News

POST TYPE

RELAX

ဇွန်လအတွင်း သွားရောက်လည်ပတ်ရန် အကောင်းဆုံးဒေသများ
09-Jun-2018 tagged as



ကနေဒါ

ကနေဒါနိုင်ငံဟာ ဆောင်းရာသီချိန်ပိုများတဲ့ နိုင်ငံပါ။ ဇွန်လဟာ ကနေဒါမှာ နေလို့အကောင်းဆုံးအချိန်ပဲ။ ရာသီဥတုက ပူနွေးတဲ့နွေရာသီကို ရောက်လာပြီလေ။ နွေရောက်လာပြီဆိုတော့ ပွဲလမ်းတွေလည်း ပိုများလာတယ်။ ရေခဲပြင်လျှောစီးတဲ့ စခန်းတွေ၊ တောင်တက်တဲ့ခရီးတွေ ခေတ္တနားထားပြီး စက်ဘီးနဲ့ ခရီးသွားရတဲ့ လုပ်ငန်းတွေပြန်စလာတယ်။

မြောက်ပိုင်းနယ်တွေဖြစ်တဲ့ Yukon ဒေသတွေမှာ ငါးဖမ်းဖို့နဲ့ တောင်တက်ခရီးသွားဖို့ လူတွေ ပြင်နေကြပြီ။ မြို့ ကြီးတွေမှာဆိုရင်လည်း ဘီယာဆိုင် ဥယျာဉ်တွေ ပြန်ဖွင့်သလို၊ လမ်းဘေးစားသောက်ဆိုင်တွေလည်း ပြန်ဖွင့်လာပြီး စည်ကားလာတယ်။ နေရောင်ခြည်အောက်မှာ လွတ်လပ်ပျော်ပါးစွာသောက်စားနေကြတာကို မြင်ရလိမ့်မယ်။

Wells Gray Provincial Park မှာလည်း ကနူးလှေတွေနဲ့ ခရီးထွက်ရတာပျော်စရာကောင်းတယ်။ သစ်ကတိုးပင်တွေ ဖုံးလွှမ်းနေတဲ့ တောင်ကြောတစ်လျှောက် တောင်တက်နေတဲ့ အဖွဲ့တွေနဲ့၊ ညဘက်မှာ စခန်းချနေကြတဲ့ မီးပုံလေးတွေကို နေရာအနှံ့ မြင်ရလိမ့်မယ်။ ပူနွေးတဲ့ရာသီကိုကြိုက်ပြီး ရှုခင်းတွေ ခံစားချင်တဲ့သူတွေအနေနဲ့ ဇွန်လဟာ ကနေဒါနိုင်ငံမှာ လည်ပတ်ဖို့ အကောင်းဆုံးအချိန်ပဲ။



စကော့တလန်

စကော့တလန်မြောက်ပိုင်းဒေသာဟာ ဒီလမှာ နေရောင်ခြည်အများဆုံးရတဲ့ အချိန်ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကို နေရောင်ခြည်ဖျန်းပက်ထားတဲ့ကာလလိုဖြစ်နေပြီး ဆေးရောင်စုံတောက်ကာ အလှပဆုံးအချိန်လို့လည်း ပြောနိုင်ပါတယ်။ နေ့တာရှည်ပြီးတော့ အပူချိန်ကလည်း အနွေးဆုံးအချိန်ရောက်လာပြီမို့ နေထိုင်လို့ အကောင်းဆုံးလလို့လည်း ပြောနိုင်တယ်။

ညနေခင်းအချိန် ပိုရှည်တာကြောင့် အပြင်ထွက်ပြီး လည်ပတ်ဖို့ကောင်းတယ်။ လှပတဲ့ စကော့တလန်ရှုခင်းကို လမ်းလျှောက်ပြီး အရသာခံတာ အကောင်းဆုံးပဲ။ Skye ကျွန်းကနေ  Cairngorms အထိ လမ်းလျှောက်လို့ကောင်းတယ်။ Speyside ကနေ Loch Lomond အထိလည်း လမ်းလျှောက်နိုင်တယ်။ စကော့တလန်မှာ ဒီအချိန်အကောင်းဆုံးကတော့ Murno တောင်တက်ခရီးပဲ။ ပေ ၃၀၀၀ ကျော်မြင့်တဲ့ တောင်တက်ခရီးကတော့ စကော့တ်လန်ရောက်ရင် စမ်းသပ်ခဲ့သင့်ပါတယ်။



အင်ဒိုနီးရှား 

ဇွန်လမှာ အင်ဒိုနီးရှားကို သွားလည်ဖို့ အကောင်းဆုံးဆိုတဲ့ အကြောင်းပြချက်ထဲမှာ ခြောက်သွေ့မှု အများဆုံးလဖြစ်တာရယ်၊ နေရောင်ခြည်ကို ကောင်းစွာရတဲ့ ရာသီဖြစ်လို့ပါပဲ။ Bali နဲ့ Lombok ဒေသတွေမှာ ဇွန်လရောက်ရင် စိုထိုင်းမှုက လျှော့ကျပြီး ခြောက်သွေ့လာတယ်။ ပင်လယ်ထဲဆိုရင်လည်း ရေငုပ်ဖို့ အကောင်းဆုံးရာသီလို့ဆိုရမယ်။ ပင်လဲမှာ နွေးထွေးပြီး နေလို့ အကောင်းဆုံးအချိန်ပဲ။

ဒီအချိန်မှာ အင်ဒိုနီးရှားကို လာတဲ့သူတွေ အနေနဲ့ တောင်တက်ဖို့ အကောင်းဆုံးအချိန်ပဲ။ Kalimantan မှာ လိမ္မော်ရောင် အူတန်မျောက်ဝံကြီးတွေကိုလည်းကြည့်နိုင်တယ်။ တောင်တက်နဲ့ တောတွင်းခရီးစဉ်တွေက စိတ်လှုပ်ရှားစရာကောင်းတယ်။ မိုးမရွာသေးတာကြောင့် လည်ပတ်ဖို့ အကောင်းဆုံးအချိန်လို့ ပြောတာ။ Bromo မီးတောင်ကြီးကိုလည်း နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးလာပြီး လေ့လာကြည့်ရှုကြတယ်။



ဘူဆန် (တောင်ကိုရီးယား)

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ဇွန်လဆိုရင် အပူချိန်က မြင့်တက်လာပြီ။ အထူးသဖြင့်တော့ ဘူဆန်မြို့မှာရှိတဲ့ ပင်လယ်ကမ်းခြေမှာ အပန်းဖြေတဲ့သူတွေ ပိုပြီးစည်ကားလာချိန်လို့ ဆိုရမယ်။ ရာသီဥတုက ခြောက်သွေ့ချိန်လေးမှာ ပင်လယ်ဘက်ကို လုထွက်ပြီး အပန်းဖြေကြတယ်။ ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆန်ဟာ သာယာသလို ဈေးကလည်း အလွန်စည်ကားတယ်။ လူတွေ အပန်းဖြေရင်း ရေကူးကြတာများတယ်။

ဘူဆန်ရဲ့ နှလုံးသားလို့ ပြောရမယ့်နေရာဟာ Jagalchi အရပ်ဖြစ်တယ်။ အလွန်စည်ကားတဲ့ ဆိပ်ခံနားမှာ ငါးဈေးလည်းရှိတယ်။ ငါးတွေကို ခြင်းတွေနဲ့ထည့်ပြီး ပြထားကာရောင်းနေကြတယ်။ ပင်လယ်စာကြိုက်တဲ့ သူတွေအတွက်ကတော့ အလွန်ပျော်စရာကောင်းတဲ့နေရာပဲ။ 

ပင်လယ်စာရောင်းတဲ့ အပေါ်ထပ်အမိုးဖွင့်ဆိုင်တွေလည်း အများကြီးရှိတယ်။ လေကောင်း လေသန့်ရှူရင်း ပင်လယ်စာတွေကို ခံစားနိုင်ပါတယ်။



စတော့ဟုမ်း (ဆွီဒင်)

ဇွန်လရောက်ရင် ဥရောပမြောက်ပိုင်းဒေသတွေဟာ ခြောက်သွေ့တဲ့ရာသီဖြစ်လာသလို ပွဲလမ်းတွေလည်း အလွန်များလာတယ်။ ဆွီဒင်နိုင်ငံစတော့ဟုမ်းမှာတော့ နွေလယ်ကာလလို့ ဆိုရမယ်။ စတော့ဟုမ်းမြို့မှာ နေ့တာအရှည်ဆုံးကာလတွေဖြစ်ပြီး ကောင်းကင်မှာ မှောင်သွားတဲ့ အချိန်မရှိသလောက်ပဲလို့လည်း ဆိုကြတယ်။ စတော့ဟုမ်းဌာနေ ပြည်သူတွေဟာ ဒီရာသီမှာ ကခုန်ကြ၊ သီချင်းတွေဆိုကြနဲ့ ပျော်စရာကောင်းတယ်။ အထူးသဖြင့်တော့ မြို့လယ်က Sodermalm အရပ်ဟာ တေးသံတွေ၊ ရယ်မောသံတွေ ညံနေတဲ့ အရပ်ပဲ။

နွေရာသီရောက်လာရင် စတော့ဟုမ်းသားတွေဟာ မြို့ပြင်က ပန်းတွေပြည့်နေတဲ့ မြက်ခင်းပြင်ကြီးတွေဆီကို ပျော်ပွဲစားထွက်ကြတယ်။ အရှေ့ဘက်မှာ ကျွန်းစုလေးတွေနဲ့ မြို့တွေလည်းရှိတယ်။ အဲဒီကျွန်းတွေဘက်ကို သွားပြီးတော့ တစ်နေ့လုံး တစ်ညလုံး ပျော်ပါးသောက်စားနေကြတာတွေလည်း ရှိတယ်။



ဂရာနာဒါ (စပိန်)

စပိန်နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ဂရာနာဒါမြို့လေးဟာ ဇွန်လရဲ့ အကောင်းဆုံးဒေသလေး ဖြစ်ပါတယ်။ နွေရာသီအချိန်ဖြစ်သလို ရာသီဥတုကလည်း အကောင်းဆုံးပဲ။ ဇူလိုင်နဲ့ ဩဂုတ်လမှာ ရာသီဥတုက ဆိုးလာနိုင်တာကြောင့် ဇွန်လမှာ ဂရာနာဒါကိုလာပြီး လည်ပတ်ထားကြတာများတယ်။

နေ့တာရှည်ပြီးတော့ လူတွေက တစ်နေ့လုံး လမ်းတွေပေါ်မှာ သောက်စားရင်း နွေရာသီရဲ့ အရသာကို ကောင်းစွာခံစားနေကြတာများတယ်။ Moorish နန်းတော်ကြီးကလည်း ကမ္ဘာလှည့်ခရီးသည်တွေကို အစွဲဆောင်ဆုံးနေရာဖြစ်ပြီးတော့ သမိုင်းဝင်အခြားနေရာတွေကိုလည်း လည်ပတ်ကြတာများတယ်။

ကျန်တဲ့အချိန်တွေမှာတော့ တစ်နေ့လုံး တစ်ညလုံး ဒေသခံတွေနဲ့အတူ ပျော်ပျော်ပါးပါး သီချင်းတွေဆို၊ ကခုန်၊ စားသောက်ရင်းက အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး နေထိုင်နိုင်တဲ့နေရာအဖြစ် နာမည်ကျော်ပါတယ်။

E-01

(Ref: Best places to go for a holiday in June)

  • TAGS