News

POST TYPE

RELAX

ဖြိုးငွေစိုးနဲ့ တွေ့ဆုံခြင်း
13-Sep-2016
သရုပ်ဆောင် ဖြိုးငွေစိုးနဲ့ တွေ့ဆုံပြီး စက်တင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ တင်ဆက်ခဲ့တဲ့ ခေတ်သစ်ဧကရီ အနုပညာကပွဲမှာ လူရွှင်တော်အဖြစ် ကပြတင်ဆက်ခဲ့တဲ့ လူငယ်အမျိုးသမီး သရုပ်ဆောင်တွေကို သူ့ရဲ့ Facebook Page က တစ်ဆင့် အကြံပြုစကား ဆိုဖြစ်တဲ့ အကြောင်းရင်း၊ အငြိမ့်သဘင်နဲ့ ပတ်သက်ပြီး စွဲလမ်းမြတ်နိုး တန်ဖိုးထားခဲ့ရတဲ့ အကြောင်းတွေကို  The Voice က မေးမြန်းဖော်ပြထားပါတယ်။ 

Voice : ခေတ်သစ်ဧကရီ အနုပညာကပွဲမှာ လူရွှင်တော်အဖြစ် ကပြခဲ့တဲ့ လူငယ်အမျိုးသမီး သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး ကိုဖြိုးရဲ့ Facebook Page မှာ အကြံပြု စကားလေးတွေ ရေးဖြစ်တာ တွေ့ပါတယ်။ ဘယ်လိုစိတ်ကူးနဲ့ ရေးဖြစ်ခဲ့တာလဲ။

PNS : ကျွန်တော်ရေးတဲ့စာက သူတို့တွေကို ရည်ရွယ်တာ မဟုတ်ပါဘူး။ သူတို့တွေလည်း မသိလို့ လုပ်ကြတာပဲလေ။ ကျွန်တော်က အငြိမ့်ကို ကြိုက်တယ်။ ကျွန်တော်တို့ဆီမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ မူပိုင်ပစ္စည်း စစ်စစ်ဆိုလို့ အငြိမ့်လောက်ပဲ ကျန်တော့တာလေ။ ဇာတ်သဘင် ဆိုရင်တောင် စတိတ်ရှိုးတွေ ဘာတွေ ပါနေသေးတာလေ။ အငြိမ့်ကိုတော့ သွားမလုပ်စေချင်ဘူး။ နောက်တစ်ခုက  မင်းသားတွေ လူရွှင်တော် လုပ်တာကိုကျတော့ ထောက်ခံတယ်၊ ကောင်းတယ်လို့ ကျွန်တော် မပြောပေမယ့် ယောက်ျားလေးတွေ ဖြစ်တဲ့အတွက်ကြောင့် အမြင်တင့်သေးတယ်။ မိန်းကလေးတွေ တောင်ရှည်ဝတ်ပြီး၊ ပတ်ပေါင်းပေါင်းတာကျတော့ မကောင်းဘူး။ တောင်ရှည်နဲ့ ပတ်ပေါင်းဆိုတာက အမျိုးသားတွေ ဝတ်ရမယ့် ဝတ်စုံဆိုပြီး ပြောထားတာကိုး။ မင်းသမီးတွေက အငြိမ့်မင်းသမီး အနေနဲ့ ကရင် လက်ခံတယ်။ တကယ်သင်ပြီးတော့ ကပေါ့နော်။ လူရွှင်တော် လုပ်တာကျတော့ ဒီပညာသည်တွေကို ဂရုမစိုက်သလို၊ စော်ကားသလို ဖြစ်သွားမှာလည်း စိုးလို့ပါ။ 

Voice : အဲ့ဒီပွဲညက ဖျော်ဖြေတင်ဆက်မှုတွေကိုရော ကိုဖြိုး ကြည့်ဖြစ်ခဲ့သေးလား။ ဘယ်လိုမြင်မိလဲ။

PNS : သူတို့ ကတာလေးတွေကိုလည်း ကျွန်တော် ကြည့်လိုက်ပါတယ်။ သူတို့ ခွန်းထောက်ဆိုတာတို့ ဘာတို့ကအစ အဆင်မပြေဘူး ဖြစ်နေတယ်။ ဒါကကျတော့ သမားစဉ်လည်း ရှိတယ်ဗျာ။ ဘုရင်လက်ထက် ကတည်းက ရှိခဲ့တဲ့ အစဉ်အလာတစ်ခုကို ကျွန်တော်တို့က သွားနောက်သလို ဖြစ်မှာလည်း စိုးတယ်။ နောင်ကို ဒီလိုမျိုး မလုပ်စေချင်တာကြောင့် သူတို့ကို ပြောပြပေးတာပါ။ ဒီလိုပြောလို့ ကျွန်တော် နာမည်ကြီးချင်တာလည်း မဟုတ်ဘူး။ ဒီကလေးတွေနဲ့ ကျွန်တော်နဲ့ကြားမှာ ရန်ငြိုးရန်စ မရှိဘူး။ သူတို့ကို ဒီတိုင်းဖုန်းဆက်ပြီး ပြောရင်လည်း ရတယ်။ ကျွန်တော် ရည်ရွယ်တာက သူတို့ကို နောက်မလုပ်စေချင်တာ တစ်ခုရယ်၊ စီစဉ်တဲ့သူတွေကိုလည်း တောင်းပန်ချင်တာပါ။ ဥပမာ - သူတို့လုပ်ချင်တယ် ဆိုလည်း ဟာသပြဇာတ် ကတာတို့ လုပ်လိုက်ပေါ့နော်။ အငြိမ့်ပုံစံကတော့ ကြည့်တဲ့လူတွေကိုလည်း နောက်သလို ဖြစ်နေတယ်။ ဥပမာ - ကျွန်တော်နယ်မှာ သီချင်းလိုက်ဆိုရင် ပိုက်ဆံအများကြီး ရတာပေါ့ဗျာ။ ဒါပေမဲ့ သီချင်းမဆိုတတ်တဲ့အတွက် လိုက်မဆိုဘူး။ စင်ပေါ်မှာ စီဒီဖွင့်ပြီးတော့၊ ပါးစပ်လိုက်လှုပ်ပြရင် ပရိသတ်ကို လိမ်သလို ဖြစ်နေမယ်။ အဲ့ဒီသဘောထားပါပဲ။ ကျွန်တော် သူတို့ကို ပြောချင်တာပါ။ 

Voice : ကိုယ်တိုင်ကရော မြန်မာ့အငြိမ့်သဘင်ကို ဘယ်လောက်အထိ တန်ဖိုးထား လေးစားမြတ်နိုးခဲ့ဖူးလဲ။

PNS : ကျွန်တော်က အငြိမ့်ကို ကြိုက်တယ်။ မြတ်နိုးတယ်။ တန်ဖိုးထားတယ်။ အဲ့ဒါကြောင့်မို့ အငြိမ့်နဲ့ ပတ်သက်လာရင် လုပ်ကို မလုပ်ဘူး။ ဒါရိုက်တာတစ်ယောက် ပြောတဲ့စကားကို ကျွန်တော် ဖတ်ဖူးတယ်။ သူငယ်ငယ်တုန်းက ရုပ်ရှင်အရမ်းကြည့်တယ်တဲ့။ ရုပ်ရှင်နဲ့ ပတ်သက်တာတွေ မှန်သမျှ လေ့လာတယ်။ ဒါပေမဲ့ ဒါရိုက်တာလုပ်ဖို့ လုံးဝမစဉ်းစားဘူးတဲ့။ ရုပ်ရှင်ရိုက်တဲ့ ပညာကို မြတ်နိုးလွန်းအားကြီးလို့လို့ သူပြောတယ်။ ကျွန်တော်လည်း အဲ့ဒီသဘောပါပဲ။ ကျွန်တော် လူရွှင်တော်လုပ်ဖို့ မစဉ်းစားရဲပါဘူး။ ဘဝမှာ မှတ်မှတ်ရရ လူရွှင်တော် တစ်ခါလုပ်ဖူးတယ်။ အဲ့ဒါ ဘာလို့လုပ်လဲဆိုတော့ လူရွှင်တော် အဝတ်အစားနဲ့ စင်ပေါ်တစ်ခါ တက်ဖူးချင်လို့ပါ။ ဒါပေမဲ့ ကျွန်တော်က ဟန်လည်းမကောင်းပါဘူး။ လူရွှင်တော် တစ်ယောက်လိုလည်း မလုပ်တတ်ပါဘူး။ လူရွှင်တော် အဝတ်အစားကို ဘဝမှာ တစ်ခါတော့ ဝတ်ဖူးချင်တဲ့အတွက် လုပ်ကြည့်တာပါ။ အဲ့ဒီနောက်ပိုင်းမှာ လူရွှင်တော် တစ်ခါမှ မလုပ်ဘူး။ လူရွှင်တော်ပညာက သင်လို့ရတဲ့ ကိစ္စလည်း မဟုတ်ဘူး။ ကျောင်းလည်းတက်လို့ မရဘူး။ လူရွှင်တော်ကြီးတွေရဲ့ ခြေကြားလက်ကြားမှာ အောက်ခြေသိမ်း လုပ်ပေး၊ အနီးကပ်နေပြီး သင်ယူမှ တတ်တဲ့ပညာပါ။ အရင်တုန်းကဆိုရင် မန္တလေးကို တစ်နှစ်တစ်ခါသွားပြီး လူရွှင်တော်ကြီးတွေကို သွားကန်တော့တယ်။ ဒီနေ့အထိ ကျွန်တော် မန္တလေး ရောက်သွားရင် လူရွှင်တော် ဦးချစ်စရာတို့၊ ဦးထင်ပေါ်တို့ကအစ ကျွန်တော့်ကို ချစ်ကြတယ်။ အဲ့ဒါက ကျွန်တော် မင်းသားဖြစ်နေလို့ မဟုတ်ဘူး။ သူတို့ပညာကို ကျွန်တော်လေးစားတယ် ဆိုတာကို ယုံကြည်ကြလို့ပါ။ 

Voice : လူရွှင်တော်ကြီးတွေရဲ့ အကြောင်းနဲ့ သူတို့ရဲ့ ပညာတွေကို စနစ်တကျ လေ့လာပြီးတော့မှ အငြိမ့်ကရင်တော့ ပိုကောင်းမှာပေါ့နော်။

PNS : ကျွန်တော့် ညီမအရွယ် မင်းသမီးတွေကို ဖြစ်စေချင်တာက လူရွှင်တော်ကြီးတွေကို အရင်လေးစားလိုက်ဦး၊ လေ့လာလိုက်ဦး၊ ဒီသမိုင်းကြောင်းလေးကို အရင်သိအောင် လုပ်လိုက်ပါဦး။ ပြီးတော့မှ ဒါနဲ့ပတ်သက်တာတွေကို ခံစားပြီးလုပ်ပေါ့။ ကျွန်တော်ပြောချင်တာက ဘယ်အချိန် ထလုပ်ထလုပ် ရတယ်ဆိုတဲ့ အထဲမှာ လူရွှင်တော်အလုပ် မပါဘူးလေ။ ဟာသဆိုတဲ့ ကိစ္စက နားထောင်ရတာ လွယ်တယ်။ ရယ်ရတာလည်း လွယ်တယ်။ ဒါပေမဲ့ အဲ့ဒါကို ဖန်တီးရတာခက်တယ်။ သူတို့ဒီလိုမျိုး လွယ်လွယ်ကူကူ ပေါပေါပဲပဲ လုပ်လိုက်ရင် နောက်ပိုင်းမှာ ဟာသဆိုတာက ပေါတောတော ဖြစ်သွားလိမ့်မယ်။ ဟာသထဲမှာမှ လူရွှင်တော်ပညာ ဆိုတာက ပိုဆိုးတယ်။ သူ့မှာ သမားစဉ်နဲ့ သတ်မှတ်ချက်တွေ အများကြီး ရှိတယ်။ သူတို့ကို အဲ့ဒါလေးတွေ အရင်လေ့လာစေချင်တယ်။ သူတို့လည်း ဒါတွေကို တကယ်သာ လေ့လာဖြစ်ခဲ့ရင် သူတို့ဒါမျိုး မလုပ်ပါဘူး။ ကျွန်တော် သိပါတယ်။ 

Voice : ခေတ်သစ်ဧကရီပွဲလိုပဲ ရှေ့မှာလည်း အမျိုးသမီးရေးရာ ပွဲတုန်းက မင်းသမီးတွေ လူရွှင်တော်လုပ်တယ်။ အဲ့ဒီမှာ မိန်းကလေးတွေအနေနဲ့ ကြည့်ရင် သူတို့ပြောရတဲ့ ပြက်လုံးတွေက နည်းနည်းကြမ်းတာတွေ ပါနေတယ်နော်။ 

PNS : ရှေ့မှာ မင်းသမီးတွေကတဲ့ ပွဲတုန်းကလည်း ကျွန်တော်ကြည့်လိုက်ပါတယ်။ အဲ့ဒီတုန်းက မပြောဖြစ်ပေမယ့် စိတ်ထဲမှာတော့ မကောင်းဘူး။ မပြောဘူး ဆိုတာက အဲ့ဒီတုန်းက လုပ်တဲ့လူတွေက ကျွန်တော့်ထက် စီနီယာကျတဲ့ သူတွေချည်းပဲ။ ကျွန်တော့်ထက် ပိုသိတဲ့လူတွေလေ။ အခုကလေးတွေကျတော့ မသိတာ တကယ်ဖြစ်နိုင်တယ်လေ။ အဲ့ဒါကြောင့်မို့ ကျွန်တော်ပြောတာပါ။ ရှေ့ကလုပ်သွားတဲ့ မင်းသမီးတွေကိုကျတော့ ကျွန်တော် ပြောရလောက်တဲ့ လူတွေမဟုတ်ဘူး ကျွန်တော့်အဆင့်က သူတို့ကို သွားပြောရမယ့် အနေအထား မရှိပါဘူး။ ဒီကလေးတွေကျတော့ ကိုယ့်ထက် အငယ်တွေလည်း ဖြစ်တယ်။ ကိုယ့်ညီမတွေလိုလည်း ဖြစ်နေတယ်။ ဒီလိုပြောလိုက်လို့ ကျွန်တော့်ကို မုန်းမယ်ဆိုတာလည်း သိတယ်။ မုန်းလည်း လေးငါးယောက်ပေါ့လေ။ ဒီလိုပုံစံမျိုးကို နောက်ပိုင်းမှာ ခဏခဏ လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ ရိုးရာအနုပညာတစ်ခု ပျောက်သွားမှာ စိုးလို့ပါ။ အဲ့ဒါကြောင့် အမုန်းခံပြီး ပြောခဲ့တာပါ။ ပြက်လုံးလေးတွေကလည်း သူတို့ကို သင်ပေးတာကို ရုပ်ရှင်ရိုက်သလိုပဲ အလွတ်ကျက်ပြီး ပြောသွားတဲ့ သဘောပဲ ရှိတာပါ။ သူတို့ တကယ်ပြက်လုံး ပြက်သွားတယ်လို့ ကျွန်တော်မမြင်ဘူး။ ပြက်လုံးဆိုတာက အအုပ်နဲ့ အခံနဲ့ အများကြီး ရှိတယ်လေ။ အဲ့ဒီလို သဘောတရားနဲ့ ပြက်လုံးပြက်သွားတာလည်း မဟုတ်ဘူး။ ကျက်ထားတဲ့ စကားကို စင်ပေါ်မှာ တက်ပြီးတော့ လူရွှင်တော် အဝတ်အစားဝတ်ပြီး ပြောသွားတာပဲ ရှိတယ်။ အဲ့ဒါကြောင့် ရိုင်းတယ်လို့လည်း မမြင်ဘူး။ အဲ့ဒီလောက် အထိလည်း လိုက်မစဉ်းစားတော့ဘူး။ ကျွန်တော့်ထက် နားလည်တဲ့သူတွေ အများကြီး ရှိပါတယ်။ သူတို့တွေကျတော့ မပြောချင်လို့ ကြည့်နေတာပဲ ရှိတယ်။ ကျွန်တော်တောင် ရေးပြီးတော့မှ စဉ်းစားမိသေးတယ်။ ကိုယ့်ထက် နားလည်တဲ့သူတွေ ရှိရဲ့သားနဲ့ ခွင်ကျော်ပြီး ပြောမိသလိုများ ဖြစ်နေလားလို့ တွေးမိသေးတယ်။ ဒါပေမဲ့ မပြောမဖြစ်လို့ ပြောရတာပါ။

ဓာတ်ပုံ - ဖြိုးငွေစိုး  Facebook Page

သန့်ဇင်ဦး