News

POST TYPE

RELAX

ကျောက်စိမ်းအခင်းဝိုင်း ညဈေးရောင်းချခွင့်ရရန် စီစဉ်
15-May-2018

မန္တလေး၊ မေ ၁၅

မန္တလေးမြို့တော်ရှိ မဟာအောင်မြေကျောက်ဝိုင်း အရှေ့ဘက်ရှိကျောက် စိမ်းအခင်းဝိုင်းကို ညဈေးဖွင့်လှစ်ခွင့်ရရှိရေးအတွက် မြို့တော်စည်ပင်သာယာရေး ကော်မတီထံ တင်ပြမည်ဖြစ်ကြောင်း မဟာအောင်မြေကျောက်ဝိုင်း အကျိုးတော်ဆောင်ကော်မတီ အတွင်းရေးမှူး ဦးမျိုးမြင့်နိုင်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ရပါက အမြန်ဆုံး အကောင်အထည်ဖော်ရန် ပြင်ဆင်ထားသည်ဟု ၎င်းကပြောဆိုသည်။

“မြို့တော်ဝန်ကြီး ကျောက်ဝိုင်းကို ရောက်လာတုန်းကတော့ခင်းဝိုင်းမှာ ညဈေးဖွင့်ဖို့နှုတ်နဲ့တင်ပြထားတယ်။ ညဈေးအတွက်လည်း ဆွေးနွေးခဲ့တယ်။ အကျိုးဆောင် ကော်မတီကတော့ ကျောက်ဝိုင်းအကျိုးအတွက် အကောင်းဆုံးဖြစ်အောင် လုပ်နေပါတယ်”ဟု ရှင်းပြသည်။

ကျောက်စိမ်းအခင်းဝိုင်းကို ညဈေး ဖွင့်ခွင့်ရပါက ညဈေးနှင့် ပတ်သက်သော လျှပ်စစ်မီး၊ လုံခြုံရေး ကင်မရာများနှင့် အခြားသော လုပ်ငန်းကိစ္စများကို ကျောက်ဝိုင်းဘတ်ဂျက်မှ ကျခံသုံးစွဲသွားရန် လျာထားကြောင်း၊ လုံခြုံရေးကိစ္စများကို ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း ကျောက်ဝိုင်း အကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

အဆင့်မြှင့်တင်ထားသော ကျောက်စိမ်းအခင်းဝိုင်း အဆောင်လေးခုတွင် အခင်းဝိုင်းနေရာအတွက် ၆၂၆ ခန်းရှိပြီး အလယ်ဆောင် နှစ်ဆောင်ကို ညဈေးအဖြစ် စမ်းသပ်ဖော်ဆောင်ရန် ယင်းကော်မတီက စီစဉ်ထားသည်။

ညဈေးအခင်းဝိုင်းပြုလုပ်ရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ အခင်းဝိုင်းရောင်းချသူများနှင့် တစ်နိုင်တစ်ပိုင် ကျောက်စိမ်း အရောင်းအဝယ် လုပ်ကိုင်သူများအတွက် အခွင့်အရေးတစ်ခု ဖြစ်လာနိုင်ကြောင်း ဒေါ်လာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးကျော်ကျော်ဦးက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျပ်သိန်း ၁၃၀၀ အကုန်အကျခံ၍ ကျောက်ဝိုင်း အရှေ့ဘက်ခြမ်းရှိ ကျောက်စိမ်းအခင်းဝိုင်းကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် အဆင့်မြှင့်တင်ပေးခဲ့ပြီး မတ်လ ၈ ရက်နေ့ကစ၍ ခင်းဝိုင်းဈေးသည်များကို ရောင်းချခွင့်ပြုခဲ့သည်။

M-08