီတလမ်းကြောင်းပေါ်မှာပဲ ဆက်ရှိနေမယ်။ သီချင်းတွေလည်း ဆက်လုပ်မှာပါ။ Voting စနစ်နဲ့ ရွေးတာကတော့ အရမ်းကောင်းပါတယ်။ ပရိသတ်တွေက ရွေးချယ်တဲ့ Winner ဆုရှင်ကတော့ မြန်မာတစ်နိုင်ငံလုံးက အားပေးတဲ့သူ ဖြစ်လာမှာပေါ့။

Voice : ပရိသတ်တွေကို Voting ပေးဖို့ ပြောတဲ့အခါမှာ ကြိုက်ရင်လည်း ပေးလို့ရပါတယ်၊ မကြိုက်ရင်လည်း မပေးပါနဲ့လို့ ပြောတာကို တချို့ပရိသတ်တွေက တစ်မျိုးမြင်ကြတာလည်း ရှိတယ်နော်။
CMMC : အဲ့ဒီတုန်းကတော့ သမီးက ရိုးရိုးရှင်းရှင်းလေးပဲ ပြောလိုက်တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကြိုက်တဲ့သူကို ကိုယ် Vote ပေးနိုင်တယ်၊ မကြိုက်တဲ့သူကို မပေးနဲ့ဆိုတာလည်း သမီးကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောလိုက်တာပါ။ လူကြီးတွေက အမြင်တစ်မျိုး မြင်သွားရင်လည်း တောင်းပန်ပါတယ်။ သမီးက ငယ်သေးတဲ့အတွက် စိတ်ထဲရှိသလို ပြောတတ်တယ်။ အဲ့ဒါလေးကိုလည်း စိတ်ထဲမှာ ထိန်းပြီးတော့ ပြောနေပါတယ်။ နောက်ကိုလည်း သမီးစကားပြောဆင်ခြင်ပါ့မယ်။

Voice : ဒီပြိုင်ပွဲမှာ မောင်ချိုသာ Winner ဖြစ်ခဲ့ရင် ဘာတွေ ဆက်လုပ်သွားမလဲ။ ကိုယ်မျှော်လင့်ထားသလို မဖြစ်ခဲ့ရင်ရော ဘာဆက်လုပ်မလဲ။ 
CMMC : သမီးသာ Winner ဖြစ်ခဲ့ရင်တော့ ဆုရတဲ့ပိုက်ဆံတွေကို အမေ့ကို အကုန်ပေးမယ်။ သမီးက မရှိတဲ့သူတွေကိုလည်း ထောက်ပံ့ချင်တယ်။ ကိုယ်နိုင်သလောက် လှူပေးချင်တယ်။ အဖေနဲ့ အမေကိုလည်း သမီးလုပ်စာလေးနဲ့ လုပ်ကျွေးချင်တယ်။ မိဘတွေက အသက်ကြီးလာပြီလေ။ အဖေက အခုချိန်အထိ အလုပ်လုပ်နေရတုန်းဆိုတော့ အဖေ့ကိုလည်း အလုပ်မလုပ်စေချင်တော့ဘူး။ မိသားစုတာဝန်ကို သမီးနိုင်သလောက် ဝင်ထမ်းချင်တယ်။ Winner မဖြစ်ခဲ့ရင်လည်း သမီး ဝါသနာပါတဲ့ ဂီတအလုပ်ကို ဆက်လုပ်မှာပါ။

သန့်ဇင်ဦး