News

POST TYPE

RELAX

နေမင်းနဲ့ တွေ့ဆုံခြင်း
24-Sep-2016

မကြာမီခင် တင်တော့မယ် မအေးပွင့်၊ မြင့်မြင့်စန်း လမ်း ၃ဝ ဇာတ်ကား လက်ခံဖြစ်ပုံ၊ ဓားဘခက် ဇာတ်ဆောင်အတွက် ပြင်ဆင်ခဲ့ပုံ၊ ယခုနှစ်အတွင်း ဇာတ်ကား ရိုက်ကူးမှု များလာတဲ့အကြောင်း စတဲ့ အနုပညာ လှုပ်ရှားမှုတွေကို The Voice က သရုပ်ဆောင် နေမင်းနဲ့ တွေ့ဆုံမေးမြန်း ထားပါတယ်။

Voice : ဒီဇာတ်ကားက တစ်ခေတ် တစ်ခါက အောင်မြင်ခဲ့တဲ့ ကားဆိုတော့ ဘယ်လို အချက်တွေကြောင့် လက်ခံဖြစ်တာလဲ။
NM : အဓိက ဦးသီဟကြောင့် သူ ဒီကားကို ရိုက်မယ်ဆိုတော့ လက်ခံလိုက်တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဂျက်မတုန်းက ကျွန်တော် မကြိုက်ဘူး၊ ဒါပေမဲ့ ဦးသီဟကြောင့် ရိုက်တယ်။ နောက်တစ်ခုက အစ်ကိုကြီး လက်ခံထားလို့ ရိုက်တယ်။ ဒါပေမဲ့ ဂျက်မက ကျွန်တော့်အတွက် အများကြီး လူပိုသိသလို ကျွန်တော့်အတွက် မှတ်တိုင် တစ်ခု ဖြစ်ခဲ့တယ်။

Voice : ဓားဘခက် ဇာတ်ဆောင်အတွက် ဘယ်လိုမျိုးတွေ ပြင်ဆင်ခဲ့လဲ။
NM : ကျွန်တော် တစ်ခုပဲ အသံကို ပုံမှန်ထက်လေးတယ်။ နောက်တစ်ခုက လူကို ငြိမ်အောင် ထားပြီး မျက်လုံးကို တတ်နိုင်သမျှ ကစားတယ်။ ဘာကြောင့်လဲ ဆိုတော့ ဓားသမား တစ်ယောက်ရဲ့ စိတ်က Sensitive အရမ်းဖြစ်တဲ့ သဘောမှာ ရှိတယ်။ အချိန်ပြည့် လှုပ်ရှားဖို့ တွေးနေတဲ့ လူတစ်ယောက်ဆိုတော့ အဲဒါတစ်ခုကို တော်တော်လေး သတိထားပြီး အိုက်တင် လုပ်ဖြစ်တယ်။ နောက်တစ်ခုက စိုးရိမ်စိတ်က မပီပြင်မှာလည်း ကြောက်တယ်။ အဲဒါကြီးက သိပ်ပြီး သတိထား လုပ်ရင်လည်း ပုံမှန်ထက် ကျော်သွားရင် အလွန်အကျွံကြီး ဖြစ်သွားမှာဆိုတော့ တော်တော်လေးကို စိတ်ဖိစီးမှုတွေ များခဲ့တယ်။

Voice : အရင် သရုပ်ဆောင်ခဲ့တဲ့ ဦးနေအောင်ရဲ့ ဇာတ်ရုပ် မပီပြင်မှာကို စိုးရိမ်မှု ရှိခဲ့လား။
NM : အဲဒီလိုတော့ ကျွန်တော် မစိုးရိမ်ဘူး။ ဘာကြောင့် မစိုးရိမ်လဲဆိုတော့ ဂျက်မတုန်းကလည်း ထိုနည်းလည်းကောင်း ကျွန်တော့်ကို မေးကြတယ်။ အရင်တုန်းကတည်းက ကျွန်တော် မယှဉ်တတ်ဘူး။ ကျွန်တော်နဲ့ တခြား တစ်ယောက်နဲ့ ယှဉ်ပြောရင် မကြိုက်ဘူး။ ဘာကြောင့်လဲ ဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးချင်း မတူကြဘူး။ အနုပညာ ဆိုတာ စက်ရုံထုတ်ကုန် မဟုတ်ကြဘူး။ ထပ်တူပြုလို့လည်း မရဘူး။ အောင်မြင်ခြင်း မအောင်မြင်ခြင်းဆိုတဲ့ အတိုင်းအတာကျတော့ အနုပညာရဲ့ တည်ဆောက်မှုနဲ့ မဆိုင်ပြန်ဘူး။ ပရိသတ်ရဲ့ စိတ်ခံစားမှု၊ အားပေးမှု အပေါ်မှာ အောင်မြင်ခြင်း မအောင်မြင်ခြင်း သတ်မှတ်ကြတယ်။ Ice Cube (ရက်ပါ တေးသံရှင်) သူ အင်တာဗျူး ဖြေတဲ့တစ်ခုမှာ ပြောဖူးတယ်။ ဟိုအရင် ငယ်စဉ်တုန်းက ဆိုခဲ့တဲ့ သီချင်းတွေ အခု ပြန်နားထောင်တော့ ဘယ်လိုနေလဲဆိုတော့ ငယ်ငယ်တုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံလေး တစ်ပုံ ပြန်ကြည့်ရသလိုပါပဲ။ အဲဒီအချိန်တုန်းက ချစ်စရာ ကောင်းပါလား၊ သူရဲ့ နုပျိုမှုရဲ့ ရှိခဲ့တဲ့ သက်တမ်း တစ်ခုရှိတယ်။ ထိုနည်းလည်းကောင်းပဲ အဲဒီတုန်းက အန်ကယ် လုပ်ခဲ့တာရှိမှာပေါ့။ အခုလည်း ကျွန်တော် လုပ်တတ်သလောက်လေး လုပ်ထားတာပေါ့။ တစ်ခုတော့ ရှိတယ် အန်ကယ်က ကျွန်တော့်ထက် ရုပ်ပိုချောတယ်။ နောက်တစ်ခုက ဒီလို ကမြင်းကြော ထပြီး ဆတ်တောက်ဆတ်တောက် တောက်လျှောက် သွားတာတော့ ကျွန်တော်က မျောက်နဲ့ပိုတူမယ် ထင်တယ်။ ကျွန်တော် တတ်နိုင်သလောက် အကောင်းဆုံး ကြိုးစားရိုက်ကူး ထားပါတယ်။

Voice : ဒီကားထဲက မအေးပွင့်ရဲ့ မှဲ့တွေကို ပရိသတ် စိတ်ဝင်စားနေတာ ဆိုတော့ မှဲ့အားလုံးကို ရှာတွေ့ခဲ့လား။
NM : ကျွန်တော် သေချာ မတွေ့ဘူး (ရယ်လျက်) ဒါရိုက်တာကြီးတော့ သေချာ တွေ့တယ်။ ဒုတိယ မှဲ့လည်း ကျွန်တော် မတွေ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါရိုက်တာကြီး သူတို့ဘာသာ သွားရိုက်ကြတာ၊ အဲဒီအခန်း ရိုက်တာ ကျွန်တော် မပါဘူး။

Voice : ဒီကားက ပရိသတ်ကို ဘယ်လို ရသမျိုး ပေးတယ်လို့ မြင်မိလဲ။
NM : ဖျော်ဖြေမှု ပေးနိုင်တဲ့ကားလို့ ပြောလို့ရတယ်။ ဒီကားက ကျွန်တော် ကိုယ်တိုင်လည်း ကြောက်တဲ့ ကားတစ်ကား။ အခုကြည့်ပြီးတော့မှ နည်းနည်း စိတ်သက်သာရသွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရုပ်ရှင်လောကမှာ လမ်းသစ် တစ်ခုလို့ မြင်ရတယ်။ အရင်တုန်းက ဟာသတွေ သွားတယ်။ အဲဒီဟာတွေကို ကျွန်တော် ကိုယ်တိုင် မကြိုက်တော့ ကားမရိုက်ခဲ့ရဘူး။ အုတ်ကြား မြက်ပေါက် စရိုက်ချိန်ကလည်း ကျွန်တော့်မှာ အပြောအဆိုတွေ ခံရတယ်။ ပြဿနာတွေတက် အခုရုံတင်တော့ ကျွန်တော့် စေတနာကို သူတို့ နားလည်တယ်။

Voice : ဒီကားအပေါ် ကိုယ်တိုင်ကြည့်ပြီးပြီဆိုတော့ ကျေနပ် အားရမှု ရှိရဲ့လား။
NM : ကျွန်တော်တို့နိုင်တဲ့ အားလေးနဲ့ တတ်နိုင်သမျှ အကောင်းဆုံး စိုက်ထုတ်ထားတယ်။ နောက်တစ်ခုက ကျွန်တော် မလာကြည့်ခင် စိုးရိမ်တာက ဘာလဲဆိုတော့ အက်ရှင်ကား တစ်ကားကို ရုံပေါ်မှာကြည့်ရင် ဆွဲဆောင်မှု ရှိမလား၊ ဘယ်လို သွားမလဲ ပြီးသွားတဲ့ အချိန်မှာ ဒီဟာကို ပရိသတ် ကျေနပ်မှုရလား။ တကယ် အနုပညာအား၊ ငွေကြေးအား အကုန်စိုက် ထားတာဆိုတော့ ဒီကား ပရိသတ် အားပေးရင် ကျွန်တော်တို့ မချောလေးယောက် ဘာညာပေါ့ ဇာတ်ကားတွေ ဆက်သွားကြမယ်။ ဒီကား အဆင်မပြေရင် ဦးသီဟလည်း ဂျပန်ပြန်ပြီပေါ့။

Voice : ကိုယ်တိုင်က ဒရမ်မာ ပိုပိုင်တာကို အခုနောက်ပိုင်း အက်ရှင်ကားတွေ ရိုက်ကူးမှု များလာတာ ဘာကြောင့်လဲ။
NM : ကျွန်တော် သိတာတော့ ကျွန်တော့် ကားလေးကို တစ်ကားနဲ့ တစ်ကား ပရိသတ်ကို မတူစေချင်ဘူး။ သူတို့ကြည့်ရင် ရုပ်ရှင်ကို သက်သက် စိတ်ထဲမှာ သတ်မှတ်ပြီး လာကြည့်တာမျိုး ခံစားစေချင်တယ်။ အရှေ့မှာဆို မင်္ဂလာလှည်း ဟာသ၊ အုတ်ကြား မြက်ပေါက်၊ လူးရတနာသိုက်၊ အခု ဒီကားပေါ့။ ကျွန်တော် ရိုက်ဖြစ်ခဲ့တဲ့ ကားလေးတွေကို ပရိသတ်က ကျေကျေနပ်နပ်နဲ့ အားပေးကြတယ်၊ လက်ခံကြတယ် ဆိုတာကို လိုချင်တယ်။ အဲဒီလို မတူတဲ့ဟာမျိုးတွေကို အကောင်းဆုံး ဖြစ်အောင် ကြိုးစား ကြည့်ချင်တယ်။

Voice : မကြာခင် ရိုက်ကူးမယ့် အရှုပ် ဇာတ်ကားမှာ ဘယ်လို ဇာတ်ရုပ်မျိုးနဲ့ သရုပ်ဆောင်မှာလဲ။
NM : ကျွန်တော့် ဇာတ်ကောင်က လူမောင်ဆိုတဲ့ ကာလသား ခေါင်းဆောင်ပေါ့။ သူကြိုက်တဲ့ ကောင်မလေးက အေးမြပေါ့။ ဒါပေမဲ့ အိချောပို ကိုယ်ဝန်ရတဲ့ အချိန်မှာ ဒီအမှုကို အရင် ဖြေရှင်းပြီးမှ အေးမြက အဖြေပေးမယ် ဆိုတော့ ဒီအမှုကို သူကလိုက် ရှင်းရတယ်။ အိချောပိုကိုလည်း ကျွန်တော်က အမြဲ ကူညီတော့ ဒီကိုယ်ဝန်က ကျွန်တော်နဲ့ ရတာလားဆိုတော့ အဲဒီဟာကို လိုက်ရှင်းရတာပေါ့။

Voice : အရှုပ်ဇာတ်ကားမှာ သရုပ်ဆောင်တွေက များတော့ ကိုယ်က ဇာတ်ကို ဘယ်လောက်ထိ ပံ့ပိုးပေးနိုင်မယ်လို့ ထင်မိလဲ။ 
NM : ကျွန်တော် အဲဒီလို မတွေးတတ်ဘူး။ လူးရတနာသိုက်ဆိုရင် ကျွန်တော် ဦးဇော်ကို ကူညီချင်လို့ ဝင်ရိုက်တာ။ အားလုံး ကျွန်တော်ပါတာ ကိုးခန်းပဲ ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘာလုပ်ပေးနိုင်လဲ ဆိုပြီး ဝတ်စုံတွေကအစ သေချာလေး ရိုက်ဖြစ်တယ်။ အဲဒီမှာ ကျွန်တော့် ဇာတ်ကောင်ပဲ ကျွန်တော် တွေးလိုက်တယ်။ အခု အုတ်ကြားမြက်ပေါက်ဆိုရင် ပြောကြတယ်၊ ကိုယ့်ကုမ္ပဏီက ရိုက်ပြီး ကျွန်တော့်အခန်း နည်းတယ်ဆိုပြီး ပြောကြတယ်။ အဓိက ကျွန်တော့်စရိုက်ထဲက ဇာတ်ကောင်ပဲ ကြည့်တယ်။ ကျွန်တော့်ကို ခေါ်ရိုက်တဲ့ ကားတွေမှာဆိုရင် အဲဒီလိုပဲ တွေးတယ်။ မင်းသားပြိုင်တာတွေ၊ မပြိုင်တာတွေ ကျွန်တော် မသိဘူး။ ကျွန်တော့်ကို ဒီနေရာပါဆိုရင် ပါလိုက်တယ်။ ကျွန်တော်နဲ့ ဇာတ်ကောင်နဲ့ ပတ်သက်တာတွေကို နားလည်သလောက် မေးတယ်။ လုပ်နိုင်သလောက်လေး လုပ်တယ် အဲဒီသဘောပဲ။

Voice : မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးရေး ဖိုရမ်ကနေ ရုပ်ရှင်နဲ့ ပတ်သက်လို့ စာချုပ် ချုပ်ရမယ့် စည်းမျဉ်းစည်းကမ်းတွေ ထွက်ခဲ့တာဆိုတော့ အဲဒီအပေါ် ဘယ်လိုမြင်မိလဲ။
NM : အရင်တုန်းထဲက ကျွန်တော် ကြိုးစားခဲ့ဖူးတယ်။ ကျွန်တော့်ဆီမှာ ဘာသာပြန်ထားတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ကြိုးစားရင်း တဖြည်းဖြည်း နောက်ဘာဖြစ်လဲဆိုတော့ အရမ်းကြီး အစွန်းတွေ ထွက်ပြီးတော့ ကျွန်တော် လူဆိုးကြီး ဖြစ်ခဲ့ဖူးတယ်။ အဲဒီနောက်ပိုင်း ကျွန်တော် မေ့လိုက်ပြီးတော့ ခိုင်းတာလေးပဲ လုပ်မယ် ဆုံးဖြတ်ပြီး နေလိုက်တယ်။ အဲဒီလို နေလိုက်တဲ့အတွက် ဘာဖြစ်လဲဆိုတော့ သူတို့ တိုင်ပင်လိုက်တာ ဘာမှ မသိလိုက်ဘူး။ ကျွန်တော့်ကို မဖိတ်လိုက်ဘူးဗျာ။

Voice : နောက်ပိုင်း စာချုပ်နဲ့လုပ်ကိုင် ရမယ့်စည်းမျဉ်းတွေ ထွက်လာတော့မှာဆိုတော့ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ဘယ်လောက်ထိ ပြောင်းလဲသွားမယ်လို့ မြင်မိလဲ။
NM : လူမပြင်ဘဲနဲ့ မူပြင်လည်း အလကားပဲဗျ။ လူပြင်လို့ လူက ကိုယ့်ကိုယ်ကိုယ် မြင်သွားပြီးရင်တော့ မူကို သုံးတတ် လာလိမ့်မယ်။ အဓိကတော့ အဲဒါပါပဲ။ ဥပမာ ထားပါတော့ အစိုးရ အပြောင်းအလဲ ဖြစ်ကြတယ်။ ဒေါ်စု တက်လာချိန်မှာ ဘာလုပ်ပေးမလဲ ဘာလုပ်ပေးမလဲဟာမျိုး တကယ်တော့ မဆိုင်ဘူးလေ။ Leader လုပ်တဲ့သူက Leader လုပ်တဲ့နေရာမှာ လမ်းစဉ်ပဲ ချပေးမယ်။ လုပ်ရမှာက ကိုယ်လုပ်ရမယ်။ ကိုယ်တိုင် တစ်ယောက်ချင်းစီမှာရှိတဲ့ ကြိုးစား အားထုတ်မှု အပေါ်မှာ မူတည်တယ်။ အဲဒီလိုပဲ မင်းသားဆိုရင် မင်းသား၊ စက်အဖွဲ့ဆိုရင် စက်အဖွဲ့၊ ကင်မရာမင်းဆိုရင် ကင်မရာမင်း သူတို့ရဲ့ တစ်ယောက်ချင်းစီမှာရှိတဲ့ ရာထူး၊ သူတို့ယူထားတဲ့ တာဝန် အဲဒီဟာနဲ့ ပတ်သက်တဲ့ အရည်အချင်း တစ်ယောက်ချင်းစီ ပြည့်စုံလားဆိုတာ အရင်ဆန်းစစ်သင့်တယ်လို့ ကျွန်တော် ထင်တယ်။ ဘာဖြစ်လဲဆိုတော့ သူတို့ ယူထားတဲ့ ရာထူးနဲ့ သူတို့ထဲက အရည်အချင်းနဲ့ ပြည့်စုံပြီ ဆိုရင်တော့ ကျန်တဲ့ဟာ ဆက်စဉ်းစားသင့်တယ်လို့ ထင်တယ်။ ကိုယ်တိုင်မြင်အောင် မကြည့်ကြဘဲနဲ့တော့ ဘေးလူချည်း လိုက်ကြည့်ပြီးတော့ ပြောနေရုံနဲ့တော့ ဘယ်သူမှ သူတို့ လိပ်ပြာကို လုံကြမှာ မဟုတ်ဘူး။

Voice : အကယ်ဒမီက နီးလာပြီဆိုတော့ အကယ်ဒမီ ရင်ခုန်သံ ဘယ်လိုရှိပါသလဲ။
NM : ဘယ်လို ပြောရမလဲပေါ့။ ရရင်လည်း ကောင်းတာပေါ့ဗျာ။ အခုနောက်ပိုင်း ကျွန်တော့်စိတ်ကို ဘယ်လို ဆုံးဖြတ်ချက် ချထားလဲဆိုတော့ ကျွန်တော်ခိုင်းတဲ့ ဇာတ်ကောင်အပေါ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ ဆုံးဖြတ်ချက် ချထားတယ်။

ဆုအိနြေ္ဒဦး

  • VIA