News

POST TYPE

RELAX

Anomalisa
25-Sep-2016

Anomalisa ရုပ်ရှင်ကားသည် ပြင်ပက ပကတိဇာတ်ကောင်များနှင့် ဖန်တီးတင်ဆက်ထားသော ရုပ်ရှင်ကားတစ်ကား မဟုတ်ချေ။ ကာတွန်းကားတစ်ကားဟု ယျေဘုယျအားဖြင့် ပြောလို့ရနိုင်သော်လည်း ကွန်ပျူတာ ထွန်းကားသည့် လက်ရှိခေတ်ကာလမှာ ကွန်ပျူတာ နည်းပညာများဖြင့် အထူးဖန်တီးထားခြင်း မဟုတ်ပေ။ Stop-motion ဟု ခေါ်ဝေါ်သော နည်းပညာဖြင့် ဖန်တီးထားသည့် ဇာတ်ကားတစ်ကား ဖြစ်ပါသည်။ ကျွန်တော် နားလည်မိသမျှ တင်ပြရလျှင် ယင်းနည်းပညာသည် တုတ်ထိုးရုပ်သေးရုပ်များနှင့် ဆင်တူပါသည်။ ဇာတ်အိမ်ထဲတွင် ထည့်သွင်းဖန်တီးထားသော ဇာတ်ကောင်များအတွက် ဇာတ်ကောင်စရိုက်နှင့် ထင်ဟပ်ထပ်တူကျနိုင်တဲ့ အရုပ်များအား ပြုလုပ်ကာ တင်ဆက်ဖန်တီးခြင်း ဖြစ်ပါသည်။ ဆက်တင်နောက်ခံတွေကို လက်ဖြင့်ပဲ တည်ဆောက်ကြရသည်။ ထို့နောက်မှာ အရုပ်ကလေးကို ထည့်သွင်း၍ တစ်ကွက်ခြင်း ရွှေ့ကာ ကင်မရာနည်းပညာ/အခြားစက်မှု နည်းပညာဖြင့် ပေါင်းစပ်ဖန်တီးခြင်း ဖြစ်သည်။ ယခုရုပ်ရှင်ကားသည် ထိုနည်းပညာဖြင့် ဖန်တီးရိုက်ကူးထားခြင်း ဖြစ်ပါသည်။

ပြောရလျှင် ပြန်ကြည့်နိုင်မည့်။ ပြန်လည်ရရှိနိုင်လာမည့် အရှုံးအမြတ် အောင်မြင်ကြော်ကြားမှုတို့အား မမျှော်ကိုးပဲ အနုပညာစစ်စစ်တစ်ခု ဖြစ်ထွန်းလာဖို့ အရေးသာ တင်ဆက်ထားသည့် ဇာတ်ကားတစ်ကားသာ ဖြစ်ပါသည်။ ထိုသို့ ငွေကြေးအရ အောင်မြင်မှု မရှိခဲ့သော်လည်း အော်စကာ ဆန်ကာတင်စာရင်းမှာ အထူးပြုလုပ်ချက်အတွက် ဆန်ကာတင်ခြင်း ခံခဲ့ရသလို အခြားသော ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတံဆိပ်များ ရရှိခဲ့သည့် ဇာတ်ကားကောင်းတစ်ကား ဖြစ်သည်။

ခက်ခဲနက်နဲလှသော ဖန်တီးအားထုတ်မှုကို ခေတ္တမေ့ထားပြီး ဇာတ်အိမ်၏ တင်ဆက်မှုမှာပင် လူ့သဘာဝ၏ အထီးကျန်ဆန်မှုနှင့် မရေမရာဖြစ်မှု ချိုမြိန်လှပသော ချစ်ခြင်းမေတ္တာတရားများ၏ ဆန်းကြယ်မှုကို လွမ်းမောဖွယ် တွေ့ရှိရမှာကတော့ အသေအချာပင် ဖြစ်ပါသည်။ Anomalisa ၏ မှော်ဆန်သော ကမ္ဘာထဲကို ကျွန်တော်တို့အားလုံး သွားကြည့်လိုက်ကြရအောင်။

ပြန်ပြောင်းပြောပြနိုင်ဖို့ရာ နှုတ်ခမ်းတစ်စုံကို ငှားခွင့်ပြုပါ။ ယင်းသို့မဟုတ်လျှင် ကြားနေရမည့် နားအချို့အား ပိတ်ပင်ပေးဖို့ တောင်းဆိုလိုပါသည်။ တိတ်ဆိတ်သော ကမ်းပါးစွန်းနံရံမှာ ဖြစ်စေ ယီးလေးခိုလွှဲနေသည့် သက်တံ့တံတားကြီးပေါ်မှာ ဖြစ်စေ သူ့အား ပျံတက်နားခိုခွင့် ပေးပါလေ။ ထိုအခါမှသာ သူမကြားနိုင်သော ချစ်စကားလှလှလေးတွေအား အော်ဟစ်ပြောပြနိုင်မည် ဖြစ်ပါသည်။

အခု ဇာတ်လမ်းကလေးဟာ ဆိတ်ငြိမ်ညရဲ့ ကြယ်တစ်ပွင့်အကြောင်း။ ဒါမှမဟုတ် ပင်လယ်သောင်စပ်က နေရောင်ထိခတ်တိုင်း လက်လက်ထသွားရသည့် သဲပွင့်ကလေး အကြောင်းတို့ ဖြစ်နိုင်ပါသည်။ ထိုသို့ပင် ဖြစ်လိုလှပါသည်။ ဖျတ်ခနဲပွင့်ပြီး ကြွေကျသွားတဲ့ နှင်းပွင့်ကလေးပဲဖြစ်ဖြစ် ဒီရေပြန် မအုပ်ခင်မှာ လက်ခနဲ တောက်ပခွင့်ရတဲ့ သဲပွင့်ကလေးလိုသာ ပြီးပျက်စေလိုပါသည်။ အချစ်ဆိုသော အရာက ခက်ခဲနက်နဲ အံ့သြဘနန်းဖြစ်ဖွယ် ကိစ္စတစ်ခုပင် မဟုတ်ပါလား။

ထားလိုက်ပါတော့။ ထားခဲ့လိုက်ကြပါတော့။ စိတ်ရဲ့အော်ဟစ်သံများက တိတ်ဆိတ် ညကမ်းပါးရံမှာ ပျံတက်သွားခဲ့။

တစ်ဖြည်းဖြည်း အသက်တွေကြီးလာ။ ကိုယ့်ရဲ့နုနယ်ပျိုမျစ်မှုတွေ ကိုယ်တွေရခဲ့မယ် ရခဲ့တယ်ဆိုတဲ့ မနက်ဖြန်တွေကို ဒီလိုနဲ့ပဲ ရခဲ့မလိုလိုနဲ့ ကိုယ့်ဆီက မျှော်လင့်မှုတွေ လိုချင်တမ်းတစိတ်တွေကို အဲဒီမနက်ဖြန်တွေအတွက် ပေးခဲ့ရတာပဲ မဟုတ်ပါလား။ ပြန်ငဲ့ကြည့်တိုင်း စိတ်ကြည်နူးဖွယ် ဖြစ်ရပ်တွေထက် လွမ်းဆွေးဖွယ် အတိတ်အပျက် အနာအဆာတွေနဲ့သာ အခါမလပ် ရစ်ပတ်နေခဲ့တာ မဟုတ်ပါလား။

လူတွေခေါင်းမော့ကြည့်ရတဲ့ နေရာတစ်ခု ရောက်ခဲ့ရပေမယ့် အချစ်ရဲ့ ရလဒ်ကတော့ မျှော်လင့်ခြင်း လှေကားအောက်ထစ်မှာ ပြန်တက်တိုင်း ပြုတ်ကျ ကျန်ရစ်နေခဲ့သည်။ ပြန်ကောက်တိုင်း ကြေကွဲဖွယ်ရာတွေသာ အပေါ်ကနေ ပစ်ချစိုက်ဝင်သွားခဲ့ရသည်။

2005 ရဲ့ မထူးခြားနားသော လူလုပ်ယာဉ်ပျံအပေါ်မှာ။ သမားရိုးကျဆန်သော လူတွေ ဖွဲဖွဲလျှောက်နေကြတဲ့ လမ်းမအလယ်ကနေ ခေတ္တနားခိုဖို့ရာအတွက် တည်းခိုဆောင်တစ်ခုကို သွားခဲ့သည်။ သူ့ဘဝအဓိပ္ပါယ်က ဘာအတွက် ခရီးနှင်နေရတာလဲကွယ်။ အခန်းကျဉ်းကလေးထဲကနေ ပြင်ပ ပြတင်းပေါက်ဆီလှမ်းကြည့်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက စိတ်ပျက်ဖွယ်ရာ။ ညစ်ညမ်းကားစခရင်ကို ကြည့်ပြီး အာသာဖြေနေတဲ့ ပုရိသတစ်ယောက်ကို မြင်ရပြန်သည်။ သူ့ရဲ့လူသားဆန်တဲ့ လိင်စိတ်တွေကတော့ အခုထိ မှန်ကန်စွာ တည့်မတ်စွာနဲ့ ပွင့်လင်းခွင့်ရှိရဲ့လား။ စိတ်ရဲ့ တစ်ရှိုက်မတ်မတ် တောင့်တမှုကို ပြင်ပခန္ဓာကိုယ်က တစ်ထပ်တည်းကျအောင် ကူးလူးပူးကပ် နှီးနှောခွင့်ကို ပေးနိုင်ခဲ့ရဲ့လား။

ဇနီးနဲ့သား သမီးတွေဆီ ဖုန်းဆက်သည်။ ပြီးနောက် ဖုန်းပြန်ချလိုက်၏။ ထိုအခါတွင် စိတ်ရဲ့တောင့်တမှုက ချစ်ရက်နဲ့ ကွဲကွာခဲ့ရတဲ့ အချစ်ဟောင်းကလေးကို လွမ်းလာမိပြန်၏။ ဖုန်းတွေဆက် ဆုံတွေ့မယ့်ရက်တွေ မေးမြန်းမိ။ သူမကရော အရင်တစ်ခါကလို မြတ်နိုးစိတ် ရှိသေးလို့လား။ ဘဝရဲ့ ထုဆစ်မှုအောက်မှာ နှလုံးသားတွေကရော ထုသားပေးသား ကျသွားပြီ ဆိုရင်ကော။

တကယ်ကို မျှော်လင့်မိခဲ့ပါသည်။ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ မျက်ဝန်းနက်လေး တစ်စုံအား လည်းကောင်း နူးညံ့ညင်သာလှတဲ့ အသံတိုးရှရှလေးအား လည်းကောင်း တစ်ဖန် ပြန်လည်ရရှိချင်သေးသည်။ ကြားချင်သေးသည်။ ထွေးပိုက်လိုက်ချင်သေးသည်။ နမ်းရှိုက်ပစ်လိုက်ချင်သေးသည်။

အခါမလပ် ခုန်နေရှာသော နှလုံးသားပေါ်မှာ မင့်ရဲ့ ဝင်သက်ထွက်သက် ကလေးတွေ ဘယ်သို့ဘယ်ပုံ ရှိနေမလဲ ဆိုတာကနေ ပျော့ပျောင်းသော ပန်းလက်ဖဝါး ကလေးတွေအထိ စူးနစ်စွာ မူးယစ်လွမ်းဆွတ်နေခဲ့တယ် ဆိုတာတွေအထိ ရင်ဖွင့်လိုက်ချင်ပါသည်။ သူမကလည်း ထပ်တူအသိအမှတ်ပြုခဲ့။ အချစ်ပျားရည်များဖြင့် အတိပြီးတဲ့ ပင်လယ်ပြာဆီ နှစ်ယောက်သား ခုန်ဆင်းလွန့်လူး။ အိုး ဘယ်လောက်အထိများ လှပလွန်းလှတဲ့ တွေ့ဆုံခန်းပါလဲ။

ရင့်ရော်မှုတွေ ပေးပြီးမှ အစိတ်အပိုင်း စဉ်းငယ်မျှသာ ပြန်ပေးလေ့ရှိတဲ့ ဟောဒီဘဝကြီးထဲမှာ တစ်နင့်တစ်ပိုး ပြန်ရတာဆိုလို့ အချစ်ဆိုတဲ့ အရာပဲ ရှိတာမဟုတ်လား။ အချစ်နဲ့ပဲ အသက်တွေကို ရပ်တန့်နိုင်သည်။ နာကျင်မှုတွေကို မေ့ပစ်နိုင်သည်။ မိုးဖွဲပြင်းရှ အေးမြမှုများကို လက်ဖြန့်ခင်းပြီး လက်ခံနိုင်သည်။ ထို့ကြောင့်ပင် ဘဝ၏ ဖြည်းညင်းစွာ ဖျောက်ပစ်တတ်သော သီအိုရီကို အချစ်တစ်ခုတည်းသာ ကြံ့ကြံ့ခံ ရင်ဆိုင်လို့ ရနိုင်သည်ဟု သူ ခံယူထားသည်။

သို့ပေမယ့်ကွယ်။ ဝေဒနာတွေသာ ပြိုကျသက်ဆင်းခဲ့ရ။ ပွင့်မလာမယ့် တံခါးတစ်ချပ်ကို လက်ဆစ်နာနာနဲ့ ခေါက်ခဲ့မိရ။ အခုတော့ ကြေကွဲခြင်း တိမ်မည်းညိုတွေအောက် တိတ်တိတ်ပုန်း ပြန်အိပ်ခဲ့ရပြီ။

ငယ်ချစ်ဦးသည် သူ့အပေါ်မှာ လေးနက်မှု မရှိတော့။ ငြင်းပယ်ခြင်းငှာ မစွမ်းသာသော မိတ်ဆွေရင်းချာ တစ်ယောက်အား တွေ့ဆုံခြင်း အဆင့်ထက် မပိုခဲ့။ သူမျှော်လင့်ထားသမျှ လွင့်ပျောက်ကျဆုံး ထီးသုဉ်းနန်းသုဉ်း ဘဝသုဉ်း။

အိပ်ခန်းကလေးဆီကိုပဲ ကိုယ့်တံခါးကို ညင်သာစွာ ဖွင့်လို့ ဖြစ်မသွားခဲ့သော အိပ်မက်တစ်ချို့အား သော့ပိတ်ထားလိုက်ရတော့သည်။ အထဲမှာ ဝိဥာဉ်တ်ဆန်သော ရယ်သံအသေတွေပါမည်။ မြူလိုထနေသော ဆံသားအလေအလွင့်တွေ မျောလွင့်နေတာပါမည်။ အပ်သွားကျိုးနေတဲ့ ဓါတ်စက်ကလေးတစ်လုံး ပါမည်။ ချောင်ပိတ်ရိုက်ခံထားရသော ခွေးဝဲစားတစ်ကောင်ရဲ့ ညည်းသံသဲ့သဲ့ကလေး ပါမည်။ တိမ်ဆိုင်းပြီး ရွာသွန်းခွင့် မရခဲ့လိုက်ရသော တိမ်ဆိုင်အကျိုးအပဲ့တွေ ပါမည်။ ရောက်မလာတော့မယ့် ဆောင်းဥတုတစ်ခုအား ထိုင်မျှော်နေတဲ့ နွေဦးဝင်စ နေ့ရက်တစ်ခုက နှင်းစက်ခဲလေးတစ်ခု ပါမည်။ ဒါထက်ပို၍ နေ့ရက်တစ်ခုအား တိုးတိတ်စွာ သဂြိုဟ်လိုက်ရတဲ့ ညနေမှောင်ရီ တစ်ခုလည်း ပါရှိနေခဲ့ပါသည်။

လမ်းမပေါ်ထွက်ခဲ့သည်။ လိင်စိတ်အစားထိုး ဖျော်ဖြေပေးတဲ့ အရုပ်တွေ ရောင်းချသည့် ဆိုင်ခန်းတစ်ခုကနေ သားအတွက် ဂျပန်အရုပ်မလေးကလေး ဝယ်လာခဲ့သည်။ ဒီအရုပ်က ဝယ်ပေးသင့်သလား မဝယ်ပေးသင့်သလား သူမသိတော့။

အခန်းကလေးထဲ ပြန်ရောက်လို့ ကိုယ်လက်ခန္ဓာ သန့်စင်နေချိန်မှာ မိန်းမအသံတစ်ခုကို ကြားလိုက်ရသည်။ သူ သတိလက်လွတ်နဲ့ အခန်းထဲက ကသုတ်ကယက်ထွက်။

တစ်ခန်းပြီး တစ်ခန်း လိုက်ရှာခဲ့။ ရှာဖွေခဲ့။

ထိုအခါမှာပဲ ချစ်သော လီဆာ။ ပန်းနုရောင် ဝတ်မှုံတွေ အုံ့ဆိုင်းနေတဲ့ ဝတ်ရုံအစတစ်ခုနဲ့ တူတဲ့ မိန်းခလေးလေး လီဆာ။

သိပ်လှလွန်းပြီး သီချင်းဆိုသိပ်ကောင်းတဲ့ လီဆာ သူ့အတွက် ကမ္ဘာတစ်ခု ထပ်မံ မွေးဖွားလာကြောင်း အားလုံးက နှစ်သက်လက်ခံပေးကြရတော့မယ့် ထင်ပါရဲ့။

ညီလင်းအိမ်