News

POST TYPE

RELAX

ခိုုငသှငှးကှညနှဲ့ တှေ့ဆုံခှငှး
14-Sep-2016
နာမည်ကျော် သရုပ်ဆောင် ခိုင်သင်းကြည်နဲ့ တွေ့ဆုံပြီး မကြာမီ ရုံတင် ပြသတော့မယ့် ကွမ်းလုံရက် ၄ဝ ရုပ်ရှင် ဇာတ်ကားမှာ သရုပ်ဆောင်ရတဲ့ ဇာတ်ကောင်စရိုက်အကြောင်း၊ ရိုက်ကွင်း အတွေ့အကြုံများနဲ့ အမှတ်တရများအကြောင်းကို The Voice က မေးမြန်းဖော်ပြ ထားပါတယ်။ 

Voice : ကွမ်းလုံရက် ၄ဝ ရုပ်ရှင်က စစ်ကား ဖြစ်နေတော့ ကိုယ့်အတွက် ထူးထူးခြားခြား လုပ်ပြစရာတော့ မပါဝင်ဘူး ထင်တယ်နော်။
KTK : ဒီကားက စစ်ကား ဖြစ်နေတဲ့အတွက် မခိုင်တို့ ပါဝင်ရတဲ့ အခန်းကဏ္ဍက အရမ်း နည်းပါတယ်။ ပါရတဲ့ အခန်းက နည်းရတဲ့ကြားထဲမှာ ရုပ်ရှင် ဖြစ်သွားတဲ့အတွက် ဖြတ်ခဲ့ရတဲ့ အခန်းတွေလည်း ရှိတယ်။ ဇာတ်လမ်းတွဲ အနေနဲ့ ရုပ်သံမှာ ပြတုန်းကတော့ အစအဆုံးပြလို့ ရတယ်လေ။ ရုပ်ရှင်မှာကျတော့ ဖြုတ်ခဲ့ရတဲ့ အခန်းတွေလည်း ရှိတဲ့အတွက် ပရိသတ်ရဲ့ ရင်ကို ဆွဲဆောင် နိုင်လောက်တဲ့ ဇာတ်ဝင်ခန်းတွေတော့ မပါပါဘူး။ အမှန်အတိုင်း ပြောရရင် စရိုက်ကတည်းကလည်း ရန်ကုန်မှာ ရိုက်တဲ့ အခန်းတွေမှာပဲ မခိုင်က ပါချင်တာ။ ကွမ်းလုံအထိ သွားရိုက်ရမှာဆိုတော့ မခိုင်ရဲ့ တခြား အလုပ်တွေ၊ ရိုက်ရက် ကိစ္စတွေ၊ နယ်အထိ သွားရိုက်ရမှာတွေ ရှိတော့ အမှန်အတိုင်း ပြောရရင် မရိုက်ချင်ဘူးပေါ့နော်။ ဒါပေမဲ့ မခိုင်ရဲ့ အဖေက ကွမ်းလုံက သူသွားခဲ့တဲ့ နေရာလေးတွေကို သွားချင်တယ်လို့ ပြောတဲ့အတွက် အဖေ့ကို ပို့ချင်တာနဲ့ ကွမ်းလုံအထိ လိုက်ပြီး ရိုက်ခဲ့ရတာပါ။ ပါရတဲ့ အခန်းကတော့ နည်းနည်းလေးပဲ။ ဒါပေမဲ့ ရက်အများကြီး ပေးပြီးတော့ ကွမ်းလုံအထိ ကိုလိုက်ပြီး မခိုင်တို့ ရိုက်ခဲ့ပါတယ်။ 

Voice : ဒါဆို မခိုင်ရဲ့ အဖေ ကိုယ်တိုင်က ကွမ်းလုံ ရက် ၄ဝ တိုက်ပွဲမှာ ပါဝင်ခဲ့တာပေါ့။ 
KTK : ကွမ်းလုံမှာ မခိုင်တို့ ဇာတ်ကား ရိုက်နေတုန်းကဆို အဖေက သူတို့ တိုက်ပွဲတုန်းက တိုက်ခဲ့ရတဲ့ တောင်တန်းကြီးတွေကို သွားကြည့်တယ်။ အဲ့ဒီ တိုက်ပွဲတုန်းက အိမ်တွေဆို အခုချိန်အထိ ကျည်ဆန်ပေါက်တွေ ရှိနေတုန်းပဲ။ အဲ့ဒီဟာတွေကို သူ သွားကြည့်တယ်။ ကွမ်းလုံတိုက်ပွဲ အလွမ်းပြေပေါ့နော်။ မခိုင်နဲ့အတူ လိုက်လာရင်းနဲ့ သူ သွားကြည့်တယ်။ ဒီကားကို ရိုက်ခဲ့ရတာ မခိုင်အတွက်ထက် ဖေဖေ့အတွက်ကို ပိုပြီးတော့ ဂုဏ်ယူ ကျေနပ်မိပါ တယ်။ ဒီနေ့ အထူးပွဲကို လာကြည့်တာကလည်း ဖေဖေ့အတွက် ဂုဏ်ယူ ကျေနပ်ပြီးတော့ လာကြည့်တာပါ။

Voice : ဒီဇာတ်ကားမှာ မခိုင် သရုပ်ဆောင်ရတဲ့ ကာရိုက်တာကရော ဘယ်လို ပုံစံမျိုးလဲ။
KTK : ဇာတ်ကားထဲက ကာရိုက်တာကတော့ သိပ်ပြီးတော့ အထူးတလည် မရှိပါဘူး။ ကိုယ့်ယောက်ျားက ရှေ့တန်းကို ထွက်သွားပြီးနောက်မှာ သေသလား၊ ရှင်သလား အတည် မပြုနိုင်ဘူး ဖြစ်နေတယ်။ အဲ့ဒီအခါကျတော့ ကိုယ်က စိတ်တွေ ကယောင်ချောက်ချားတွေ ဖြစ်နေတာပေါ့လေ။ ယဉ်ယဉ်လေးနဲ့ လွတ်တွတ်တွတ်လေး ဖြစ်နေတာပေါ့။ ယောက်ျားကို သေပြီလို့ ထင်လိုက်၊ မသေသေးပါဘူး ဆိုပြီး စကားတွေ ပြောလိုက်ပေါ့။ နောက်ဆုံးကျမှပဲ ကိုယ့်မောင်လေးက တိုက်ပွဲမှာ ဒဏ်ရာ ရပြီး ပြန်လာတော့ ယောင် လိုက်တော့မှ ကိုယ့်ယောက်ျား သေသွားတာကို သိလိုက်ရတာပေါ့။

Voice : ဒီကားက စစ်ကားဆိုပေမယ့် တပ်မတော်သား မိသားစုတွေရဲ့ ဘဝလေးတွေကိုလည်း ကြားညှပ် ပြသွားတယ်နော်။ ဒီကားက ပရိသတ်တွေအတွက် ဘယ်လို ရသမျိုး ပေးနိုင်မယ် ထင်လဲ။
KTK : ကွမ်းလုံရက် ၄ဝ တိုက်ပွဲဆိုတာ တပ်မတော်က အသက်စွန့်ပြီး တိုက်ခဲ့ရတဲ့ တိုက်ပွဲကြီး တစ်ခုပါ။ ဒီရုပ်ရှင်ကားကြီး ဖြစ်လာတာကလည်း မခိုင်တို့ ဖေဖေတို့ ရေးခဲ့တဲ့ စာအုပ်ကနေ စပြီးဖြစ်လာတာ ဆိုတော့လေ။ ဒီတိုက်ပွဲက မြန်မာနိုင်ငံအတွက် တကယ့်ကို သမိုင်းဝင် တိုက်ပွဲကြီး တစ်ခုပါ။ ဒါပေမဲ့ အရမ်းကြီးလည်း နာမည် မကြီးဘူး။ ဒီနောက်ပိုင်းခေတ်မှာ လူတွေကလည်း သိပ်ပြီး မသိကြဘူး။ ဒီတိုက်ပွဲမှာ ပါဝင်ပြီး အသက် စွန့်သွားတဲ့ ဒဏ်ရာ ရခဲ့တဲ့ စစ်သားတွေ အတွက်လည်း နိုင်ငံတော်က ဂုဏ်ထူးဆောင် ဆုတွေ ဘာတွေ ပေးတာလည်း နည်းတယ်ပေါ့နော်။ မခိုင်အဖေက အဲ့ဒါလေးကို စိတ်ထဲမှာ မကောင်းဖြစ်ပြီး ဒီတိုက်ပွဲအကြောင်းကို လူတွေ သိအောင် ပြောပြချင်တာပေါ့။ ဖေဖေက ပင်စင်ယူပြီး နောက်ပိုင်းမှာ ဒီဟာလေးကို ရေးဖို့ စိတ်ကူး ရခဲ့တယ်။ မခိုင်တို့ဆိုလည်း ဖေဖေ ပြောပြလို့ ကွမ်းလုံ တိုက်ပွဲ အကြောင်းကို အမြဲတမ်း ကြားနေရတယ်။ 

Voice : ဒါဆို ကွမ်းလုံရက် ၄ဝ ရုပ်ရှင်က မခိုင်တို့ အဖေနဲ့ သူငယ်ချင်းတွေ ရေးခဲ့တဲ့ စာအုပ်ကနေ အခြေခံပြီး ဖြစ်လာတာပေါ့။
KTK : မခိုင်အဖေက ကွမ်းလုံ တိုက်ပွဲတုန်းက သူတို့ကြုံရတဲ့ အဖြစ်အပျက်တွေကို သူကိုယ်တိုင်လည်း ရေးတယ်။ တိုက်ပွဲမှာ သူနဲ့အတူ ပါဝင်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း ရေးခိုင်းတယ်။ ခင်ဇာခြည်ကျော် သရုပ်ဆောင်ရတဲ့ အန်တီ ခင်စီစိုးဆိုလည်း အပြင်မှာ မခိုင်တို့နဲ့ အရမ်း ခင်ပါတယ်။ နောက်တန်းမှာ ကျန်ခဲ့တဲ့ စစ်သား မိန်းမတွေရဲ့ စိတ်က ဘယ်လို မျိုးခံစားရတယ် ဆိုတာကို အန်တီ့ကို ရေးခိုင်းတယ်။ အချက်အလက်တွေ အားလုံး စုံတော့မှာ စာရေးဆရာ တစ်ယောက်ကို ဒါတွေကို ပေးပြီး စာအုပ်လေး တစ်အုပ် ဖြစ်လာအောင် လုပ်ခဲ့တာပါ။ ဒီကားကြီး အခုလို ဖြစ်လာတာ အဖေတို့ အဖွဲ့တွေက စခဲ့တယ်လို့ ပြောလို့ရတော့ အဖေ့အတွက်လည်း မခိုင် အရမ်းကို ဂုဏ်ယူပါတယ်။ အဖေက သူဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို ဖြစ်အောင် လုပ်နိုင်တယ်။ ကိုယ့်ထက်တောင် ပိုပြီး ချီးကျူးဖို့ ကောင်းတယ်။ ကိုယ်တွေက ဖြစ်ချင်တယ်ဆိုတာ သိပ်မရှိဘူး။ ဘဝမှာ ကံကောင်းပြီးတော့သာ အဆင်ပြေပြေ ဖြစ်နေတာလေ။ အနုပညာနဲ့ ပတ်သက်ပြီး အရမ်းကြီးကို ဖြစ်ချင်စိတ်တွေ သိပ် မများခဲ့ဘူး။ ကိုယ့်ဟာကိုယ် ကံကောင်းပြီးတော့သာ အခုလို နေရာလေး တစ်ခု ရလာတာပါ။ 

Voice : ဒီဇာတ်ကားက တပ်မတော်ရဲ့ သမိုင်းဝင် တိုက်ပွဲ တစ်ခုကို ရိုက်ထားတဲ့ ဇာတ်ကားဆိုတော့ ထူးချွန်ဆုတွေလည်း မျှော်လင့်လို့ ရမယ် ထင်တယ်နော်။
KTK : ဒီကားအတွက် မခိုင်တို့က အကယ်ဒမီလည်း လိုချင်တာပေါ့နော်။ အကယ်ဒမီ လိုချင်တယ်ဆိုတာက မခိုင်အတွက် မဟုတ်ပါဘူး။ မခိုင်ကတော့ မရနိုင်ဘူးလေ။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ဇာတ်ကားဆုတို့၊ ဒါရိုက်တာဆုတို့ အရမ်း ရစေချင်တယ်။ နောက်ပြီး ဒီကားက တည်းဖြတ်တွေ၊ ဇာတ်ညွှန်းတွေလည်း ကောင်းတယ်။ မီးအလင်း အမှောင်တွေ၊ ဓာတ်ပုံတွေလည်း ကောင်းတယ်။ ညဘက် ရိုက်တဲ့ ဇာတ်ဝင်ခန်းတွေဆိုလည်း တော်တော် ကောင်းတယ်လေ။ တချို့ စစ်ကားတွေ ရိုက်တဲ့အခါ အခန့် မသင့်ရင် ပရိသတ် ရယ်ခံရတာတွေ ရှိတယ်။ မခိုင်တို့ရဲ့ မြန်မာ့ရုပ်ရှင် ဆိုတာကလည်း ရှိတာလေးနဲ့ အဆင်ပြေအောင် လုပ်နေရတာလေ။ ကိုယ်ကတော့ သေကောင်ပေါင်းလဲ လုပ်နေပေမယ့် ပရိသတ် အမြင်မှာ ဟာသလို ဖြစ်ချင်လည်း ဖြစ်နေတာလေ။ တိုက်ပွဲခန်းတွေ ဘာတွေမှာ မပီပြင်တော့လေ။ ဒီကားမှာတော့ တိုက်ပွဲခန်းတွေ ဆိုလည်း ပီပီပြင်ပြင် ရိုက်ထားတာကို တွေ့ရပါတယ်။ ဒီကားက အကယ်ဒမီ ဆုတွေရခဲ့ရင်လည်း မခိုင် အရမ်းကို ပျော်မိမှာပါ။ 

သန့်ဇင်ဦး


  • VIA