News

POST TYPE

RELAX

ဒေါက်တာကျော်စွာဦးနှင့် တွေ့ဆုံခြင်း
13-Jun-2018

ကျောက်ကပ်ရောဂါ



“အဓိကသတိထားမိတဲ့ လက္ခဏာတွေက ခြေထောက်တွေဖောတာနဲ့ ရောင်တာတွေဖြစ်တယ်”

လူ၏ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်းအင်္ဂါများသည် ၎င်းတို့၏လုပ်ငန်းများကို အသီးသီးတာဝန်ယူလုပ်ဆောင်လျက်ရှိရာ ကျောက်ကပ်သည်လည်း အရေးကြီးသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကျောက်ကပ်ကောင်းမွန်စွာ လှုပ်ရှားမှုမရှိပါက ဖြစ်ပွားနိုင်မည့် ကျန်းမာရေးအခြေအနေများကို ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း တာဝန်ခံ ဒေါက်တာကျော်စွာဦးနှင့် The Voice က မေးမြန်းဖြစ်သည်များကို ဖော်ပြလိုက်ပါသည်။

Voice : ကျောက်ကပ်ရောဂါဆိုတာကို ရှင်းပြပေးပါဦးဆရာ။
Dr.KSO : ကျောက်ကပ်က ခန္ဓာကိုယ်မှာရှိတဲ့ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဆီးလမ်းကြောင်းကနေတစ်ဆင့် စွန့်ထုတ်ပေးတယ်။ အကြောင်းတစ်ခုခုကြောင့် သူ့ရဲ့လုပ်ငန်းတွေ ကောင်းကောင်းမလုပ်နိုင်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေ စုပုံနေမှာပဲဖြစ်တယ်။

Voice : ကျောက်ကပ်ရောဂါ အမျိုးအစားနဲ့ရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကရော။
Dr.KSO : အကြမ်းအားဖြင့်တော့ နှစ်မျိုးခွဲခြားနိုင်တယ်။ ဒါတွေက ရုတ်တရက်ဖြစ်တဲ့ ကျောက်ကပ်ရောဂါနဲ့ နာတာရှည် ကျောက်ကပ်ရောဂါဆိုပြီး နှစ်မျိုးရှိတယ်။ ရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေတော့ ရှိတယ်။ ဒါက မွေးရာပါ ကျောက်ကပ်ရောဂါဖြစ်တာ၊ ရောဂါပိုးဝင်တာ၊ ကင်ဆာလိုအကျိတ်တွေ၊ တချို့ဆေးဝါးတွေကြောင့်ဖြစ်တယ်။ နောက်ပြီး ကျောက်တည်တာ၊ အခြေခံကျန်းမာရေးပြဿနာအချို့ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

Voice : ဘယ်လိုရောဂါလက္ခဏာတွေ ပြတတ်ပါသလဲ။
Dr.KSO : ဒီရောဂါဖြစ်လာပြီဆိုရင် အဓိက သတိထားမိတဲ့ လက္ခဏာတွေက ခြေထောက်တွေ ဖောတာနဲ့ ရောင်တာတွေဖြစ်တယ်။ ဆီးသွားရခက်ပြီး ဆီးသွားတာနည်းသွားတာရှိတယ်။ ဒါပေမဲ့ တချို့ကျတော့လည်း ဆီးအရမ်းသွားတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ဖြစ်တာတွေချင်းတော့ မတူညီကြဘူး။ နောက်ပြီးတော့ အသက်ရှူခက်လာတာ၊ နှုတ်ခမ်းနဲ့ မျက်စိတွေဖြူလာတတ်သလို အနားယူရင်းနဲ့လည်း မောနေတတ်တယ်။ ဒီ့အပြင် တချို့ဆို မျက်နှာတွေ ဖောရောင်လာတယ်။ ခါးနာလာတာတွေစတဲ့ လက္ခဏာတွေ ပြတတ်သလို တချို့ကျတော့လည်း ဘာလက္ခဏာတစ်ခုမှမပြဘဲ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ ကျောက်ကပ်ထဲမှာ ကျောက်တည်တာမျိုးဖြစ်ရင် မခံမရပ်နိုင်အောင် နာတာလည်းရှိပါတယ်။ ဆီးသွားတဲ့အခါ သွေးပါတာ၊ အနည်ပါတာ၊ ဆီးအောင့်၊ ဆီးကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ကျောက်ကပ်က နှစ်ဖက်ရှိတော့ တစ်ဖက်တည်းပျက်သွားတဲ့သူတွေရှိသလို နှစ်ဖက်လုံး ပျက်သွားတာတွေလည်း ရှိတယ်။ ဒီလိုပျက်သွားတော့ ခန္ဓာကိုယ်က စွန့်ပစ်ရမယ့် ဓာတ်တွေက သွေးထဲမှာများလာတော့ ကျောက်ကပ်ပျက်စီးသွားသလို တစ်ခါတလေမှာ ဦးနှောက်ကို ထိခိုက်တာ၊ နှလုံးကိုထိခိုက်တာတွေကို ဖြစ်စေပါတယ်။ ကျောက်ကပ်နှစ်ဖက်စလုံး ပျက်ရင်တော့ ကျောက်ကပ်ဆေးတာ၊ အစားထိုးကုသတာတွေနဲ့ ကုသနိုင်ပါတယ်။

Voice : ရောဂါမဖြစ်ပွားအောင် ဘယ်လို ကြိုတင်ကာကွယ်ထားနိုင်ပါသလဲ။
Dr.KSO : ရောဂါမဖြစ်အောင်ကတော့ အချို၊ အငန်လျှော့စားရမယ်။ ဆေးလိပ်နဲ့ အရက်ကိုရှောင်သင့်တယ်။ အာဟာရပြည့်စေတဲ့ အစားအစာတွေကို စားရမယ်၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်ပေးပြီးတော့ ကိုယ်အလေးချိန် လျှော့ချပေးရမယ်။ ရေများများသောက်ပေးဖို့လည်း လိုပါတယ်။ နောက်ပြီး ဆရာဝန် မညွှန်ကြားတဲ့ဆေးတွေကို လက်လွတ်စပယ် ဝယ်သောက်တာတွေကို ရှောင်စေချင်တယ်။ တချို့အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးတွေက ကျောက်ကပ်ကို ပျက်စီးနိုင်ပါတယ်။

Voice : အခုလိုဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ