News

POST TYPE

RELAX

စပိန်တွင် ကတ်တလန် နိုင်ငံရေးသမား ၁၃ ဦးကို သူပုန်ထမှုဖြင့် တရားစွဲ
25-Mar-2018
မက်ဒရစ် မတ် ၂၄

စပိန်နိုင်ငံ အထက်တရားရုံးက ကတ်တလန်ခွဲထွက်ရေး နိုင်ငံရေးသမား ၂၅ ဦးကို သူပုန်ထမှု၊ ငွေကြေးအလွဲသုံးစားမှု၊ နိုင်ငံတော်ကိုအာခံမှုတို့ဖြင့် တရားစွဲဆိုမည်ဖြစ်ပြီး ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံရနိုင်သည့် စွဲချက်များဖြစ်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အထက်ခုံရုံး တရားသူကြီး ပါဘလိုလာရီနာက အဆိုပါ ခွဲထွက်ရေးသမားများသည် စပိန်နိုင်ငံမှခွဲထွက်ရန် ပြီးခဲ့သော ခြောက်နှစ်လုံးလုံး မဆုတ်မနစ် လုံးပမ်းခဲ့ကြသည်ဟု ရှင်းလင်းပြောကြားသည်။

၎င်းတို့ ၂၅ ဦးအနက် ၁၃ ဦးမှာ သူပုန်ထမှုဖြင့် စွဲချက်တင်ခံရမည်ဖြစ်သည်။ ၎င်းတို့အနက်မှ ငါးဦးကို အာမခံမပေးဘဲ ချုပ်နှောင်ထားရန် တရားသူကြီးလာရီနာက အမိန့်ထုတ်ထားသည်။

အာမခံမရသူများအနက် ကြာသပတေးနေ့က ကတ်တလန်ဒေသန္တရအစိုးရ အကြီးအကဲဖြစ်လာရန် ကြိုးစားသော်လည်း မအောင်မြင်သူ ဂျော်ဒီတူရူးလ်လည်း ပါဝင်သည်။ ၎င်းသည် စနေနေ့တွင် မဲအများစုဖြင့် ခေါင်းဆောင်ဖြစ်နိုင်ခြေရှိသော်လည်း အချုပ်ထဲတွင် ထိန်းသိမ်းခံနေရသောကြောင့် မဲခွဲရွေးချယ်မှု ပြုလုပ်နိုင်မလား ဆိုသည်ကို မသိရသေးပေ။

အာမခံမရသော အခြားနိုင်ငံရေးသမားများမှာ ပါလီမန်ဥက္ကဋ္ဌဟောင်း ကာမီဖော်ကာဒဲလ်နှင့် ယခင်ဒေသန္တရအစိုးရ အဖွဲ့ဝင်ဟောင်းသုံးဦးတို့ဖြစ်သည်။

တရားရုံး၏ ချုပ်နှောင်မှုအမိန့်ကြောင့် အချုပ်ကျနေသူ ခွဲထွက်ရေး နိုင်ငံရေးသမား ကိုးဦးအထိ ရှိလာမည်ဖြစ်သည်။ ကတ်တလန် အစိုးရ ဒုတိယခေါင်းဆောင်ဟောင်း အိုရီယိုဂျန်ကွာရပ်စ်၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဂျိုးကွင်းဖောင်းနှင့် အခြားထင်ရှားသော ခွဲထွက်ရေးလှုပ်ရှားသူနှစ်ဦးတို့မှာ အောက်တိုဘာလက ခွဲထွက်ရေး ဆန္ဒခံယူပွဲပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။ 

သောကြာနေ့က တရားရုံးအမိန့်သည် ခွဲထွက်ရေးလှုပ်ရှားမှု ခေါင်းဆောင်ပိုင်းကို အထိနာစေခဲ့သော်လည်း ထိုသို့ ဖမ်းဆီးမှုများက ခွဲထွက်ရေးလှုပ်ရှားမှု ထောက်ခံအားပေးသူများကို လှုံ့ဆော်ပေးရာ ရောက်နိုင်သည်ဟုဆိုသည်။

တရားရုံးအမိန့်ကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့သည် သောကြာနေ့ညပိုင်းက ဘာစီလိုနာ၊ ဗစ်နှင့် တာရာဂိုနာမြို့များတွင် လမ်းများပေါ် သို့ထွက်ကာ ဆန္ဒပြခဲ့ကြသည်။

ဘာစီလိုနာတွင် ရဲများနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ တရားရုံး အာမခံမရသော၊ ခွဲထွက်ရေးလိုလားသော လက်ဝဲယိမ်း ERC ပါတီမှ အတွင်းရေးမှူး မာတာရိုဗီရာကမူ အဖမ်းမခံဘဲ ထွက်ပြေးကာ ဆွစ်ဇာလန်သို့ တိမ်းရှောင်သွားခဲ့သည်။

တရားသူကြီး လာရီနာသည် ပြည်ပသို့ တိမ်းရှောင်နေသော ကတ်တလန် နိုင်ငံရေးသမားများအတွက် ဥရောပနှင့် နိုင်ငံတကာ ဖမ်းဝရမ်းအသစ်စာရင်းကို သောကြာနေ့က ထုတ်ပြန်ခဲ့ရာ မာတာရိုဗီရာနှင့် ပူဒီမောင့်တို့၏ အမည်များပါဝင်သည်။ 

F-03


  • VIA