News

POST TYPE

RELAX

လူမင်းနဲ့ တွေ့ဆုံခြင်း
12-Jun-2018 tagged as အနုပညာ



“ကျွန်တော်တို့ရဲ့ ဘာသာ၊ သာသနာက ဆုတ်ကပ်ဘက်ကို ရောက်လာတော့ ထိန်းသိမ်းရမယ့် အပိုင်းလေးတွေ၊ ကာကွယ်ရမယ့် အပိုင်းလေးတွေ ရှိလာတယ်” 

နာမည်ကျော်သရုပ်ဆောင်လူမင်းနဲ့တွေ့ဆုံပြီး စာရေးဆရာကြီး မင်းသိင်္ခရဲ့ “မိုးနဲ့ မြေ” ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ ရာဇဝင်ဇာတ်ကားတွေ ရိုက်ကူးဖို့ စိတ်မကုန်သေးတဲ့အကြောင်းနဲ့  “ကျန်စစ်မင်း” ဇာတ်ကားရိုက်ကူးစဉ်က အမှတ်တရဖြစ်ရပ်များအကြောင်းကို The Voice က မေးမြန်းဖော်ပြထားပါတယ်။

Voice : ဆရာကြီး မင်းသိင်္ခရဲ့ “မိုးနဲ့ မြေ” ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ကိုယ်တိုင်ဒါရိုက်တာ လုပ်ရိုက်မယ်လို့ ပြောထားတယ်နော်။ ဇာတ်ကားအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ။
LM : အဲဒီကားအတွက်တော့ ကျွန်တော်အချိန်ကို မသတ်မှတ်ထားပါဘူး။ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပြီး ရယ်ဒီဖြစ်တော့မှ စရိုက်ပါမယ်။ အခု ကတော့ ဇာတ်ညွှန်းကို စာရေးဆရာ ချစ်ဦးညိုနဲ့ ရေးဖို့အပ်ထားပါတယ်။ ဇာတ်လမ်းနာမည်ကတော့ ဆရာကြီး မင်းသိင်္ခပေးထားတဲ့ “မိုးနဲ့ မြေ” ဆိုတဲ့ နာမည်အတိုင်းပဲ ရိုက်မှာပါ။ ဇာတ်ညွှန်းကတော့ ဆရာချစ်ဦးညိုက အစအဆုံး ပြန်ရေးပေးပါလိမ့်မယ်။ ဇာတ်ညွှန်း အားလုံးပြီးပြီဆိုတော့မှ စရိုက်ပါမယ်။

Voice : “မိုးနဲ့ မြေ”ဝတ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ ဘယ်လိုကြောင့် စိတ်ဝင်စားခဲ့တာလဲ။
LM : အဓိကကတော့ ဒီဝတ္ထုက ဘာသာရေးကို အခြေခံပြီး ရေးထားတာကို သဘောကျလို့ ပါ။ အခုဆို ကျွန်တော်တို့ရဲ့ဘာသာ၊ သာသနာက ဆုတ်ကပ်ဘက်ကို ရောက်လာတော့ ထိန်းသိမ်းရမယ့် အပိုင်းလေးတွေ၊ ကာကွယ်ရမယ့် အပိုင်းလေးတွေရှိလာတယ်။ ဒီကား ကို ရိုက်တဲ့အခါမှာ သံဃဂုဏောအနန္တောဆိုတဲ့ အချက်ကို ပေါ်လွင်အောင် ရိုက်ရမှာဆိုတော့ ဆရာတော်ကြီးတွေနဲ့လည်း တွေ့ဆုံမေးမြန်ပြီး၊ သေချာပြင်ဆင်ပြီးတော့မှ ရိုက်ရမှာပါ။ ရိုက်တဲ့အခါမှာတော့ ဝတ္ထုထဲက အတိုင်းရိုက်လို့ မရဘူး။ အများကြီး ဖြည့်စွက်ပြင်ဆင်ပြီးတော့မှ ရိုက်ရမှာပါ။

Voice : လက်ရှိမှာ ဘာသာရေးကို အခြေခံတဲ့ “ဥပါဒါန်” ရုပ်ရှင်ဇာတ်ကား အောင်မြင်မှုရသွားတဲ့ အပေါ် ဘယ်လိုခံစားမှုရှိလဲ။
LM : ဒီကား အောင်မြင်သွားတဲ့အတွက် ကျွန်တော် အရမ်းသာဓုခေါ်ပါတယ်။ ဒီလိုဇာတ်ကားမျိုးကို ရိုက်ရဲတဲ့ ဒါရိုက်တာနဲ့  ထုတ်လုပ်သူကိုလည်း ကျေးဇူးတင်တယ်၊ ဂုဏ်လည်းယူပါတယ်။ ဒါရိုက်တာဗန်းကြီးကိုလည်း ဂုဏ်ပြုချင်ပါတယ်။ သူ့ စေတနာမှန်တဲ့အတွက် တူညီတဲ့ အကျိုးခံစားခွင့်တွေ ပြန်ရခဲ့တယ်။ ပရိသတ်တွေရဲ့  တုံ့ပြန်အားပေးမှုတွေ ပြန်ရခဲ့တယ်လို့ မြင်ပါတယ်။

Voice : မိုးနဲ့မြေရုပ်ရှင်မှာ သရုပ်ဆောင်အနေနဲ့ရော ဝင်ပါဖို့ ရှိဦးမလား။
LM : မိုးနဲ့မြေ ရုပ်ရှင်ကို ဒါရိုက်တာအနေနဲ့  တာဝန်ယူရိုက်ကူးဖို့ကတော့ သေချာပါတယ်။ သရုပ်ဆောင်အနေနဲ့လည်း ဝင်ပါဖို့ များပါတယ်။ ဒါပေမဲ့ ဇာတ်ညွှန်းပေါ်မူတည်ပါသေးတယ်။ ဇာတ်ညွှန်းကို ဖတ်ကြည့်တဲ့အခါမှာ အဓိက သရုပ်ဆောင်နေရာက ကျွန်တော်နဲ့မလိုက်ဘူးဆိုရင်လည်း ပါဝင်ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ်ထုတ်ရိုက်တဲ့ကားမို့လို့  ကိုယ်ပါရမယ်ဆိုတာမျိုးတော့ မလုပ်ပါဘူး။ ကျွန်တော်နဲ့ မလိုက်ဖက်ဘူးဆိုရင် တခြားလိုက်ဖက်တဲ့ သရုပ်ဆောင်တစ်ယောက်ကို ငှားပြီးရိုက်သွားမှာပါ။

Voice : လက်ရှိမှာ ထိုင်းက မြန်မာရာဇဝင်တွေကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာကြတာမျိုးရှိတယ်။ ကိုယ်တိုင်လည်း “ကျန်စစ်မင်း” ဇာတ်ကားကို ဒါရိုက်တာအနေနဲ့ ရိုက်ခဲ့ဖူးတာဆိုတော့ နောက်ထပ် ရာဇဝင်ဇာတ်ကားတွေ ဖန်တီးဖို့  စိတ်ကူးရှိလား။
LM : ကျွန်တော်ရာဇဝင်ဇာတ်ကားတွေ ရိုက်ဖို့ စိတ်မကုန်သေးပါဘူး။ ကျန်စစ်မင်းဇာတ်ကားရိုက်တုန်းကလည်း ကျွန်တော့်ဘဝအတွက် သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ အဲဒီကားမှာ ကျွန်တော်ပြချင်တာတွေကို လောဘအရမ်းကြီးပြီးပြချင်ခဲ့တာပေါ့နော်။ ကျန်စစ်မင်းကြီးရဲ့ စစ်သူကြီးဘဝကနေစပြီး ဘုရင်ဖြစ်ပြီး ကံတော်ကုန်တဲ့အထိ ရှည်လျားတဲ့ ဇာတ်ကြောင်းကြီးကို နှစ်နာရီကျော်စာလေးအတွင်းမှာ အတင်းသွတ်သွင်းပြီးထည့် လိုက်ရတဲ့အချိန်မှာတော့ ထိထိမိမိ ကိုယ်ပြချင်တာကို မပြနိုင်ခဲ့ဘူး။ ရိုက်ပြီးသားတွေ ဖျက်ပစ်လိုက်ရတာတွေ အများကြီးပေါ့။ ကျွန်တော့်ရဲ့ပထမဆုံး ဒါရိုက်တာ အတွေ့အကြုံလည်းဖြစ်တော့ သင်ခန်းစာတွေ အများကြီးရခဲ့ပါတယ်။ ကျွန်တော်ရာဇဝင်ကို စိတ်တော့မကုန်သေးပါဘူး။ ရိုက်ဖို့လည်း ကြံစဉ်နေပါသေးတယ်။

Voice : ကျန်စစ်မင်းမိဖုရားတွေ တစ်ယောက်ပြီးတစ်ယောက်ယူနေတာပဲ ပြတယ်၊ ကျန်စစ်မင်းမဟုတ်ဘူး၊ ကျန်စစ်ဘွန်းလို့ ဝေဖန်ကြတဲ့အပေါ်မှာရော ဘယ်လိုခံစားခဲ့ရလဲ။
LM : ဒါကတော့ အဆိုးဘက်က ကြည့်ရင်တော့ အဲဒီလို မြင်မှာပေါ့နော်။ ကျွန်တော် အဲဒီတုန်းက စဉ်းစားခဲ့တာကတော့ ကျန်စစ်မင်းရာဇဝင်ဆိုတာက နိုင်ငံခြားသားတွေကို ပြတာမဟုတ်ဘူးလေ။ ကိုယ့်လူမျိုးတွေကိုပဲ ပြတာဆိုတော့ ဒီရာဇဝင်ကို လူတိုင်းက အစအဆုံး မဟုတ်ရင်တောင် တီးမိ၊ ခေါက်မိ ရှိပြီးသားပဲဆိုတော့ အများကြီး ပြနေစရာ မလိုဘူးပေါ့။ မိဖုရားတစ်ပါးနဲ့ နောက်တစ်ပါးတွေ့တဲ့အချိန်မှာ၊ ကြားထဲမှာ အချိန်ကာလနှစ်ပေါင်းများစွာ ကြာတာတွေရှိတယ်။ ကျွန်တော် အဲဒါတွေကို ကျော်လိုက်တာပေါ့။ ဝေဖန်ချင်တဲ့သူတွေကတော့ မိဖုရားတွေ တစ်ပါးပြီး တစ်ပါး ယူတာကိုပဲ ပြတာဆိုပြီး ဝေဖန်တာပေါ့လေ။ ဒါပေမဲ့ အဲဒီအချိန်က HD တောင်မပေါ်သေးပါဘူး။ ကျွန်တော် DVD 9 နဲ့  ဖြစ်အောင်ရိုက်ခဲ့တာပါ။ တချို့ကျတော့လည်း ကျွန်တော့်ကြိုးစားမှုကို အသိအမှတ်ပြုခဲ့ကြပါတယ်။ 

သန့်ဇင်ဦး